Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 30, 2020
တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာ နှင့် ခွဲခြားဆက်ဆံမှု မရှိခြင်း
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမှာတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ ပါတီ အားလုံးက ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ရွေးကောက် တင်မြှောက်ခံရရင် လွှတ်တော်တွင်းမှဖြစ်စေ၊ အစိုးရ အဖွဲ့တွင်းမှ ဖြစ်စေ ထိုကတိကဝတ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုး ကတိပေးနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်က စတင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း မည်သည့် ကိုယ်စားလှယ်လောင်းက မည်သည့် ဥပဒေပြုရေးနဲ့ မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသလဲ၊ မထောက်ခံသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်ပြီး မိမိ မဲပေးရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရွေးကောက်ပွဲ ပြီးနောက်ပိုင်းမှာလည်း ဒီအွန်လိုင်းပလက်ဖောင်းကို အသုံးချပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အခြေအနေတွေ တိုးတက်မှု ရှိမရှိကို လေ့လာ စောင့်ကြည့်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်း စတင်ခြင်းကို သိသာစေဖို့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပမယ့် နို၀င်ဘာလ ၈ ရက် နဲ့ ယခု အချိန်ကြားမှာ ကတိက၀တ်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို တောက်လျှောက် ထုတ်ဝေသွားပါမယ်။
မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို လက်မှတ် ရေးထိုးထားပြီး နိုင်ငံ ဖြစ်တဲ့အတွက် လွတ်လပ်မှုကို တန်ဖိုးထား ထိန်းသိမ်းမယ်ဆိုတာ ကမ္ဘာကြီးကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ UDHR ရဲ့ အပိုဒ် (၁)မှာ လူတိုင်းဟာ ဂုဏ်သိက္ခာနဲ့ အခွင့်အရေး အရာမှာ တန်းတူညီမျှရှိပြီး လွတ်လပ်ရမယ်လို့ ဖော်ပြထားပါတယ်။ အပိုဒ် (၂)မှာ လူတိုင်းကို လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်တဲ့ ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ ဒါမှမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနဲ့ ဆိုင်တဲ့ ဒါမှမဟုတ် လူမှု အဆင့်အတန်းနဲ့ ဆိုင်တဲ့ ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရလို့ ဆိုထားပါတယ်။ လူတိုင်းဟာ တူညီတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ပိုင်ဆိုင် ခံစားခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
၀မ်းနည်းစရာကောင်းတာက ဒီကတိကဝတ်ပြုရေး စီမံကိန်းအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ပြောဆို ဆွေးနွေးရာကနေ သိရှိလာတဲ့ အချက်က မြန်မာနိုင်ငံဟာ တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာနဲ့ ခွဲခြားဆက်ဆံမှု မရှိခြင်းဆိုင်ရာ ကတိကဝတ်တွေကို သဘောပေါက်ဖို့ ဝေးနေဆဲဆိုတာ ပေါ်လွင်လာပါတယ်။ အမျိုးသမီး ဖြစ်တဲ့ အတွက်ကြောင့် ဒါမှမဟုတ် တိုင်းရင်းသား လူနည်းစု အုပ်စုဝင် ဖြစ်နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် မသန်စွမ်းသူ တစ်ယောက်ဖြစ်ခြင်းကြောင့် လူအများအပြားဟာ အခြားသူတွေနဲ့ တန်းတူအခွင့်အရေး မရရှိဘဲ အခွင့်အရေးတွေ ငြင်းပယ်ခံနေရပါတယ်။ ဆင်းရဲတဲ့ ပြည်သူတွေဟာ ချမ်းသာပြီး သြဇာအာဏာရှိသူတွေထက် တဆင့်နိမ့်တဲ့ လူသားတွေ အဖြစ် ဆက်ဆံခံ နေရပါတယ်။
နိုင်ငံသားဖြစ်ခြင်း ဥပဒေ၊ အမျိုးဘာသာ ဥပဒေကဲ့သို့ အချို့သော ဥပဒေတွေဟာ လူမျိုးရေးမုန်းတီးမှုရှိတဲ့ အမျိုးသားရေးအစွန်းရောက် အမျိုးသားတွေက တိုင်းရင်းသားလူနည်းစုတွေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ငြင်းဆန်ဖို့ ရေးဆွဲထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။ ထိုနည်းတူစွာ ပြည်သူတွေက သူတို့ရင်ဆိုင်နေရတဲ့ ခွဲခြား ဆက်ဆံခံနေရမှုတွေကို ထုတ်ဖော်ပြောဆိုဖို့ ကြိုးစားတဲ့ အခါမှာလည်း ကြိုးစားတဲ့ ဘယ်သူ့ကိုမဆို အပြစ်ပေး အရေးယူနိုင်တဲ့ ဥပဒေများစွာလည်း တည်ရှိနေပါတယ်။
ခွဲခြားဆက်ဆံခြင်းနှင့် တန်းတူညီမျှမှု မရှိခြင်းက မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ အကြီးအကျယ် ပျံ့နှံ့ နေပါတယ်။ ဒါရိုက်တာ ယုန်လေးရဲ့ မကြာသေးမီက ရိုက်ကူးပြသခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတဲ့ ကြော်ငြာတစ်ခုက ဒီအချက်ကို ထင်ရှားစွာ ဖော်ပြနေပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေက ဒီလို လွန်ကျူးမှုတွေကို ပြစ်တင်ရှုတ်ချခြင်းမရှိပါက ခွဲခြားဆက်ဆံခြင်း ယဉ်ကျေးမှုကို အားပေး မြှင့်တင်ရာ ရောက်နေပါတယ်။ ဆိုးဝါးတဲ့ အချက်တွေထဲမှာ စုံစမ်းစစ်ဆေးခြင်းမပြုမီကပင် အာဏာပိုင်တွေဟာ ကျူးလွန်ခံရသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကို 'မုဒိမ်းမှုအတု'လို့ စွပ်စွဲတက်ခြင်းကလည်း အနာဂတ်မှာ ပြစ်မှု ကျူးလွန်လိုသူ အားလုံးဟာ အပြစ်ပေးအရေးယူ ခံရခြင်း မရှိဘဲ စိတ်ကြိုက် ကျုးလွန်နိုင်တယ်ဆိုတဲ့ သတင်းစကားကို ထုတ်ဖော်ပြောသလို ဖြစ်နေပါတယ်။ အမျိုးသမီးတွေကိုလည်း သူတို့ခံစားရတဲ့ အချက်တွေကို ထုတ်ဖော်ပြောဆိုရင် လိမ်လည်သူတွေအဖြစ် အရှက်ခွဲခံရမယ်လို့ ပြောလိုက်သလိုပါပဲ။
ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ဖြစ်ပေါ်နေရတဲ့ အကြောင်းအရင်းတစ်ခုက လူတိုင်းအတွက် တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာ၀န်ယူရတဲ့ အဓိက အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော်အစိုးရဟာ ခွဲခြားဆက်ဆံခံရခြင်းနဲ့ ခွဲခြား ဆက်ဆံခံရခြင်းရဲ့ ခံစားချက်ကိုနားလည်နိုင်ခြင်း မရှိတဲ့ အချက်ပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အင်စတီ ကျူးရှင်း အားလုံးကို သက်ကြီးပိုင်း ဗမာလူမျိုး အမျိုးသားတွေက အကြီးအကျယ် လွှမ်းမိုး ဦးဆောင်နေပါတယ်။ အကျိုးဆက် ဥပမာအားဖြင့် လွှတ်တော်က အစိုးရရဲ့ မိတ်ဆွေခရိုနီများကို အထောက် အကူပြုမည့် စီးပွားရေးကိစ္စရပ်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပုံမှန် ပြဋ္ဌာန်းခဲ့ပေမယ့်လည်း အမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်ဖို့ရာ ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတဲ့အခါမှာ (၈) နှစ်ကျော်ကြာခဲ့သည့်တိုင်အောင် အခုအချိန်ထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတဲ့အချက် ဖြစ်ပါတယ်။ ထိုနည်းတူစွာပင် အစိုးရဟာ တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုသော်လည်း လူမျိုးရေး အစွန်းရောက် ဥပဒေတွေဖြစ်တဲ့ နိုင်ငံသားဖြစ်မှု ဥပဒေ၊ လူမျိုးရေးနဲ့ဘာသာရေး ဥပဒေလေးမျိုးဖြစ်တဲ့ မျိုးစောင့်ဥပဒေတွေကို ပယ်ဖျက်ဖို့ မပြုလုပ်ခဲ့ပါဘူး။
အစိုးရ အဖွဲ့အစည်းတွေအတွင်း ခွဲခြားဆက်ဆံခြင်းနဲ့ မညီမျှမှုတွေရဲ့ သက်သေသာဓကတွေဟာ ကျွန်တော်တို့ရဲ့ နေစဉ်ဘဝကို လွှမ်းခြုံထားပါတယ်။
- အစိုးရဟာ အများပြည်သူ အသုံးပြုနိုင်တဲ့ အခြေခံ အဆောက်အအုံ တစ်ခုကို ရင်းနှီးမြှပ်နှံတဲ့အခါမှာ ကိုယ်ခန္ဓာ မသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစား ထားခြင်း မရှိတဲ့ ဒီဇိုင်းပုံစံတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ အားဖြင့် ရန်ကုန်မြို့မှာ မကြာသေးခင်က ဆောက်လုပ်ခဲ့တဲ့ လူကူးကုန်းကျော်တံတားတွေဟာ လက်တွန်းထိုင်ခုံ အသုံးပြုရတဲ့ မသန်စွမ်းသူတွေကို ဆက်လက် ဘေးဖယ်ထားပြီး သူတို့ကို မြို့ပြ ပြည်သူဘဝ ရရှိခံစားခြင်းမှ ဘေးဖယ်ထားသလို ဖြစ်နေပါတယ်။
- ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ချင်တယ်လို့ ကြွေးကျော်ထားပေမယ့် ၂၀၂၀ ပြည့်နှစ်ထိတိုင်အောင် လိင်တူ ချစ်သူထားခြင်းဟာ မြန်မာနိုင်ငံမှာ ရာဇဝတ်မှု တစ်ခု ဖြစ်နေဆဲပါပဲ။
- မြန်မာနိုင်ငံရဲ့ ဆင်းရဲသားပြည်သူတွေဟာ ဒုတိယတန်းစား ပြည်သူတွေအနေနဲ့ ဆက်ဆံခံနေရပါတယ်။ ယခုနှစ် ဇူလိုင်လမှာ ဖားကန့်က ကျောက်စိမ်းတွင်းတစ်ခုမှာ မြေပြိုမှုတွေ ဖြစ်ပေါ်တဲ့အခါ လူပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွက် ကျင်းပိုင်ရှင်တွေကို ပြစ်တင်ဝေဖန်မှု ဖြစ်ပေါ်မလာစေရေး အကျိုးစီးပွား ပဋိပက္ခတွေအနေနဲ့ စုံစမ်းစစ်ဆေးရေး အလုပ်တွေကို တားမြစ်ထားပါတယ်။
- ဆင်းရဲလွန်းအားကြီးတဲ့အတွက် အသက်အန္တရာယ်ကို မငဲ့ကွက်နိုင်ဘဲ ရေမဆေး ကျောက်ရှာဖွေသူတွေကသာ တာဝန်ရှိကြောင်း အစိုးရအရာရှိတွေက ပြန်လည် စွပ်စွဲခဲ့ပါသေးတယ်။ ဆိုလိုတဲ့အချက်က သင်ဟာ ချမ်းသာကြွယ်ဝသူဖြစ်ရင် ဘယ်လို ပြစ်ဒဏ်ပေးခြင်းမှ မခံရဘဲ စိတ်ကြိုက်ဆောင်ရွက်နိုင်ပြီး သင်ဟာ ဆင်းရဲတဲ့သူ တစ်ဦး ဖြစ်ရင်တော့ သင့်မှာ ဘာအခွင့်အရေးမှ မရှိတော့ပါဘူး။
ဆင်းရဲသားတွေကို အထောက်အကူပြုပေးနိုင်တဲ့ အခြေခံအဆောက်အအုံတွေ (ဥပမာ - ရန်ကုန် ဘတ်စ်ကား ၀န်ဆောင်မှု သို့မဟုတ် ကျေးလက် လမ်းမတည်ဆောက်ခြင်း)မှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို တွေ့မြင်နေရပြီး ကျန်းမာရေးနဲ့ ပညာရေးအတွက် အစိုးရ အသုံးစရိတ်တွေဟာလည်း လျင်မြန်စွာ မြင့်တက်လာနေပါတယ်။ ဒါပေမယ့် တစ်ခု သတိပြရမှာက ဒီအသုံးစရိတ်တွေဟာ အလွန် နိမ့်ကျတဲ့ အခြေအနေ အဆင့်အတန်းမှ တဖြည်းဖြည်း မြင့်တက်ရောက်ရှိလာခြင်းဖြစ်ပြီး ပြည်သူအားလုံးအတွက် တန်းတူ အကျိုးမရှိသေးဘူးလို့လည်း ဆိုနိုင်ပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေး ထောက်ပံ့မှု ကွန်ယက်တို့လို လူသား အရင်းအမြစ်တွေအပေါ်မှာ နောက်ထပ်အကြီးစားရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ အစိုးရ အနေနဲ့ ဦးစားပေးလုပ်ငန်းအစီအစဉ်တွေကို အသေအချာ ပြန်လည်စဉ်းစားပြီး အသုံးစရိတ်တွေနဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ မေးခွန်းတွေ မေးသင့်ပါတည်။ ဥပမာ - ပြည်သူများစွာဟာ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်နေကြရပြီး သူတို့ မိသားစုတွေကို ကျွေးမွေးဖို့ပင်မတတ်နိုင်တဲ့ အခြေအနေမှာ ဒေါ်လာ ဘီလီယံပေါင်း များစွာကို 'မြို့သစ်' တစ်ခု ဖော်ထုတ်တည်ဆောက်ရာမှာ သုံးစွဲသင့်သလား ဆိုသော မေးခွန်းမျိုး ဖြစ်ပါတယ်။
တန်းတူညီမျှမှုတွေ ကျဆင်းနေခြင်းနဲ့ မြန်မာနိုင်ငံက ပြည်သူများစွာကို တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ ခွဲခြားဆက်ဆံမှုတွေ ခံစားနေရခြင်းကို တားဆီးနိုင်ဖို့အတွက် အောက်တိုဘာ ၉ ရက်က စတင်ခဲ့တဲ့ ကတိကဝတ်ပြုမှု စီမံကိန်း ပလက်ဖောင်းမှနေပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အောက်ပါ ဖော်ပြချက်တွေကို သဘောတူသလား မတူသလား ကြိုတင် ကတိပြုနိုင်ဖို့ တောင်းဆိုပါမယ် -
- မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံးဟာ ကျားမကွဲပြားမှု၊ လိင်တိမ်းညွှတ်မှု၊ လူမျိုး၊ ကိုးကွယ်မှုဘာသာ ဒါမှမဟုတ် မသန်စွမ်း ဖြစ်မှု တို့အပေါ် မူမတည်ဘဲ တူညီတဲ့ အခွင့်အရေးတွေ ရရှိရပါမယ်။ လူ့အဖွဲ့အစည်းအတွင်းမှာလည်း ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးကိုမှ မပြုလုပ်ဖို့ အစိုးရအနေနဲ့ ကာကွယ်တားဆီးမှုတွေ ပြုလုပ်ဖို့ တာဝန်ရှိပါတယ်။
- အစိုးရဟာ ကိုယ်ပိုင်အမှတ်အသား လက္ခဏာတွေကို အခြေခံတဲ့ လူမျိုးအုပ်စုတွေဟာလည်း တန်းတူညီမျှတဲ့ အခွင့်အရေးရှိတယ်ဆိုတာကို အများပြည်သူကို အသိပေးဖို့ တာ၀န်ခံရပါမယ်။
- အမျိုးသမီးတွေ၊ မိန်းကလေးတွေ၊ကလေးသူငယ်တွေနဲ့ ထိခိုက်လွယ်တဲ့ အုပ်စုတွေကို ကာကွယ်ပေးဖို့အတွက် ပိုမိုများပြားတဲ့ အစိုးရ အသုံးစရိတ်တွေ ကျခံသုံးစွဲဖို့ စိတ်ပိုင်းဖြတ် လုပ်ဆောင်ရပါမယ်။
- မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်ခြင်း၊ ကော်မရှင် အဖွဲ့ဝင်တွေထဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်းမှ လူများ ပါဝင်စေခြင်း၊ ကြားနာစစ်ဆေးမှုတွေနဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ဝေခြင်းနဲ့ မြန်မာ လူ့အဖွဲ့အစည်းတွင်းမှာ ခံစားနေရတဲ့ ဘက်လိုက်မှုတွေကို တက်ကြွမှု ရှိစွာ ကာကွယ်ပေးနိုင်ဖို့အတွက် အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
- ကော်မရှင်ရဲ့ လုပ်ထုံး လုပ်နည်းနဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန် ကြေညာခြင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုခံစားနေရတဲ့ အုပ်စုတွေကို တက်ကြွစွာ အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။
- အမုန်းစကားပြောဆိုမှုနဲ့ သိက္ခာချတဲ့ အပြောအဆိုတွေကို ခံစားနေရတဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်ပေမယ့်လည်း လက်တွေ့မှာ အာဏာရှိသူတွေကို ဝေဖန်တဲ့သူတွေ တားဆီးဖို့အတွက်သာ နောက်ထပ် ထွက်ပေါ်လာနိုင်တဲ့ အသရေဖျက်မှု ဥပဒေ တစ်ခုသာ ဖြစ်နိုင်တဲ့ အမုန်းစကား ဥပဒေ တစ်ခု ပြဋ္ဌာန်းမယ့် အစား တန်းတူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှု တားဆီးရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းသင့်ပါတယ်။
- အမျိုးသမီးတွေဟာ အစိုးရ အဖွဲ့ခေါင်းဆောင် ရာထူးနေရာတွေကို ပိုမို ရရှိသင့်ပါတယ်။
- ကျား၊ မရေးရာတန်းတူညီမျှမှုနဲ့ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးဟာ အစိုးရအဖွဲ့အစည်းအားလုံးရဲ့ တရားဝင်တာဝန် တစ်ခုဖြစ်ရပါမယ်။ ဒီတာဝန်ကို အဓိက ထမ်းဆောင်ရမယ့် ဝန်ကြီးဌာနဟာ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၀န်ကြီးဌာနဖြစ်ပြီး အစိုးရ အနေဖြင့် အဲဒီဌာနကို ပိုမိုအလေးထား အာရုံစိုက်ပြီး အရင်းအမြစ်တွေ ပိုမိုထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။
- အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေဟာ သူတို့ကို ကာကွယ်ပေးဖို့ ဥပဒေအသစ်တစ်ခုကို ၈ နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရပါတယ်။ လက်ရှိ အမျိုးသမီးအကြမ်းဖက်ကာကွယ်တားဆီးရေးဥပဒေကြမ်းကိုလည်း ပိုမိုအားကောင်းစေဖို့ လုပ်ဆောင်သင့်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အတူတကွ တိုင်ပင်ဆွေးနွေးကာ အစိုးရသစ်၏ အဓိက ဦးစားပေး ဥပဒေ အဖြစ် အတည်ပြု ပေးရပါမယ်။
- ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အပါအဝင် လိင်တူ အိမ်ထောင်ပြုခြင်းကို ရာဇဝတ်မှု အဖြစ် သက်မှတ်ထားတဲ့ ဥပဒေတွေ စည်းမျဥ်းစည်းကမ်းတွေ အားလုံးကို ပြန်လည်ရုပ်သိမ်းရပါမယ်။
- အစိုးရ မူဝါဒနဲ့ ဥပဒေပြုမှုတွေမှာ ဖော်ပြထားတဲ့ ကျားမ အသုံးအနှုန်းဟာ ကျားမ အတိအကျ မပြောနိုင်တဲ့သူတွေအတွက် ခြုံငုံမိတဲ့ စကားလုံးတွေကို သုံးစွဲရပါမယ်။
- မသန်စွမ်းသူတွေကို နိုင်ငံရေး လှုပ်ရှားမှု ဖြစ်စဥ်ထဲက ဖယ်ရှားတဲ့ ဥပဒေတွေ၊ မူဝါဒတွေကို ပြန်လည် သုံးသပ်ပြီး ရုပ်သိမ်းရပါမယ်။
- အစိုးရက ဆောက်လုပ်တဲ့ အခြေခံ အဆောက်အအုံအားလုံးမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်း စဉ်းစားထားတဲ့ အဆောက်အုံပုံစံ မဖြစ်မနေ ပါဝင်ရပါမယ်။
- မြန်မာနိုင်ငံက တိုင်းရင်းသား လူနည်းစုအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ မတူညီတဲ့ တိုင်းရင်းသား အုပ်စုတွေကို မတူညီတဲ့ သက်ရောက်မှုတွေ ကျရောက်စေနိုင်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ ချမှတ်ခြင်း မလုပ်ဆောင်ဘဲ လက်ရှိ ဥပဒေတွေနဲ့ မူဝါဒတွေမှာ ပါရှိနေရင်လည်း ဖယ်ရှားရမှာ ဖြစ်ပါတယ်။
- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ တိုင်းရင်းသား လူနည်းစုတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း တိုင်ကြားမှုတွေကို တရားရေးစနစ်ရှေ့မှောက်မှာ ကောင်းမွန်မှန်ကန်စွာ စစ်ဆေးခြင်း မရှိသေးခင် အစိုးရက မဟုတ်ကြောင်း၊ မမှန်ကြောင်း ငြင်းဆိုခြင်းကို ဦးစွာ လုပ်ဆောင်ခြင်း မရှိရပါဘူး။