Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Aug 05, 2019

လျာထားချက်တင်သွင်းခြင်းနဲ့ စိစစ်အကြံပြုခြင်း

သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် နိုင်ငံတော်ရဲ့ မူဝါဒ၊ ဗျူဟာလုပ်ငန်းစဉ်တွေနဲ့အညီ ဘဏ္ဍာရေးကော်မရှင်က ချမှတ်ထားတဲ့ မူဘောင်အတွင်းက တိုင်းဒေသကြီး/ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဌာနမှ ရေးဆွဲပြုစု ပေးတဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်ကို အစိုးရအဖွဲ့က တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မှာ နှစ်စဉ် မတ်လ (၇)ရက် နောက်ဆုံးထား တင်သွင်းရပါမယ်။ ဥက္ကဋ္ဌဟာ ကော်မတီနဲ့အဖွဲ့တွေက ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်တွေ စိစစ်ပြီးရင် ငွေကြေးနဲ့ဥပဒေဆိုင်ရာသုံးသပ်ချက်တွေ လွှတ်တော်ကို တင်ပြခိုင်းရပါမယ်။ လွှတ်တော်အစည်းအဝေးမှာ ကော်မတီနဲ့အဖွဲ့တွေရဲ့တင်ပြချက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေကို ဥပဒေ၊ နည်းဥပဒေတွေနဲ့ အဆုံးအဖြတ်ရယူထားတဲ့ လျာထားချက်ကို လွှတ်တော်က အစိုးရအဖွဲ့ထံ ပြန်ပို့ပေးရပါမယ်။

အစိုးရအဖွဲ့က လွှတ်တော်ကို ဘဏ္ဍာငွေအရအသုံးလျာထားချက် တင်သွင်းရင် အရအသုံးဆိုင်ရာ လျာထားချက်နဲ့ ငွေစာရင်းဆိုင်ရာအကျဉ်းချုပ်ဇယား၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ် ထောက်ခံချက်တို့အပါအဝင် အစိုးရအဖွဲ့ရဲ့ တာဝန်ပေးအပ်ခြင်းခံရသူက ရှင်းလင်းတင်ပြရာမှာလည်း နှစ်လတ်ဘဏ္ဍာရေး ရှင်းလင်းချက်၊ မက်ခရိုစီးပွားရေး အခြေအနဖော်ပြချက်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့ ရှင်းလင်းချက်၊ ယခင်နှစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဝန်ကြီးဌာနအလိုက် ယခင်နှစ် လျာထားချက်တွေအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲ့ ကြွေးမြီအခြေအနေ၊ နိုင်ငံသားတွေ အလွယ်တကူ နားလည်နိုင်မယ့် ဘက်ဂျက်ဆိုင်ရာ အနှစ်ချုပ်ဖော်ပြချက်၊ တိုင်းဒေသကြီး/ပြည်နယ်အတွင်း အစိုးရခွင့်ပြုထားတဲ့ စီမံကိန်းတွေ၊ ရင်းနှီးမြှပ်နှံမှုတွေနဲ့ အခွန်ရငွေစာရင်းတွေကိုပါ ထည့်သွင်း ရှင်းလင်းရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်လတ်ဘဏ္ဍာရေးလျာထားချက် တင်ပြရာမှာလည်း ပါဝင်ရမယ့်အချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပြီးတော့ လျာထားချက် ရေးဆွဲရာမှာလည်း ရှေ့လာမယ့် ဘဏ္ဍာရေးနှစ် (၂)နှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတွေအတွက် လျာထားမယ့် ထောက်ပံ့ငွေနဲ့ ချေးငွေတွေကို ၎င်းတို့ ကြိုတင်သိရှိစေရန် ထည့်သွင်းဖော်ပြရပါမယ်။ မက်ခရိုစီးပွားရေး အခြေအနေဖော်ပြရာမှာလည်း ပါဝင်ရမယ့်အချက်တွေကို ဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားပါတယ်။

ဥပဒေကြမ်းတင်သွင်းခြင်းနဲ့ စိစစ်အတည်ပြုခြင်း

ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ပြီး (၇)ရက်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်အရအသုံးဆိုင်ရာဥပဒေကြမ်းကို အစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းရပါမယ်။ဥပဒေကြမ်းကို ကော်မတီနဲ့အဖွဲ့တွေက စိစစ်ပြီးပါက ဥက္ကဋ္ဌကနေပြီး ငွေကြေးနဲ့ ဥပဒေဆိုင်ရာ သုံးသပ်ချက်တွေ လွှတ်တော်ကို တင်ပြခိုင်းရပါမယ်။ ကော်မတီနဲ့အဖွဲ့တွေရဲ့ တင်ပြချက်တွေ၊ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ စပ်လျဉ်းပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးပြီး သဘောတူအတည်ပြုခြင်း၊ငြင်းပယ်ခြင်းနဲ့ လျှော့ခွင့်ပြုခြင်းတွေကို အများဆန္ဒနဲ့ ဆောင်ရွက်ရပါမယ်။

ဥပဒေကြမ်းမှာပူးတွဲပါရမယ့်အချက်တွေ

ပြည်ပချေးငွေနဲ့ ထောက်ပံ့ငွေတွေကို ဝန်ကြီးဌာနအလိုက် ဖော်ပြရပါမယ်။တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝန်ကြီးဌာနနဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေဟာ ပြည်တွင်းပြည်ပကနေ ငွေချေးယူမယ်ဆိုရင် ၂၀၁၆ ခုနှစ်၊ဇန်န္နဝါရီလက ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေပါအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ဥပဒေကြမ်းမှာလည်း ထည့်သွင်းဖော်ပြရပါမယ်။ ဒါ့အပြင် အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ ၎င်းစာရင်းအတွက် ပြည့်စုံတဲ့ ရှင်းလင်းချက်တွေလည်း ပါရှိရပါမယ်။

နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်နဲ့ ဥပဒေကြမ်းတင်သွင်းခြင်း

တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး လျာထားချက် တင်သွင်းမယ်ဆိုရင် အစိုးရအဖွဲ့က ဖေဖော်ဝါရီလ (၁)ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်ရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအား သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ပြီး ရုံးပိတ်ရက်မပါ (၃)ရက်အတွင်း အစိုးရအဖွဲ့က လွှတ်တော်ကို တင်သွင်းရပါမယ်။

လျာထားချက်နဲ့ဥပဒေကြမ်းကို စိစစ်ခြင်းနဲ့ အတည်ပြုခြင်း

နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးအတွက် စိစစ်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ အဖွဲ့တွေက လျာထားချက်နဲ့ ဥပဒေကြမ်းကို စိစစ်ပြီးရင် ဥက္ကဋ္ဌကနေပြီး ငွေကြေးနဲ့ ဥပဒေဆိုင်ရာသုံးသပ်ချက်တွေ တင်ပြခိုင်းရပါမယ်။ကော်မတီနဲ့ အဖွဲ့တွေရဲ့ တင်ပြချက်တွေ၊ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဆွေးနွေးပြီး သဘောတူခြင်း၊ငြင်းပယ်ခြင်းနဲ့ လျှော့ခွင့်ပြုခြင်းတွေကို အများဆန္ဒအတိုင်း ဆောင်ရွက်ရပါမယ်။

အစီရင်ခံစာတင်သွင်းခြင်း

ဘဏ္ဍာရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ နှစ်ဝက်အစီရင်ခံစာကို မေလနောက်ဆုံးပတ်ထက် နောက်မကျစေဘဲ အစိုးရအဖွဲ့ကိုယ်စား တာဝန်ပေးအပ်ခံရတဲ့ ဝန်ကြီးက လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။နှစ်ပတ်လည်အစီရင်ခံစာကိုတော့ အစိုးရအဖွဲ့ကိုယ်စား တာဝန်ပေးအပ်ခံရတဲ့ ဝန်ကြီးက လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။

ဥပဒေအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နည်းဥပဒေ၊ စည်းမျဉ်းနဲ့စည်းကမ်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်နိုင်ပြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်နိုင်ပါတယ်။