Posted in ဥပဒေရေးရာ သုတေသန on Nov 07, 2019
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် (၅၅/၂၀၁၉)နဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေတွေကို ပြင်ဆင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ပြင်ဆင်လိုက်တဲ့အချက်တွေကို လေ့လာကြည့်ရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ဖန်တီးလိုက်တဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခု ဖြစ်ပြီး အဲဒီထဲက အဓိကကျတဲ့ အချက်တွေကို မျှဝေပေးသွားပါမယ်။
မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေ
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေရဲ့ မူလနည်းဥပဒေတွေအရ မဲပေးခွင့်ရှိသူတွေဟာ မိမိမဲစာရင်းရှိရာဒေသကနေ တခြားနေရာကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတာဟာ ရက်ပေါင်း (၁၈၀) ဒါမှမဟုတ် (၆)လကျော်ရှိမှသာ ရောက်ရှိရာဒေသမှာ မဲပေးနိုင်ဖို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့နည်းဥပဒေအရ ရက်ပေါင်း (၉၀) ဒါမှမဟုတ် (၃)လကျော်လောက် ရှိနေတယ်ဆိုရင် ရောက်တဲ့နေရာမှာပဲ မဲပေးချင်တယ်ဆိုရင် မဲပေးခွင့် လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအချက်က မိမိရဲ့ မဲဆန္ဒနယ်ပြင်ပ ရောက်နေတာ (၃) လကျော်လောက်ပဲ ရှိသေးပြီး ကိုယ့်ဒေသကို ပြန်ဖို့ခက်ခဲတဲ့သူတွေအတွက်တော့ မဲပေးချင်တယ်ဆိုရင် ရောက်တဲ့နေရာမှာ မဲပေးခွင့်ရရှိနိုင်တာမို့ ကောင်းမွန်တဲ့ ပြင်ဆင်ချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အဲဒီပြင်ဆင်ချက်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ပြင်ဆင်ချက်ကတော့ မဲပေးလိုသူတွေအတွက် အဟန့်အတား ဖြစ်စေတယ်လို့ တွေးဆနိုင်ပါတယ်။ အဲဒါကတော့ မူလနည်းဥပဒေထဲမှာ မဲဆန္ဒနယ်ပြင်ပရောက်သူတွေ မဲပေးခွင့် လျှောက်ထားတဲ့အခါမှာ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံရင် မဲစာရင်းမှာ ထည့်သွင်းပေးရမယ်လို့ ပါရှိပြီး အခုပြင်ဆင်ချက်မှာတော့ သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ လျှောက်ထားလာရင် ဆောင်ရွက်ပေးခြင်း မပြုရဆိုတဲ့ အချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဟာ မဲပေးသူတွေဘက်က မိမိရဲ့ ကိုယ်ပိုင်မဲပေးရမယ့် မဲရုံမှာကော၊ ရောက်ရှိတဲ့ နေရာဒေသက မဲရုံမှာကော မဲနှစ်ကြိမ်ပေးတာမျိုးကို မဖြစ်စေဖို့အတွက် လုပ်ဆောင်တယ်လို့ ယူဆနိုင်ပေမယ့် နိုင်ငံသားတွေရဲ့ မဲပေးလိုတဲ့ စိတ်ဆန္ဒကို လျော့ပါးစေနိုင်တယ်ဆိုတာကို ထည့်တွက်ဖို့ လိုမယ် ထင်ပါတယ်။
တပ်တွင်းမဲရုံတွေ
၂၀၁၀ ခုနှစ်ကစပြီး ရွေးကောက်ပွဲတွေ ကျင်းပလာတာဟာ အထွထွေရွေးကောက်ပွဲ (၂)ကြိမ် အပါအဝင် ရွေးကောက်ပွဲ (၅)ကြိမ် ကျင်းပပြီးခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေမှာပါ " တပ်မတော်သားများနှင့်မိသားစုများ မဲပေးနိုင်ရန် သီးခြား မဲရုံများ ပြုလုပ်ပေးရမည်"လို့ မပါရှိပါဘူး။ ဒါပေမဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တပ်တွင်းမဲရုံတွေရှိခဲ့ပြီး အခုပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရဆိုရင်တော့ တပ်တွင်းမဲရုံတွေ ရှိလာမှာ မဟုတ်တော့ဘဲ တပ်မတော်သားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ထောင်စုဝင်တွေဟာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ထားတဲ့ မဲရုံတွေမှာ မဲပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံသားအားလုံး ရွေးကောက်ပွဲဆိုင်ရာစနစ်ရဲ့ အမိုးတစ်ခုတည်းအောက်မှာ လွတ်လပ်တဲ့ ရွေးချယ်ခွင့်ကို ရရှိအောင် ဖန်တီးပေးလိုက်တဲ့ ပြင်ဆင်ချက်ပဲ ဖြစ်ပါတယ်။ ဒီ့အပြင် နိုင်ငံသားအားလုံး တန်းတူရည်တူ လွတ်လပ်စွာနဲ့ မိမိဆန္ဒအလျှောက် မဲပေးကြတယ်ဆိုတဲ့ ခံစားမှုအမြင်ကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှတ်တမ်း
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ဆိုရင် ရွေးကောက်ပွဲတွေကို ကျင်းပပေးတဲ့ အဖွဲ့အစည်းဟာ သူ့ရဲ့လုပ်ငန်းစဉ်တွေကို သူကိုယ်တိုင် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အခုနည်းဥပဒေပြင်ဆင်ချက်ထဲမှာ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ မူလနည်းဥပဒေအရ ရွေးကောက်ပွဲမှတ်တမ်းတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပေးပို့ရပြီး ထွေ/အုပ်က မှတ်တမ်းတွေကို သိမ်းဆည်းထားရပါတယ်။ ပြင်ဆင်လိုက်တဲ့နည်းဥပဒေအရဆိုရင် ရွေးကောက်ပွဲမှတ်တမ်းတွေကို ထွေ/အုပ်ကို ပေးပို့စရာမလိုတော့ဘဲ ခရိုင်အဆင့်နဲ့ တိုင်းဒေသကြီးအဆင့်ကော်မရှင်တွေကိုသာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပေးပို့ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မိမိရဲ့တာဝန်ထဲမှာပါတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ကော်မရှင်အနေနဲ့ ဆောင်ရွက်ခွင့်ရလာခြင်းပဲ ဖြစ်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးကော်မတီ
မူလနည်းဥပဒေမှာ မပါရှိဘဲ နောက်ထပ်ဖြည့်စွက်လိုက်တဲ့ စကားရပ်ကတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ညှိနှိုင်းဖြေရှင်းဖို့နဲ့ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ကော်မရှင်အဆင့်ဆင့်မှာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေကို ရွေးကောက်ပွဲမှာ ပါဝင်သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းပြီး လိုအပ်သလို ဖွဲ့စည်းနိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ဒီအချက်က ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားတွေကို ဖြေရှင်းရာမှာ ဥပဒေကြောင်းအရ ဖြေရှင်းခြင်း မပြုခင်မှာ ညှိနှိုင်းပြေလည်အောင် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ရွေးကောက်ပွဲနဲ့ သက်ဆိုင်သူတွေဆိုတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။ များစွာ ကျယ်ပြန့်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရခက်တဲ့ စကားရပ်သဖွယ် ဖြစ်နေပါတယ်။ အဲဒီစကားရပ်အစား မဲဆန္ဒနယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သူရဲ့ကိုယ်စားလှယ် ဒါမှမဟုတ် ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ဖွဲ့စည်းရမယ်ဆိုတဲ့ စကားရပ်ဆိုရင် ပိုပြီးတိကျတဲ့ ရည်မှန်းချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ရှေ့တိုးတဲ့ ခြေတစ်လှမ်းကို နည်းဥပဒေနဲ့စတဲ့ ကော်မရှင်
ဒီမိုကရေစီနိုင်ငံရေးစနစ်ကို လျှောက်လှမ်းလာတဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးတွေကို နေရာစုံ ကဏ္ဍစုံမှာ အသီးသီး အသက လုပ်ဆောင်နေကြပါတယ်။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာဟာလည်း ရွေးကောက်ပွဲတွေ ကျင်းပရာမှာ ပိုမိုကောင်းမွန်လာနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီလို ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲရေးကို ကော်မရှင်ဟာ နည်းဥပဒေနဲ့ စတင်လိုက်တာ ဖြစ်ပါတယ်။ ဒီလို နည်းဥပဒေကနေ စတင်ပြောင်းလဲလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီမိုကရေစီခြေတစ်လှမ်းဟာ တခြားသော ကဏ္ဍစုံက ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်နေတဲ့ လုပ်ငန်းစဉ်တွေအတွက် စံနမူနာကောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။
လှမျိုးကျော်ရေးသားသည်။