Posted in ဥပဒေရေးရာ သုတေသန on Sep 27, 2019
နောက်ခံအကြောင်းအရာ
မြန်မာနိုင်ငံက စာကြည့်တိုက်အမျိုးအစားတွေကို အကြမ်းဖျင်းခွဲကြည့်ရင် အမျိုးသားစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်နဲ့ နယ်လှည့်စာကြည့်တိုက်ဆိုပြီး (၄) မျိုး ရှိပါတယ်။ စာကြည့်တိုက်တွေကို စီမံခန့်ခွဲရာမှာတော့ စာကြည့်တိုက်အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သီးခြားစီ လည်ပတ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားစာကြည့်တိုက်နဲ့ပတ်သက်ပြီး အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နဲ့ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)ဆိုပြီး နှစ်ခု ရှိပါတယ်။ ပြည်သူ့စာကြည့်တိုက်အရေအတွက်က အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ လေ့လာမှုအစီရင်ခံအရ တရားဝင်မှတ်ပုံတင်ထားတာ (၅၅,၇၅၅)ရှိပြီး လည်ပတ်အသက်ဝင်နေတာက ၁၀ % ခန့်ပဲ ရှိတယ်လို့ သိရပါတယ်။ တက္ကသိုလ်စာကြည့်တိုက် (၄၇) ခုရှိတယ်လို့ ဖော်ပြထားပြီး အထူးစာကြည့်တိုက် (၁၀ဝ) ခန့် ရှိတယ်လို့ ဆိုပါတယ်။
စာကြည့်တိုက်နဲ့ ဥပဒေမူဘောင်
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ စာကြည့်တိုက်တွေကို စီမံဖို့ ၁၉၆၄ ခုနှစ်၊ စာကြည့်တိုက်၊ ပြတိုက်နဲ့ ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေးဥပဒေ တစ်ခုတည်းသာ ရှိသေးပါတယ်။ ဒီဥပဒေဟာ စာကြည့်တိုက်အားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုထားတာကြောင့် စာကြည့်တိုက်အမျိုးအစားအားလုံးအတွက် အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။
ပြည်ထောင်စုလွှတ်တော်အင်တာနက်စာမျက်နှာမှာ အမျိုးသားစာကြည့်တိုက်နဲ့ ပတ်သက်ပြီး ဥပဒေမူကြမ်းတင်ထားတဲ့အတွက် ဥပဒေအဖြစ် အတည်ပြုနိုင်ရင် အမျိုးသားစာကြည့်တိုက်အတွက် ပထမဆုံး သီးခြား ဥပဒေမူဘောင် ဖြစ်လာမှာ ဖြစ်ပါတယ်။
ပြည်သူ့စာကြည့်တိုက်နဲ့ပတ်သက်ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ စာကြည့်တိုက်ဥပဒေဆိုပြီး ဥပဒေပြဋ္ဌာန်းလာတာကို တွေ့ရပါတယ်။ တစ်နိုင်ငံလုံး စံတူညီအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၆၄ ခုနှစ် ဥပဒေကို အစားထိုးဖို့အတွက် ပြည်ထောင်စုအဆင့်မှာလည်း ဥပဒေမူဘောင် ရှိလာအောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခြားစာကြည့်တိုက်အမျိုးအစားတွေဖြစ်တဲ့ တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက် နဲ့ နယ်လှည့်စာကြည့်တိုက်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုချမှတ်ပြီး လည်ပတ်နေလည်းတော့ သေချာမသိရပါဘူး။ အထူးသဖြင့် တက္ကသိုလ်စာကြည့်တွေအတွက် အမျိုးသားပညာရေးဥပဒေလို ပညာရေးဆိုင်ရာဥပဒေတွေမှာတောင် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ ပါမလာတာက စဉ်းစားစရာ ဖြစ်နေပါတယ်။
ဥပဒေကြမ်းရဲ့ အားသာချက်
ဥပဒေမူကြမ်းအရဆိုရင် ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေ ထုတ်ဝေမယ့် စာပေအနုပညာပစ္စည်းတွေမှာ စာကြည့်တိုက်သုံး ကက်တလောက် (Cataloguing in Publication-CIP) ကို ဖော်ပြပေးရမှာဖြစ်ပြီး ကက်တလောက်ကိုတော့ အမျိုးသားစာကြည့်တိုက် ကြီးကြပ်မှုအဖွဲ့က ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒါဟာ မရှိခဲ့ဖူးသေးတဲ့ ကက်တလောက်စနစ်ကို ဖော်ဆောင်မှာ ဖြစ်တဲ့အတွက် စနစ်ရဲ့အကျိုးတွေကို ရရှိလာနိုင်စေမှာပါ။ ဒီစနစ်သာ အကောင်အထည်ပေါ်လာရင် စာကြည့်တိုက်တွေအတွက် စာဖတ်သူတွေစိတ်ဝင်စားတဲ့ စာအုပ်စာပေတွေကို လွယ်လင့်တကူ စုံစုံလင်လင် စုဆောင်းလာနိုင်စေမှာ ဖြစ်သလို ထုတ်ဝေသူတွေနဲ့ စာအုပ်ဝယ်ယူသူတွေကြား ပေါင်းကူးတံတားသဖွယ်လည်း ဖြစ်လာစေမှာပါ။
ဒါ့အပြင် ကြီးကြပ်မှုအဖွဲ့ဟာ နိုင်ငံတကာအသိအမှတ်ပြုစာအုပ်အမှတ် (International Standard Book Number-ISBN) နဲ့ နိုင်ငံတကာအသိအမှတ်ပြု စာနယ်ဇင်းအမှတ် (International Standard Serial Number-ISSN) တွေကိုလည်း ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် စာပေအနုပညာပစ္စည်းတွေကို လူများများ ပိုသိလာအောင် ကူညီပေးနိုင်သလို အရောင်းစွမ်းအားကိုလည်း အမြင့်ဆုံး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဥပဒေကြမ်းရဲ့အားနည်းချက်
အမျိုးသားစာကြည့်တိုက်ပိုင် စာပေပစ္စည်းတွေကို ခွင့်ပြုချက်မဲ့ ပြင်ပယူဆောင်မယ်ဆိုရင်တော့ ကျပ်ဆယ်သိန်းထက် မပိုတဲ့ ငွေဒဏ်ဆောင်ရမယ်လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။ ဒီဒဏ်ကြေးပမာဏဟာ တန်ဖိုးကြီးရှားပါးလှတဲ့ စာပေအနုပစ္စည်းကို ပြင်ပယူဆောင်တာအတွက် နည်းလွန်းနေပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ စာကြည့်တိုက်ယဉ်ကျေးမှု မထွန်းကားသေးတာကြောင့် မသိနားမလည်ဘဲ မတော်တဆယူဆောင်သွားတဲ့ ကိစ္စရပ်တွေတော့အတွက် များနေပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ငွေဒဏ်ကိုတော့ ပြန်လည်သုံးသပ်သင့်ပါတယ်။
ဥပဒေကြမ်းမှာ ပုံနှိပ်သူ၊ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေဟာ ပုံနှိပ် ဒါမှမဟုတ် ပုံနှိပ်မဟုတ်တဲ့ စာပေပစ္စည်းတွေကို ကြီးကြပ်မှုအဖွဲ့ဆီ တလအတွင်း အရေအတွက် (၅) ခု ပေးပို့ရမယ်လို့ ဆိုထားပါတယ်။ ဒါဟာ တာဝန်တစ်ခုလို ဖြစ်နေတာကြောင့် သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ထိခိုက်နေပါတယ်။ ဘဏ္ဍာရေးအခက်အခဲကြောင့် ဒီလို ပြဋ္ဌာန်းမယ်ဆိုရင်တောင် မိမိစိတ်ဆန္ဒအရ ပေးပို့လှူဒါန်းနိုင်တယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။
ပေးပို့ဖို့ ပျက်ကွက်ရင် ဆယ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဆောင်ရမယ်လို့ ဆိုထားတဲ့အတွက် စာအုပ်တန်ဖိုးနဲ့ယှဉ်ရင် များပြားနေပါတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအပေါ် အာဏာနဲ့ အတင်းအကျပ် လုပ်ဆောင်နေတယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ ပေးပို့ရမယ့် အရေအတွက်က ထုတ်ဝေသူတွေအတွက် မများပေမယ့် အမျိုးသားစာကြည့်တိုက်အနေနဲ့ တကယ်ပဲ အဲ့ဒီပမာဏ လိုအပ်သလားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ လိုအပ်ခဲ့ရင်လည်း နှစ်စဉ်ထုတ်ဝေနေတဲ့ စာအုပ်အရေအတွက်အရ အမျိုးသားစာကြည့်တိုက်အနေနဲ့ လွန်စွာများပြားတဲ့ စာအုပ်စာပေတွေကို ကိုင်တွယ်ရမယ်ဆိုတာ သတိချပ်သင့်ပါတယ်။
နောက်တစ်ချက်က အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဥပဒေကြမ်းရဲ့ ပုဒ်မ ၂၇ မှာ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနဟာ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်စာတမ်းတွေကို လိုအပ်ရင် စာအုပ်အမျိုးအစားအလိုက် သုံးအုပ်စီ ပေးလှူဖို့ တောင်းခံနိုင်တယ်လို့ ပါရှိနေပါတယ်။ ဒီအတွက် စာပေဆိုင်ရာထုတ်ဝေသူတွေမှာ ပေးရန်တာဝန်နှစ်ခု ရှိလာစရာ ဖြစ်နေပါတယ်။
နောက်ထပ်အားနည်းချက်တစ်ခုကတော့ ဒီဥပဒေကြမ်းထဲမှာ အမျိုးသားစာကြည့်တိုက်ရဲ့ ဘဏ္ဍာရန်ပုံငွေကို ဘယ်လိုလည်ပတ်မလဲဆိုတာ အတိအကျ ဆိုမထားပါဘူး။ ပုဒ်မ ၁၉ မှာ ကြီးကြပ်မှုအဖွဲ့ရဲ့အသုံးစရိတ်ကို သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ကျခံရမယ်လို့ ဆိုထားပေမယ့် ပြင်ပကနေ လာရောက်လှူဒါန်းတဲ့ အလှူငွေတွေနဲ့ အခြားရငွေတွေအတွက် ကြီးကြပ်မှုအဖွဲ့က စီမံပိုင်ခွင့် ရှိမရှိ ဖော်ပြထားခြင်း မရှိပါဘူး။
အကြံပြုချက်
(၁) ဥပဒေ တကယ် လိုအပ်နေပြီလား
အမျိုးသားစာကြည့်တိုက်အတွက် သီးခြားဥပဒေမရှိသေးတာကြောင့် သူ့ရဲ့အရေးပါမှုကို ထည့်စဉ်းစားကြည့်ရင် အမျိုးသားစာကြည့်တိုက်ဥပဒေတစ်ခု တကယ်ပဲ လိုအပ်နေပါတယ်။ တည်ဆဲဥပဒေတစ်ခုဖြစ်တဲ့ ၁၉၆၄ ခုနှစ် ဥပဒေရဲ့ အခန်းကဏ္ဍကြောင့်လည်း ဖြစ်ပါတယ်။ ဒီဥပဒေဟာ စာကြည့်တိုက်တွေကို ကန့်သတ်ချုပ်ချယ်ဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့တယ်လို့ ဝေဖန်ကြပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေကလည်း (ပုဒ်မ ၉ - အစိုးရမူဝါဒကို ဆန့်ကျင်တာ ဒါမှမဟုတ် နိုင်ငံတော်အကျိုးကို ထိခိုက်တာတွေ တွေ့ရှိရင် ထုတ်ပေးထားတဲ့ မှတ်ပုံတင်နဲ့ ခွင့်ပြုမိန့်တွေကို မှတ်ပုံတင်ကော်မတီကနေ ပြန်လည်ရုပ်သိမ်းနိုင်တယ်) စာကြည့်တိုက်တွေရဲ့ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ကို ကန့်သတ်ထားတာကြောင့် ၁၉၆၄ ခုနှစ် ဥပဒေကို အစားထိုးဖို့ လိုအပ်နေပါတယ်။
(၂) သဘာဝချင်းတူတဲ့ ဥပဒေတွေပေါင်းစပ်နိုင်မလား
အမျိုးသားစာကြည့်တိုက်ဥပဒေကို အခြားဥပဒေတွေနဲ့ ပေါင်းစပ်နိုင်ခဲ့ရင် ဥပဒေ ဖောင်းပွမှုတွေ လျော့နည်းသွားနိုင်ပြီး သဘာဝချင်းတူတဲ့ ပြဋ္ဌာန်းချက်တွေ စုစည်းမိပြီး ရှင်းလင်းကျစ်လျစ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ထဲ ဆွေးနွေးနေတဲ့ အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဥပဒေကြမ်းဟာဆိုရင် အမျိုးသားစာကြည့်တိုက်ဥပဒေကြမ်းနဲ့ သဘောချင်းနီးစပ်တာကြောင့် ဥပဒေကြမ်းနှစ်ခုကို ပေါင်းစပ်ပြီး ဥပဒေတစ်ခုတည်းအဖြစ် ပြဋ္ဌာန်းနိုင်ရင် ပိုပြီး ကောင်းနိုင်ပါတယ်။ အခြားနိုင်ငံတွေမှာ သဘောသဘာဝချင်းနီးစပ်တဲ့ မော်ကွန်း၊ မှတ်တမ်းနဲ့ စာကြည့်တိုက်ဆိုင်ရာတွေအတွက် ဥပဒေတစ်ခုတည်း ပြဋ္ဌာန်းထားတာမျိုးကို လေ့လာနိုင်ပါတယ်။
(၃) တိကျရှင်းလင်းတဲ့ စာကြည့်တိုက်မူဝါဒ ရှိနေပြီလား
ဥပဒေကြမ်းမှာ အမျိုးသားစာကြည့်တိုက်အနေနဲ့ အမျိုးသားစာကြည့်တိုက်ခွဲတွေ တည်ထောင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာလည်း ပြည်သူ့စာကြည့်တိုက်နဲ့ ပတ်သက်လာရင် မြန်မာပြည်သူ့စာကြည့်တိုက်မဟာဗျူဟာစီမံကိန်းရဲ့ ရည်မှန်းချက် (၇) မှာ စာကြည့်တိုက်ဥပဒေမူကြမ်း ရေး ဆွဲရမယ်လို့ ဆိုထားပါတယ်။ ဒီအတွက်ကြောင့် ပြည်သူ့စာကြည့်တိုက်နဲ့ ပတ်သက်ရင်လည်း ဥပဒေတစ်ခု ထပ်ပြီး ပြဋ္ဌာန်းမယ်လို့ ယူဆရပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဇယား (၁) နဲ့ (၂)မှာ ပြတိုက်နဲ့စာကြည့်တိုက်တွေအတွက် ဥပဒေပြုပိုင်ခွင့်ကို ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး /ပြည်နယ်အဆင့်နှစ်ခုလုံး ပေးထားပါတယ်။ ပြည်ထောင်စုအဆင့်က ပြည်သူ့စာကြည့်တိုက်ဥပဒေကြမ်း ပြဋ္ဌာန်းခြင်းဟာ အခြေခံဥပဒေနဲ့ ညီညွတ်ပေမယ့် ထပ်တူပြုအာဏာ ဖြစ်နေတဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကိုသာ လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။
အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းရဲ့ရည်ရွယ်ချက်တွေ ပြည့်ဝဖို့၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားဖို့နဲ့ စာကြည့်တိုက်တွေကို စီမံခန့်ခွဲရာမှာ စံပြဦးဆောင်မှု ပေးနိုင်ဖို့အတွက် အမျိုးသားစာကြည့်တိုက်ခွဲတွေ ဖွင့်လှစ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ ပြည်သူ့စာကြည့်တိုက်တွေနဲ့ ပတ်သက်ရင် ဒေသအလိုက် လိုအပ်ချက် ကွဲပြားမှုရှိနေတာတွေ၊ သမိုင်းယဉ်ကျေးမှု မတူညီကြတာတွေကြောင့် ဥပဒေပြုပိုင်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်တွေကပဲ လုပ်ဆောင်ရင် ပိုသင့်တော်ပါတယ်။
ဒီအတွက်ကြောင့် ပြည်ထောင်စုအဆင့် ပြည်သူ့စာကြည့်တိုက် ဥပဒေကို ပြဋ္ဌာန်းဖို့ လုပ်ဆောင်နေမယ့်အစား အခြား စာကြည့်တိုက်တွေ (ဥပမာ - တက္ကသိုလ်စာကြည့်တိုက်) အတွက် သက်ဆိုင်ရာဥပဒေတွေမှာ စာကြည့်တိုက်တွေနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်။
မိုးအောင် ရေးသားသည်။
စာကိုး
Cataloguing in Publication (CIP) overview