Posted in ဥပဒေရေးရာ သုတေသန on Nov 18, 2019

ဒီဆောင်းပါးဟာ လွှတ်တော်အမတ်တွေ လိုက်နာကျင့်သုံးရမယ့် ကိုယ်ကျင့်တရားနဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် လေ့လာသုံးသပ်တဲ့ အခန်းဆက် ဆောင်းပါးတွေရဲ့ နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ်မှာ လွှတ်တော်ကျင့်ဝတ်တစ်ခုမှာ အခြေခံမူတွေ ရှင်းရှင်းလင်းလင်း ပါဝင်ဖို့နဲ့ ဒီအခြေခံမူတွေကို တကယ်လိုက်နာဖို့အတွက် ကျင့်ဝတ်နည်းနာတွေ လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။ အထူးသဖြင့် အကျိုးစီးပွားပဋိပက္ခဖြစ်မှုကို ဖြေရှင်းတာနဲ့ ဆိုင်တဲ့ ကျင့်ဝတ်နည်းနာ‌‌တွေအကြောင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီအခန်းဆက်ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းမှာတော့ ကျင့်ဝတ်နည်းနာတွေကို ဘယ်လို လက်တွေ့အကောင်အထည်ဖော်မလဲ၊ အသက်သွင်းမလဲဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကိုလည်း ဝက်စ်မင်စတာ ဒီမိုကရေစီ ဖောင်ဒေးရှင်း (Westminster Foundation for Democracy - WFD) နဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (Global Organization of Parliamentarians Against Corruption - GOPAC) က ထုတ်ဝေထားတဲ့ “လွှတ်တော်ကျင့်ဝတ်လက်စွဲ လွှတ်တော်အမတ်များအတွက် လမ်းညွှန် စာအုပ်ကို အဓိကထား ကိုးကားထားပါတယ်။

လိုက်နာရမယ့်သူတွေ မလိုက်နာတဲ့အခါ အရေးယူဆောင်ရွက်ရမည့် နည်းလမ်းတွေ မထည့်သွင်းထားဘူးဆိုရင် ကျင့်ဝတ်စည်းမျဉ်းတွေ ရေးထားတာ သိပ်ပြီး အဓိပ္ပာယ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒါကြောင့်ပဲ လွှတ်တော်မှာ ကျင့်ဝတ်ရှိပြီဆိုရင် ကျင့်ဝတ်ချိုးဖောက်မှု ဖြစ်နိုင်ခြေတွေကို သုံးသပ်ပြီး ချမှတ်ရမယ့် သင့်တော်တဲ့ ပြစ်ဒဏ်ကို ဆုံးဖြတ်တဲ့၊ စည်းကြပ်ရတဲ့ အဖွဲ့အစည်းတစ်ခုကို ပုံစံတစ်မျိုးမျိုးနဲ့ ဖွဲ့စည်းထားတတ်ကြလေ့ရှိတာဖြစ်ပါတယ်။

ဒီလိုစည်းကြပ်တဲ့အဖွဲ့ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပြင်ပအဖွဲ့အစည်းအဖြစ် ရှိနိုင်သလို ဥပဒေမူဘောင်အတွင်းမှာ ထည့်သွင်းရေးဆွဲထားပြီးသားဖြစ်တဲ့ လွှတ်တော်ကော်မတီ (ဒါမှမဟုတ် အလားတူ စုဖွဲ့မှု) မျိုး ဖြစ်နိုင်ပါတယ်။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ထိန်းကျောင်းတည့်မတ်မှု ပုံစံနှစ်မျိုးလုံးကို ပေါင်းစပ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ချဉ်းကပ်မှု နှစ်မျိုးလုံးမှာ အားနည်းချက်၊ အားသာချက်တွေ ရှိပါတယ်။ လွှတ်တော်ပြင်ပ အဖွဲ့အစည်းအဖြစ် ထားတာက ပိုပြီးဓမ္မဓိဋ္ဌာန်ကျနိုင်ပြီး အမတ်တွေရဲ့ လွှမ်းမိုးမှု ခံရနိုင်မှု နည်းပေမယ့် ဒီလိုပုံစံမျိုးကို လွှတ်တော်အမတ်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမယ့် အခြေအနေ နည်းပါတယ်။ အဲဒီလိုပဲ လွှတ်တော်တွင်း အဖွဲ့အစည်းအနေနဲ့ထားရင်တော့ အမတ်တွေဘက်က ပိုပြီး လက်ခံနိုင်ပေမယ့် အမှုဖြစ်စဉ်တွေကို မျှမျှတတ သုံးသပ်နိုင်လောက်တဲ့ လွတ်လပ်မှု ရှိပါ့မလားဆိုတာကို မေးခွန်းထုတ်ခံရနိုင်ပါတယ်။

မြန်မာ့လွှတ်တော်လိုမျိုး သက်တမ်းနုသေးတဲ့ လွှတ်တော် တစ်ရပ်အနေနဲ့ ကျင့်ဝတ်ကို စည်းကြပ်ရမယ့်အဖွဲ့ ဖွဲ့စည်းဖို့ စဉ်းစားမယ်ဆိုရင်တော့ ရှိရင်းစွဲ အဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို ထည့်သွင်းစဉ်းစားပြီး မှန်ကန်တဲ့ နည်းလမ်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးချယ်နိုင်တဲ့ အခြေအနေ သုံးမျိုးအထဲက တစ်ခုခုကို ရွေးမယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ မေးခွန်းတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

  • လွှတ်တော်တွင်း ထိန်းကျောင်းမှု၊ ဥပမာ “လွှတ်တော်ကျင့်ဝတ်ကော်မတီ”
    • ကျင့်ဝတ်စည်းကြပ်မှု လုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့အတွက် (တာဝန်ပေးခံရမယ့်) လွှတ်တော်အမတ်တွေမှာ လုံလောက်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တတ်သိနားလည်မှု ရှိသလား။
    • လွှတ်တော် ကျင့်ဝတ်နဲ့ ပတ်သက်လို့ မျှတပြီး ဘက်မလိုက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လောက်အောင် လွှတ်တော်အမတ်တွေဟာ ပါတီရဲ့ ဩဇာလွှမ်းမိုးမှုလို ကိစ္စတွေကနေ လွတ်လပ်ပြီး အမှီအခိုကင်းနိုင်သလား။
  • လွှတ်တော်ပြင်ပ ထိန်းကျောင်းမှု၊ တရားရုံးစနစ် ဒါမှမဟုတ် သီးခြားအဖွဲ့အစည်း
    • တရားရေးစနစ်က ဒီလို တာဝန်ကို ထိန်းဆောင်နိုင်သလား။ (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်လိုမျိုး) အဖွဲ့အစည်းတစ်ခုကို သီးခြား ဖန်တီးသင့်သလား။
    • ဒီလိုဖွဲ့စည်းဖို့ အမတ်တွေက သဘောတူနိုင်သလား။
  • နှစ်မျိုးပေါင်းထားသည့် ထိန်းကျောင်းမှု၊ ဥပမာ ပြင်ပကော်မရှင်နာ + လွှတ်တော်ကော်မတီ
    • လွှတ်တော်ကနေ လွတ်လပ်တဲ့ ပြင်ပကော်မရှင်နာတစ်ယောက်ကို ခန့်ထားပြီး ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို တာဝန်ယူခိုင်းပြီး၊ လွှတ်တော်ကော်မတီကို အစီရင်ခံစာ တင်သွင်းစေတာ၊ ကော်မတီကနေမှ အရေးယူဆောင်ရွက်မှုကို ဆုံးဖြတ်တာမျိုး ဖြစ်နိုင်မလား။

ကျင့်ဝတ်ကို ဘယ်လိုပုံစံနဲ့ပဲ အသက်သွင်းသွင်း ကျင့်ဝတ်ကို စည်းကြပ်ရမယ့် အဖွဲ့အစည်းတွေဟာ အခြေခံကျတဲ့ ကျင့်ဝတ်စည်းမျဉ်းတွေ (လွှတ်တော်တွင်း လက်နက်သယ်ဆောင်ခြင်း၊ အပြန်အလှန် လေးစားမှုရှိခြင်း၊ လျော်ညီတဲ့ စကားအသုံးအနှုန်းကို သုံးစွဲခြင်းစတာတွေ) ကနေ အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေအထိ လိုက်နာစေဖို့ ထိန်းကျောင်းကြလေ့ ရှိပါတယ်။

လွှတ်တော်ကျင့်ဝတ် ချိုးဖောက်မှု ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဖြစ်ဖြစ်ချင်း လွှတ်တော်ဥက္ကဋ္ဌကို တင်ပြပြီး ဆုံးဖြတ်စေတာမျိုး ဖြစ်နိုင်သလို၊ လွှတ်တော်တွင်း ဒါမှမဟုတ် လွှတ်တော်ပြင်ပ စည်းကြပ်အဖွဲ့ကို တိုက်ရိုက် လွှဲပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနောက်မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရပါတယ်။ စုံစမ်းစစ်ဆေးပြီး ချမှတ်တဲ့ အရေးယူမှုဟာ ကာလအပိုင်းအခြားတစ်ခုအထိ လွှတ်တော်တက်ရောက်ခွင့် ပိတ်ပင်တာကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်တာ၊ ဒဏ်ကြေးပေးဆောင်စေတာ၊ ရာဇဝတ်မှုမြောက် အရေးယူတာတွေအထိ ဖြစ်နိုင်ပါတယ်။

အမတ်တွေအတွက်တော့ ကျင့်ဝတ်ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်ကို ဆွေးနွေးရတာ စိတ်မသက်သာစရာ ခေါင်းစဉ်တစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အများစုကတော့ ငါတို့ဘာမှ အမှားလုပ်မထားဘူး၊ ဒီတော့ ပြစ်ဒဏ်သတ်မှတ်ဖို့ မလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သူတို့ရဲ့ စိတ်စေတနာတွေ၊ ကျင့်ဝတ်တွေကို မမျှမတ မေးခွန်းထုတ်ခံရတယ်လို့လည်း ခံစားရနိုင်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုစနစ်မျိုးတွေဟာ အမတ်တွေကို ကာကွယ်ပေးဖို့နဲ့ လွှတ်တော်ရဲ့ တရားဝင်မှု ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့အတွက် ရည်ရွယ်ထားတယ်ဆိုတဲ့ အခြေခံက စဉ်းစားဖို့ကိုလည်း မမေ့လျော့သင့်ပါကြောင်း။

ပေါလ်တေလာ

paul@theananda.org