Posted in ဥပဒေရေးရာ သုတေသန on Sep 19, 2019
အမျိုးသားစာကြည့်တိုက်ဥပဒေမူကြမ်းကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ လုပ်ဆောင်နေပါတယ်။ ဥပဒေမူကြမ်းမှာ အမျိုးသားစာကြည့်တိုက် ကြီးကြပ်မှုအဖွဲ့ဖွဲ့စည်းတာနဲ့ စာပေအနုပညာပစ္စည်း ရယူစုဆောင်းတာတွေ ပါရှိပါတယ်။
အမျိုးသားစာကြည့်တိုက် ဖြစ်ပေါ်လာပုံ
အမျိုးသားစာကြည့်တိုက်ဟာ ဘားနတ်စာကြည့်တိုက်က စုဆောင်းထားတဲ့ စာပေအနုပညာတွေနဲ့ အရင်းတည်ပြီး ဖွင့်လှစ်ခဲ့တဲ့ စာကြည့်တိုက် ဖြစ်ပါတယ်။ ဘားနတ်စာကြည့်တိုက်ကို အခမဲ့ လေ့လာနိုင်တဲ့နေရာအဖြစ် ၁၈၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဝန်ရှင်တော်မင်းကြီး ဆာချားအက်ဒွပ်ဘားနတ်နဲ့ အောက်မြန်မာပြည် တရားပိုင်မင်းကြီး၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင် ဥက္ကဋ္ဌဆာဂျွန်ဂျာဒင်းတို့ အမှူးပြုပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘားနတ် စာကြည့်တိုက်ဟာ စစ်ဒဏ်ကြောင့် ပရိဘောဂတွေနဲ့ စာအုပ်စာတမ်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
လွတ်လပ်ရေးရပြီး ၁၉၅၂ ခုနှစ်မှာ ဘားနတ်စာကြည့်တိုက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်စာကြည့် တိုက်ဆိုပြီး အမည်ပြောင်းလဲခဲ့ပြီး ၁၉၆၄ ခုနှစ်မှာတော့ အမျိုးသားစာကြည့်တိုက်လို့ ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကစပြီး အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နဲ့ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဆိုပြီး နှစ်ခုခွဲပြီး ဖွင့်လှစ်ထားရှိပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားစာကြည့်တိုက်ဟာ သာသနာရေးနဲ့ယဉ်ကျေး မှုဝန်ကြီးဌာနအောက်က သမိုင်းသုတေသနနဲ့ အမျိုးသားစာကြည့်တိုက်ဦးစီးဌာနရဲ့ စီမံမှုအောက်ထဲ ရှိနေပါတယ်။
အဓိကလုပ်ငန်းတာဝန်
အမျိုးသားစာကြည့်တိုက်ဟာ စာအုပ်စာတမ်းစုဆောင်းထိန်းသိမ်းတာ၊ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ငှားရမ်းပေးတာ၊ အမျိုးသားစာစုစာရင်း နဲ့ ပြည်တွင်းစာနယ်ဇင်းတွေရဲ့စာနယ်ဇင်း အညွှန်းတွေကို ပြုစုထုတ်ဝေတာ၊ နိုင်ငံတကာနဲ့ဆက်သွယ်ပြီး စာကြည့်တိုက်ဖွံ့ဖြိုးရေး ဆောင်ရွက်တာ၊ ပြည်သူလူထုကို စာကြည့်တိုက်နဲ့ ပတ်သက်ပြီး အသိပညာပေးတာနဲ့ စာကြည့်တိုက်နည်းစနစ်တွေကို တစ်နိုင်ငံလုံးတစ်ပြေးညီ “စံ” သတ်မှတ်တာတွေ လုပ်ဆောင်ပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး အမျိုးသားစာကြည့်တိုက် (နေပြည်တော်) မှာ ထိန်းသိမ်းထားရှိတဲ့ ရှားပါးစာပေပစ္စည်းတွေကို ဒီဂျစ်တယ်ပုံစံပြောင်းလဲတာတွေ ဆောင်ရွက်နေပါတယ်။
ပူးပေါင်းဆောင်ရွက်မှု
အမျိုးသားစာကြည့်တိုက်ဟာ ပြည်တွင်းစာကြည့်တိုက်တွေ စုစည်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှာ ဦးဆောင်ကဏ္ဍကနေ ပါဝင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ စာကြည့်တိုက် အဖွဲ့အစည်းများနဲ့ စာကြည့်တိုက်များအသင်းမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ထားသလို၊ အရှေ့တောင်အာရှဒေသက စာကြည့်တိုက်အသင်းအဖွဲ့တွေ ဖြစ်တဲ့ Congress of Southeast Asian Librarians (CONSAL) နဲ့ Conference on Directors of National Libraries in Asia and Oceania (CDNLAO) တို့ရဲ့ အဖွဲ့ဝင်လည်းဖြစ်ပြီး နှစ်ပတ်လည်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ရဲ့ စာကြည့်တိုက်တွေ တိုးတက်မှုအခြေအနေကို တင်ပြတာတွေ လုပ်ဆောင်ပါတယ်။
ဥပဒေမူဘောင်
မြန်မာနိုင်ငံမှာ စာကြည့်တိုက်နဲ့ပတ်သက်ပြီး ၁၉၆၄ ခုနှစ်၊ စာကြည့်တိုက်၊ ပြတိုက်နဲ့ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေးဥပဒေတစ်ခု ရှိပါတယ်။ တည်ဆဲဥပဒေအရဆိုရင် စာကြည့်တိုက် နဲ့ ပြတိုက်တွေ ဖွင့်လှစ်ဖို့ မှတ်ပုံတင်ရမှာဖြစ်ပြီး ပြပွဲကျင်းပဖို့အတွက်ဆိုရင်တော့ ခွင့်ပြုလွှာတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်လက်မှတ် ဒါမှမဟုတ် ခွင့်ပြုမိန့် ရရှိပြီးရင် စာကြည့်တိုက်နဲ့ ပြတိုက်တွေ ဖွင့်လှစ်နိုင်မှာ ဖြစ်သလို ပြပွဲတွေလည်း ကျင်းပနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရမူဝါဒကို ဆန့်ကျင်တာ ဒါမှမဟုတ် နိုင်ငံတော် အကျိုးကို ထိခိုက်တာတွေကို တွေ့ရှိရင်တော့ ထုတ်ပေးထားတဲ့ မှတ်ပုံတင်နဲ့ ခွင့်ပြုမိန့်တွေကို မှတ်ပုံတင် ကော်မတီက ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပါတယ်။
၁၉၆၄ ခုနှစ် ဥပဒေထဲမှာပါရှိတဲ့ စာကြည့်တိုက်ဆိုတဲ့ စကားရပ်အရ အများပြည်သူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့ စာကြည့်တိုက်တွေ ပါဝင်တယ်လို့ ဆိုထားတဲ့အတွက် အမျိုးသားစာကြည့်တိုက်လည်း အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားစာကြည့်တိုက်ကို စီမံခန့်ခွဲဖို့ သီးသန့်ဥပဒေမရှိသေးဘဲ အမျိုးသားစာကြည့်တိုက်ဥပဒေမူကြမ်း အတည်ဖြစ်လာရင်တော့ ပထမဆုံးသီးသန့်ဥပဒေဖြစ်လာမှာ ဖြစ်ပါတယ်။
စာကိုး
National Library of Myanmar - http://www.nlm-npt.gov.mm/fr/