Posted in ဥပဒေရေးရာ သုတေသန on Nov 15, 2019

ဒီဆောင်းပါးဟာ လွှတ်တော်အမတ်တွေ လိုက်နာကျင့်သုံးရမယ့် ကိုယ်ကျင့်တရားနဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် လေ့လာသုံးသပ်တဲ့ အခန်းဆက် ဆောင်းပါးထဲက တစ်ခု ဖြစ်ပါတယ်။

အခန်းဆက် ဆောင်းပါးတွေထဲက ပထမ ဆောင်းပါးမှာ လွှတ်တော် အခွင့်အရေးဆိုင်ရာ ကော်မတီက လွှတ်တော် အမတ်တွေအတွက် ကိုယ်ကျင့်စည်းမျဉ်းနဲ့ ပတ်သက်ပြီးတော့ လေ့လာသုံးသပ်ခဲ့ပြီး အဆိုပြုထားတဲ့ သဘောတရားတွေကို ယူကေနိုင်ငံက အစိုးရ ဝန်ထမ်းတွေ လိုက်နာရမယ့် သဘောတရား ၇ ချက်နဲ့ နှိုင်းယှဉ်ကာ ဝေဖန်သုံးသပ်ခဲ့ပါတယ်။

လွှတ်တော် အပါအဝင် အဖွဲ့အစည်းအားလုံးဟာ တူညီတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တန်ဖိုးများအတိုင်း လိုက်ပါ ဆောင်ရွက်ကြတယ်ဆိုတဲ့ အချက်က အရေးကြီးပါတယ်။ လွှတ်တော်ကဲ့သို့သော အဖွဲ့အစည်းတွေကတော့ နိုင်ငံရေး ရာထူး ရယူထားသူတွေဟာ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ခြင်း ရှိ-မရှိ သေချာစေဖို့အတွက် ကိုယ်ကျင့်စည်းမျဉ်းတွေ ထားရှိဖို့ ပိုတောင် အရေးကြီးပါသေးတယ်။

သို့သော်လည်း လွှတ်တော်အမတ်တွေက ၎င်းတို့ လိုက်နာ ကျင့်သုံးရန် သဘောတူလိုက်တဲ့ ကောင်းမွန်မှန်ကန်သော သဘောတရားတွေကို ထုတ်ဖော်ပြီးတဲ့အခါမှာ နောက်တဆင့် ဆောင်ရွက်ရမယ့် အချက်တွေက ဘာတွေပါလဲ။ အချို့သော သဘောတရားတွေကို သဘောတူလိုက်ရုံနဲ့ ပြည့်စုံလုံလောက်ပါပြီလား။

အဖြေကတော့ ဘာမှ မလုံလောက်သေးပါဘူး။ ကျင့်ဝတ်စည်းမျဉ်းတစ်ခု ထိရောက်မှု ရှိဖို့ အတွက် အဲဒီကျယ်ပြန့်တဲ့ သဘောတရားတွေကို ကျင့်ဝတ်နည်းနာများအဖြစ် အသေးစိတ် ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ မည်သို့သော အပြုအမူက လက်ခံလို့ ရတယ်၊ မရဘူးဆိုတာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ နိုင်ငံရေးနယ်ပယ်မှာ လူကြားကောင်းတဲ့ စကားလုံးတွေထက် ပိုပြီး ထူးခြားမှု ရှိမလာတာက နိုင်ငံတကာမှာကို ထုံးစံလို ဖြစ်နေပြီး မြန်မာနိုင်ငံမှာလည်း အတူတူပါပဲ။ ဒါပေမဲ့ အဲဒီ လွှတ်တော်ဆိုင်ရာ စည်းမျဉ်းအတွက် ကိုယ်ကျင့်တရား သဘောတရားတွေကို သဘောတူညီမှု ရရှိပြီးတဲ့နောက်မှာ လွှတ်တော် အမတ်တွေဟာ ရှင်းလင်းပြတ်သားတဲ့ ကျင့်ဝတ်နည်းနာများအဖြစ် ပြောင်းလဲရမယ်ဆိုတဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ်ကို အကောင်အထည် ဖော်ကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ရပါတယ်။လွှတ်တော်တွင်း လိုက်နာရမယ့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်တစ်ခုက ဒီလို ပြောပါတယ်။

“လွှတ်တော်အတွင်း လိုက်နာ ကျင့်သုံးရမယ့် သဘောတရားတွေက ကိုယ်ကျင့်တရားဆိုင်ရာ မူဘောင်တစ်ခုကို တည်ဆောက်ဖို့ အခြေခံ အချက်တွေ ဖြစ်ပါတယ်။ သို့သော်လည်း အဲဒီသဘောတရားတွေမှာ ယေဘုယျဆန်တဲ့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ ရနေပါတယ်။ နိုင်ငံရေးသမားတွေဟာ မည်သည့် အချက်ကတော့ လက်ခံနိုင်တယ်၊ မည်သည့်အချက်ကတော့ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့အပေါ်မှာ နားလည်မှု ကွဲပြားတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ လွှတ်တော်တွေဟာ လိုက်နာ ကျင့်သုံးရမယ့် အသေးစိတ် စည်းမျဉ်းစည်းကမ်းတွေကို ဘုံသဘောတူညီချက် တည်ဆောက်ရမှာ ဖြစ်ပါတယ်။”

အရေးကြီးဆုံး အချက်တွေမှာ ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်စေနိုင်တဲ့ အချက်တွေကို ကာကွယ်တားဆီးနိုင်ရမှာ ဖြစ်ပါတယ်။ “ပြည်သူလူထုက သူတို့ကို ကိုယ်စားပြုဖို့ ရွေးကောက်တင်မြှောက်ထားခြင်းဟာ ပြည်သူလူထု အကျိုးစီးပွားကို ဆောင်ရွက်ဖို့ဖြစ်ပြီး နိုင်ငံရေးသမားရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမှာ ကိုယ်ကျိုးစီးပွား ပဋိပက္ခ ဖြစ်ပေါ်ပါတယ်။”

နိုင်ငံရေးသမားတွေ အပါအဝင် လူတိုင်းမှာ ကိုယ်ကျိုးစီးပွား ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ရာထူးတွေ ရရှိထားသူတွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်နဲ့ ဆက်စပ်နေနိုင်တဲ့ ကိစ္စရပ်တွေမှာလည်း နှီးနွယ်နေနိုင်ပါတယ်။ ဥပမာအနေနဲ့ စိတ်ကူးယဉ်အခြေအနေအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

  • ဆောက်လုပ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးဟာ တံတားအသစ်တွေ တည်ဆောက်ဖို့အတွက် ဘတ်ဂျက်ခွဲဝေသုံးစွဲတဲ့နေရာမှာ တာဝန်ယူရတယ်ဆိုပါစို့။ သူတင်တဲ့ စီမံကိန်းတွေထဲက တစ်ခုက သူ့ဇာတိမြို့မှာ ဆောက်လုပ်မယ့် တံတားဖြစ်နေတာမျိုး။
  • ကျောင်းသုံးစာအုပ်တွေအတွက် ဘတ်ဂျက်ကို ဆုံးဖြတ်ရတဲ့ ကော်မတီဝင် အမတ်တစ်ယောက်ရဲ့ အဖေဟာ ကျောင်းတွေအတွက် စာအုပ်တွေ ပုံနှိပ်ရာမှာ ဝန်ဆောင်မှုပေးလေ့ရှိတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် ဖြစ်နေတာမျိုး။
  • နိုင်ငံခြားကုမ္ပဏီတစ်ခုကို ဆေးရုံဆောက်ခွင့်ပေးဖို့ တင်ဒါလျှောက်လွှာတွေကို စိစစ်ပေးရတဲ့ အရာရှိတစ်ယောက်ဟာ လွန်ခဲ့တဲ့လကပဲ ကုမ္ပဏီတစ်ခုက သူတို့ရုံးချုပ်ရှိရာ နိုင်ငံကို ဖိတ်ပြီး ဆောက်လုပ်ရေးနည်းပညာအသစ်တွေအကြောင်း ခေါ်ယူရှင်းပြခံထားရတာမျိုး။
  • ကြက်ခြံတွေပိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်က ကြက်စာတင်သွင်းမှုတွေအပေါ် အခွန်လျှော့ချပေးဖို့ အဆိုတင်သွင်းတာမျိုး။

ကိုယ်ကျိုးစီးပွား ပဋိပက္ခကို လုံးဝဖယ်ရှားလို့တော့ မရပါဘူး။ အခြားနိုင်ငံသားတွေလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာလည်း များစွာသော အကျိုးစီးပွားတွေ၊ တာဝန်တွေကို ကိုင်တွယ်ဆောင်ရွက်ကြရလေ့ရှိနိုင်တဲ့အတွက် လွှတ်တော်အနေနဲ့လည်း အဖွဲ့အစည်းတစ်ခုအနေနဲ့ အဲဒီအချက်ကို ပွင့်လင်းစွာ နားလည်သဘောပေါက်ထားဖို့လိုပြီး အောက်ဖော်ပြပါအချက်တွေကို ဆောင်ရွက်ဖို့ လိုပါတယ်။

(က) မည်သည့် အကျိုးစီးပွားများ ပါဝင် ပတ်သက်နေသလဲဆိုသည်ကို နားလည်ရန် (ခ) ထို အကျိုးစီးပွား ပဋိပက္ခများကို စီမံခန့်ခွဲရန် နှင့် (ဂ) ပြည်သူလူထုထံကို ထိုပဋိပက္ခများအား ဖော်ထုတ်တင်ပြခြင်းတို့ ပြုလုပ်ရန်

သို့မှသာ နိုင်ငံသားတွေအနေနဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်း နောက်ကွယ်မှာ ဘယ်လို အချက်တွေ ရှိနေနိုင်သလဲဆိုတာကို မိမိဘာသာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ပဋိပက္ခတွေကို ဖြေရှင်းဖို့ အရေးကြီးဆုံးနည်းလမ်းမှာလွှတ်တော်အမတ်တွေ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှုက တဆင့် ဖြေရှင်းခြင်း ဖြစ်ပါတယ်။ အကျိုးစီးပွား ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ကျင့်ဝတ်နည်းနာတွေ ဆွေးနွေးတဲ့အခါ အမတ်တွေအားလုံးနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ (လွှတ်တော် ကော်မတီက သဘောတူထားတဲ့ သဘောတရားတွေထဲမှာ ပွင့်လင်းမြင်သာမှု ရှိရေးဆိုတဲ့ အချက် ပါဝင်နေသည့် ကြားထဲက) လွှတ်တော်ရဲ့ ကျင့်ဝတ်ကို ထုတ်ပြန်ခြင်းမရှိသေးတာလည်း စိတ်ပျက်စရာပါ။

ယေဘုယျအားဖြင့် ပဋိပက္ခတွေကို ပိုင်ဆိုင်မှုတွေ ထုတ်ဖော်ကြေညာခြင်းနည်းလမ်းနဲ့ ဖြေရှင်းကြပါတယ်။ ဆိုလိုတာက ဘယ်လိုသော အကျိုးစီးပွားပဋိပက္ခတွေကို မဖြစ်မနေ ကြေညာရမလဲ၊ ဘယ်အချိန်မှာ ကြေညာရမလဲ စတဲ့ အချက်တွေ ဖြစ်ပါတယ်။ အကျိုးစီးပွား ပဋိပက္ခဆိုတာဟာ ကြိုတင်ကာကွယ်လို့ရတဲ့ အရာမျိုး မဟုတ်တဲ့အတွက် ပြည်သူလူထုက စောင့်ကြပ်ကြည့်ရှုနိုင်ရန်အတွက် ထုတ်ဖော်ကြေညာမှုကို ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ သို့မှသာ လွှတ်တော်အမတ်တွေရဲ့ အကျိုးစီးပွားတွေက ဘာတွေလဲဆိုတာ ပြည်သူတွေက သိရှိ နားလည်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်ခြေတွေကို မှတ်တမ်းတင်ထားပြီး နောက်ဆုံးရတဲ့ အချက်အလက်တွေကို ပုံမှန် တင်ပြပေးရလေ့ရှိပါတယ်။ အစည်းအဝေးပွဲ တစ်ခု မစတင်မီမှာ အကျိုးစီးပွားပဋိပက္ခတွေကို ကြိုတင်ထုတ်ဖော် ကြေညာစေလေ့ ရှိပါတယ်။ တခါတရံမှာ ကျင့်ဝတ်နည်းနာအရ အဲဒီလို အကျိုးစီးပွားတစ်ခုခုနဲ့ ပတ်သက်နေတဲ့ လွှတ်တော်အမတ်ကို အဲဒီအစည်းအဝေး တက်ရောက်ခွင့်မပြုတာ ဒါမှမဟုတ် မဲပေးခွင့် မပြုတာမျိုးနဲ့ ကန့်သတ်လေ့ ရှိပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ကြက်ခြံပိုင်ရှင် အမတ်ဟာ “ကြက်ဥ အခွန် ဥပဒေကြမ်း”မှာ ဝင်ရောက် မဲပေးပိုင်ခွင့် ရှိမှာ မဟုတ်ပါ။

လွှတ်တော် စနစ်တွေက အမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့လည်း ယေဘုယျအားဖြင့် မဖြစ်မနေ ထုတ်ဖော် ကြေညာရမယ့် ခေါင်းစဉ် လေးခု ရှိပါတယ်။ ဒါတွေကတော့ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ ပေးရန်ရှိနဲ့ လက်ဆောင်များ (ခရီးသွား လာခွင့် အပါအဝင်) တို့ ဖြစ်ပါတယ်။

  • ပိုင်ဆိုင်မှုများ ။ ။ ပုံမှန်အားဖြင့် အိမ်ခြံမြေ၊ အစုရှယ်ယာတွေ၊ ဒါရိုက်တာရာထူးတွေ၊ ဘဏ်စာရင်းတွေ၊ ကုမ္ဗဏီလုပ်ငန်းတွေနဲ့ အခြားသော ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ပါတယ်။

  • ဝင်ငွေ ။ ။ နိုင်ငံအများစုမှာ နိုင်ငံရေး ရာထူး တစ်ခုခု ရယူပိုင်ဆိုင်ထားသူ တစ်ဦးဟာ အခြားသော ပြင်ပ ဝင်ငွေရတဲ့ အလုပ်အကိုင် တစ်ခုခုကို လုပ်ခွင့် မပြုပါဘူး။

  • ပေးရန်ရှိ ။ ။ ဥပမာ ပြောရရင် အကြွေးများစွာ ပေးဆပ်ရန်ရှိတဲ့ နိုင်ငံရေး သမားတစ်ဦးဟာ သူရဲ့ နိုင်ငံရေး ရာထူးကို အသုံးပြုပြီး ဝင်ငွေရရှိနိုင်တဲ့ အရာတွေကို ပြုလုပ်နိုင်တယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

  • လက်ဆောင်များနှင့် ခရီးသွားလာခွင့် ။ ။ နိုင်ငံတကာက ကိုယ်ကျင့်စည်းမျဉ်းတွေ အားလုံးနီးပါးမှာ လက်ဆောင်ရယူခြင်းနဲ့ ခရီးသွားလာခွင့် ရယူခြင်းတို့ကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။ အဲဒီအချက်ထဲမှာ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေက ကျင်းပတဲ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေကို တက်ရောက်ရတဲ့ လွှတ်တော်အမတ်တွေလည်း ပါဝင်ပါတယ်။

  • အထွေထွေ။ ။ ဗြိတိန်နိုင်ငံမှာ အဲဒီခေါင်းစဉ် တစ်ခုခုအောက်တွင် မပါဝင်တဲ့ အကျိုးစီးပွား ပဋိပက္ခ ရှိနိုင်သော ကိစ္စတွေကိုလည်း ပိုင်ဆိုင်မှု ထုတ်ဖော်တဲ့အခါမှာ ထည့်သွင်းဖော်ပြရမည်သာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုတွေကို စာရင်းပြုစု ဖော်ထုတ်တဲ့ပုံစံ နမူနာကို သိချင်ရင် အောက်ဖော်ပြပါ လင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့ ရဲ့ အကျိုးစီးပွားတွေကို ဗြိတိန် ပါလီမန်ဝက်ဆိုဒ်မှာ အများပြည်သူ အလွယ်တကူ ကြည့်ရှု နိုင်စေဖို့ ပြသထားရပါတယ်။

လွှတ်တော်အမတ် တစ်ဦးချင်းစီအတွက် ပိုင်ဆိုင်မှု ကြေညာခြင်းစည်းမျဉ်းအပြင် ကိစ္စရပ်တော်တော်များများမှာပါ ကျင့်ဝတ်ဟာ လွှတ်တော် လုပ်ထုံးလုပ်နည်းများအပေါ် များစွာ လွှမ်းမိုးမှု ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ လွှတ်တော် ကော်မတီ အစည်းအဝေးတွေကို တံခါးပိတ် လျှို့ဝှက်ဆွေးနွေးတဲ့ အလေ့အထဟာ ပွင့်လင်းမြင်သာမှု ရှိပါမယ်လို့ ကတိကဝတ်ပြုထားမှုနဲ့ တိုက်ရိုက်ဖီလာ ဆန့်ကျင်နေပါတယ်။

ကျွန်တော်တို့ အထက်မှာ တွေ့ခဲ့သလို ယေဘုယျဆန်တဲ့ ကိုယ်ကျင့်သဘောတရားတွေကို ကျယ်ပြန့်စွာ လက်ခံထားတယ်ဆိုစေဦးတော့၊ တိကျတဲ့အခြေအနေ အချိန်အခါပေါ် မူတည်ပြီး လွှတ်တော်အမတ်တစ်ဦးရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ ချိတ်ဆက်ထားနိုင်ခြင်း မရှိဘူးဆိုရင် အဲဒီလွှတ်တော်အမတ်ရဲ့ အပြုအမူကို ဝေဖန်ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သဘောတရားတွေကို အသေးစိတ်စည်းမျဉ်းတွေအဖြစ် ပြောင်းလဲလိုက်ခြင်းဟာ ပိုမိုအားကောင်းလာစေတာ မှန်သော်လည်း အဲဒီစည်းမျဉ်းတွေ ချိုးဖောက်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ် တစ်ခုခု ချမှတ်နိုင်တယ်ဆိုတဲ့ စည်းကြပ်မှု ရှိမှသာ အဲဒီကျင့်ဝတ်များဟာ ပိုမိုထိရောက်မှာ ဖြစ်ပါတယ်။

ဒီအခန်းဆက် ဆောင်းပါးရဲ့ နောက်ဆုံးလည်းဖြစ်တဲ့ တတိယမြောက် ဆောင်းပါးမှာ ဥပဒေမူဘောင်ကို အသုံးချပြီး ကျင့်ဝတ်ဥပဒေတွေ စိုးမိုးမှု ရှိစေဖို့ ဘယ်လို ဆောင်ရွက်သလဲဆိုတာ လေ့လာကြပါမယ်။

ပေါလ်တေလာ

paul@theananda.org

မှတ်ချက်။ ။ ဤဆောင်းပါးမှာ Westminster Foundation for Democracy and Global Organization of Parliamentarians Against Corruption (GOPAC) မှ ထုတ်ဝေသည့်“Handbook On Parliamentary Ethics And Conduct A Guide For Parliamentarians” စာအုပ်ကို အဓိက ကိုးကားထားပါသည်။