Posted in ဥပဒေရေးရာ သုတေသန on Sep 17, 2019

ဥပဒေမူကြမ်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ရေးဆွဲပြီး ဝ၉.ဝ၉.၂၀၁၉ ရက်စွဲနဲ့ ပြည်ထောင်စု လွှတ်တော်ဝက်ဘ်ဆိုက်မှာ ဖော်ပြလာပါတယ်။

လက်ရှိအခြေအနေ (၁၇.ဝ၉.၂၀၁၉) - လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


ဥပဒေကြမ်း

ဥပဒေကြမ်းထဲမှာ ကြီးကြပ်မှုအဖွဲ့ဖွဲ့စည်းတာတွေ နဲ့ စာပေအနုပညာပစ္စည်း ရယူစုဆောင်းတာတွေ ပါရှိပါတယ်။

အကျဉ်းချုပ်

  • ဥပဒေကြမ်းရဲ့ရည်ရွယ်ချက်က အမျိုးသားစာကြည့်တိုက်ရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ပီပြင်စေဖို့၊ အမျိုးသားစာကြည့်တိုက်ရဲ့မျှော်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး စာကြည့်တိုက်ဖွံ့ဖြိုးရေး ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
  • သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနဟာ သုတေသီတွေနဲ့ ပြည်သူတွေ ရည်ညွှန်းအသုံးပြုနိုင်ဖို့၊ စာပေအနုပညာပစ္စည်းတွေ စုဆောင်းဖို့၊ စာကြည့်တိုက်ပညာရပ်နဲ့အညီ စနစ်တကျ ဆောင်ရွက်ဖို့နဲ့ အမျိုးသားစာကြည့်တိုက်ခွဲတွေ တည်ထောင်ဖို့အတွက် အမျိုးသားစာကြည့်တိုက်ကို ဖွဲ့စည်းရပါမယ်။
  • ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ဝန်ကြီးဌာနဟာ သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ အမျိုးသားစာကြည့်တိုက်ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်း ရပါမယ်။ အဖွဲ့ကို ရှစ်ဦး ထက်မပိုတဲ့ စာကြည့်တိုက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး(စာကြည့်တိုက်မှူး)တို့နဲ့ ဖွဲ့စည်းနိုင်ပါတယ်။
  • ကြီးကြပ်ရေးအဖွဲ့ဟာ ပြည်တွင်းပြည်ပက စာပေအနုပညာပစ္စည်းတွေကို ရယူစုဆောင်းတာ၊ ဝန်ဆောင်မှု ပေးတာ၊ စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ လက်စွဲလမ်းညွှန်တွေ ပြုစုထုတ်ဝေတာ ၊ စာကြည့်တိုက်သုံးကက်တလောက် (CIP) ပြုစုပေးတာနဲ့ နိုင်ငံတကာအသိအမှတ်ပြု စာအုပ်အမှတ် ဒါမှမဟုတ် စာနယ်ဇင်းအမှတ် (ISBN/ISSN) ဆောင်ရွက်တာတွေ လုပ်ဆောင်ရပါမယ်။ နောက်ပြီး ပြည်တွင်းပြည်ပက စာကြည့်တိုက်၊ အသင်းအဖွဲ့နဲ့ စာပေအနုပညာပစ္စည်းလဲလှယ်ရေးအစီအစဉ်တွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။
  • အဖွဲ့အစည်းအသီးသီးရဲ့ ပုံနှိပ် ဒါမှမဟုတ် ပုံနှိပ်မဟုတ်တဲ့ စာပေအနုပညာပစ္စည်းတွေ ထုတ်ဝေပြီး တစ်လအတွင်း အရေအတွက် (၅) ခုကို အမျိုးသားစာကြည့်တိုက်ဆီ အခမဲ့ပေးပို့ရပါမယ်။ ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေဟာ စာအုပ်ထုတ်ဝေရာမှာ အမျိုးသားစာကြည့်တိုက်က ပြုစုပေးတဲ့ CIP ကို ဖြစ်စေ၊ စာအုပ်နဲ့ စာနယ်ဇင်းတွေအတွက် ISBN နဲ့ ISSN ဖြစ်စေ ဖော်ပြပေးရပါမယ်။
  • ကြီးကြပ်မှုအဖွဲ့ဟာ ရရှိလာတဲ့ စာပေအနုပညာပစ္စည်းတွေကို ဒစ်ဂျစ်တယ်ပုံစံပြောင်းပြီး မူပိုင်ခွင့်ကို မထိခိုက်စေဘဲ အမျိုးသားစာကြည့်တိုက်ခွဲတွေဆီ ဖြန့်ဝေပေးနိုင်ပါတယ်။
  • အမျိုးသားစာကြည့်တိုက် ဒါမှမဟုတ် စာကြည့်တိုက်ခွဲပိုင် စာပေအနုပညာပစ္စည်းတွေကို ခွင့်ပြုချက်မဲ့ ပြင်ပ ယူဆောင်တာ၊ မိတ္တူကူး/အသွင်ပြောင်း/ဖြန့်ချိတာနဲ့ အမျိုးသားစာကြည့်တိုက်ဆီ ပေးပို့ရမယ့် စာပေအနုပညာဆိုင်ရာပစ္စည်းတွေကို ပေးပို့ဖို့အတွက် ပျက်ကွက်တာစတာတွေကို ချိုးဖောက်ရင် ကျပ်ဆယ်သိန်းထက်မပိုတဲ့ ဒဏ်ကြေး ပေးဆောင်ရပါမယ်။

အခြားဆက်စပ်ဥပဒေများ

၁၉၆၄ ခုနှစ်၊ စာကြည့်တိုက်၊ ပြတိုက်နှင့်ပြပွဲများကြီးကြပ်အုပ်ချုပ်ရေးဥပဒေ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ၂၀၁၄

အမျိုးသားမှတ်တမ်းနှင့်မော်ကွန်းဥပဒေကြမ်း ၂၀၁၉

လင့်ခ်များ

ဥပဒေကြမ်း - https://pyidaungsu.hluttaw.mm/uploads/pdf/R0VURz_National%20Library%20Law%202019.pdf

ဆက်သွယ်ရန်

Moe Aung, The Ananda, moeaung@theananda.org