Posted in ဥပဒေရေးရာ သုတေသန on Sep 26, 2019
လက်ရှိအခြေအနေ (၁၇.၉.၂၀၁၉)-၂၆.၈.၂၀၁၉ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ဥပဒေကြမ်းကို တင်ထားတာတွေ့ရပြီး တင်သွင်းတဲ့အဖွဲ့အစည်းကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ စတင်တင်သွင်းဆွေးနွေးသွားမယ်လို့ ယူဆရပါတယ်။
ဥပဒေကြမ်းရည်ရွယ်ချက်
သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ၊ စာပို့တိုက်ကဏ္ဍစတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ စနစ်တကျကြီးကြပ်မယ့် လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာဖို့၊ ဈေးကွက် စီးပွားရေးကဏ္ဍကို ထောက်ကူနိုင်ဖို့နဲ့ ဆက်သွယ်ရေးဥပဒေပါ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့ စတာတွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ကော်မရှင်ဖွဲ့စည်းခြင်း
ဥပဒေအာဏာတည်ပြီး ရက်ပေါင်း (၁၈၀)အတွင်းမှာ နိုင်ငံတော်သမ္မတက ကော်မရှင်ကို ဖွဲ့စည်းပေးရပါမယ်။ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာပညာရှင်၊ ဥပဒေပညာရှင်နဲ့ စီးပွားရေးပညာရှင် အနည်းဆုံး သုံးယောက် အများဆုံးငါးယောက်နဲ့ ကော်မရှင်ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဥပဒေအာဏာတည်ပြီး ရက်ပေါင်း (၃၀)အတွင်းမှာ သမ္မတက ကော်မရှင်အဖွဲ့ဝင်လောင်းရွေးချယ်ရေး ကော်မတီကို ပြည်ထောင်စုလွှတ်တော်နာယကက တာဝန်ပေးအပ်တဲ့ ကိုယ်စားလှယ်တစ်ဦး၊ အစိုးရအဖွဲ့က တာဝန်ပေးအပ်တဲ့ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ဆက်သွယ်ရေးကျွမ်းကျင်သူတစ်ဦးနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးက တာဝန်ပေးအပ်တဲ့ ဌာနရဲ့ ကိုယ်စားလှယ်တစ်ဦးတို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။
ရွေးချယ်ရေးကော်မတီဟာ ဖွဲ့စည်းပြီး ရက်ပေါင်း (၃၀)အတွင်း ကော်မရှင်အဖွဲ့ဝင်လောင်းစာရင်းကို သမ္မတထံ တင်ပြရမှာ ဖြစ်ပါတယ်။ ကော်မရှင်အဖွဲ့ဝင်လောင်းတွေနဲ့ ပတ်သက်ရင် စည်းကမ်းတွေ သတ်မှတ်ထားပြီး ရွေးချယ်ရေးကော်မတီဟာ အဖွဲ့ဝင်လောင်းအဆိုပြုလွှာတွေကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ သတင်းမီဒီယာတွေကတဆင့် ခေါ်ယူရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အဖွဲ့ဝင်လောင်း ခုနှစ်ဦးကနေ ဆယ်ဦးထိ အမည်စာရင်းကို သမ္မတထံ ပေးပို့ရမှာ ဖြစ်ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေရဲ့ သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး သက်တမ်းနှစ်ကြိမ်ထက်ပိုပြီး တာဝန်ထမ်းဆောင်လို့ မရပါဘူး။ ဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့ အဖွဲ့ဝင်တွေက ဒုတိယဝန်ကြီး အဆင့်တွေဖြစ်ပြီး အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းထဲမှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်၊လုပ်ဆောင်ရမယ့်အချက်တွေနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခဖြစ်နိုင်တာတွေကို တားဆီးထား တဲ့အချက်တွေကိုလည်း ဖော်ပြထားပါတယ်။
ရန်ပုံငွေထူထောင်ခြင်းနဲ့ စီမံခန့်ခွဲခြင်း
ကော်မရှင်ဟာ သတ်မှတ်ထားတဲ့ရငွေတွေနဲ့ ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ပြီး စုစုပေါင်းရငွေ၊ သုံးငွေတွေကို ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနဲ့အညီ အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ ဖော်ပြရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာငွေအရအသုံးစာရင်းတွေကိုလည်း ပြင်ပစာရင်းစစ်အဖွဲ့တွေနဲ့ စာရင်းစစ် ဆေးခြင်း ခံယူရမှာ ဖြစ်သလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးခြင်း ကိုလည်း ခံယူရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး (၆)လအတွင်း နှစ်ပတ်လည်အစီရင်ခံစာကို ပြည်ထောင်စုအစိုးရဆီ တင်ပြရမှာ ဖြစ်ပါတယ်။
ဥပဒေအရ ကော်မရှင်ကို ဖွဲ့စည်းပြီးတာနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၁၂၅/၂၀၁၅ အရ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆက်သွယ်ရေးကော်မရှင်ကို ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ အခုဥပဒေအာဏာမတည်သေးခင်မှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ချုပ်ဆိုတဲ့ ပဋိဉာဉ်၊ စာချုပ်စာတမ်း၊ စာရွက်စာတမ်း၊ လိုင်စင်၊ ခွင့်ပြုချက်နဲ့ အသိအမှတ်ပြုလက်မှတ် စတာတွေကို ဥပဒေအာဏာတည်တာနဲ့ ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်တာတွေလို့ ယူဆလို့ရပါတယ်။
အခြားဆက်စပ်ဥပဒေများ
မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေ
ဆက်သွယ်ရေးဥပဒေနဲ့ နည်းဥပဒေများ
လင့်ခ်
Moe Aung, The Ananda, moeaung@theananda.org