Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 27, 2020
နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေးနဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမှာတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့က ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ပါတီအားလုံးက ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ရွေးကောက် တင်မြှောက်ခံရရင် လွှတ်တော်တွင်းမှဖြစ်စေ၊ အစိုးရအဖွဲ့တွင်းမှ ဖြစ်စေ ထိုကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး ကတိပေးနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်က စတင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း မည်သည့် ကိုယ်စားလှယ်လောင်းက မည်သည့် ဥပဒေပြုရေးနဲ့ မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသလဲ၊ မထောက်ခံသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်ပြီး မိမိ မဲပေးရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလည်း ဒီအွန်လိုင်းပလက်ဖောင်းကို အသုံးချပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အခြေအနေတွေ တိုးတက်မှု ရှိမရှိကို လေ့လာစောင့်ကြည့်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်း စတင်ခြင်းကို သိသာစေဖို့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပမယ့် နို၀င်ဘာလ ၈ ရက်နဲ့ ယခုအချိန်ကြားမှာ ကတိက၀တ်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို တောက်လျှောက် ထုတ်ဝေသွားပါမယ်။
လူတိုင်းဟာ မိမိနိုင်ငံရဲ့အုပ်ချုပ်ရေးမှာ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေက တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိတယ်လို့ မြန်မာနိုင်ငံ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်သူပြည်သားတွေရဲ့ ဆန္ဒဟာ အုပ်ချုပ်မှု အာဏာရဲ့ အခြေခံဖြစ်ရမယ်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားပြီး စစ်မှန်တဲ့ရွေးကောက်ပွဲတွေနဲ့ ထင်ရှားစေရမှာဖြစ်ပြီး ရွေးကောက်ပွဲတွေမှာလည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ပွဲတွေ ကျင်းပပေးတာထက် ပိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဆိုတာက အစိုးရရဲ့ ဆုံးဖြတ်ချက်တိုင်းမှာ ပြည်သူလူထု ပါဝင်ပတ်သက်ခွင့်ရှိတဲ့ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေတဲ့ အစိုးရ အုပ်ချုပ်ရေး စနစ်တစ်ရပ်သာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု စီမံအုပ်ချုပ်မှုမှာ ပြည်သူလူထု ပါဝင်ပတ်သက်ခွင့်ဆိုတာ လူ့အခွင့်အရေး တစ်ရပ်ဖြစ်ပါတယ်။ ပတ်သက်ဆက်နွယ်သူ အများအပြားကို အနီးကပ် ပါ၀င် ပတ်သက်စေရင် ပေါ်ပေါက်လာတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေဟာ ပိုမိုကောင်းမွန်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ် စေပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ မတူခြားနားတဲ့ အုပ်စုတွေအပေါ် သက်ရောက်မှုတွေ ဒါမှမဟုတ် မရည်ရွယ်ထားတဲ့ အကျိုးဆက်တွေကို ပိုမိုကျယ်ပြန့်စွာ စနစ်တကျ စူးစမ်းလေ့လာနိုင်တာကြောင့် ဖြစ်ပါတယ်။ ပြည်သူလူထုကို ပါဝင်ပတ်သက်ခွင့်မပေး၊ ပွင့်လင်းမြင်သာမှုနဲ့ တာ၀န်ခံမှုလည်း မရှိခဲ့ရင် ဒီမိုကရေစီအစိုးရလို့ ဆိုနိုင်မှာ မဟုတ်သလို အစိုးရရဲ့ ဥပဒေတွေနဲ့ မူဝါဒတွေဟာ အထက်တန်းလွှာ အီလိုက်တွေကိုသာ အကျိုးရှိစေပြီး လူ့အခွင့်အရေး သဘောတရားတွေနဲ့ အခြား ထိခိုက်လွယ် အုပ်စုတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။
ဒီကတိကဝတ်စီမံကိန်းအတွက် တိုင်ပင်ဆွေးနွေးခဲ့တဲ့ အဖွဲ့အစည်းတွေက အဆင့်ဆင့်သော အစိုးရ တစ်ရပ်လုံးဟာ မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ်ကို နားလည်မှု အားနည်းကြောင်း ထင်မြင်ချက် ပေးကြပါတယ်။ မဟာဗျူဟာတွေ၊ မူဝါဒတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လမ်းညွှန်ချက်တွေ၊ အမိန့်တွေ၊ အမိန့်ကြော်ငြာစာတွေနဲ့ အခြား လုပ်ထုံးလုပ်နည်းတွေအကြား တစ်ခုနဲ့ တစ်ခု ခြားနားချက်တွေကို အစိုးရဟာ နားလည်မှု ကင်းမဲ့နေပါတယ်။ ဒီ့အတွက် အစိုးရက ချမှတ်လိုက်တဲ့ မူဝါဒချမှတ်မှုဟာလည်း ရှုပ်ထွေးပြီး ပြည်သူအများစု နားမလည်နိုင်ကြတာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် -
- အစိုးရရဲ့ မဟာဗျူဟာတွေဟာ တိုးတက်မှု ရှိမရှိ တိုင်းတာဖို့ မည်သည့် ညွှန်ကိန်းမှ မပါဘဲ ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေ ပါဝင်နေပါတယ်။
- အစိုးရဟာ ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့ အခြားရွေးချယ်စရာ နည်းလမ်းတွေ ရှိကောင်းရှိနိုင်တယ် ဆိုတာကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ဥပဒေသစ်တစ်ခုလိုအပ်တယ်လို့ မြန်မြန်ဆန်ဆန် ကောက်ချက်ချ လေ့ရှိပါတယ်။
- လွှတ်တော်ကလည်း ဥပဒေတွေကို အလျင်အမြန် အတည်ပြုပေးလိုက်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အစိုးရ အရာရှိတွေက ဥပဒေကို အသက်သွင်းဖို့အတွက် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲမှု ပြုလုပ်ခြင်း မရှိ ဒါမှမဟုတ် အနည်းငယ်ပဲ ပြောင်းလဲပါတယ်။
- ဥပဒေအသစ်တွေဟာ များသောအားဖြင့် ဥပဒေဟောင်းတွေထဲက ပြောင်းလဲဖို့ ဒါမှမဟုတ် ရုပ်သိမ်းဖို့ လိုအပ်တဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ အချက်တွေကို ပြန်လည်ရည်ညွှန်းခြင်း မရှိတာကြောင့် ကဏ္ဍတစ်ခုထဲမှာ လွှမ်းမိုးတဲ့ ဥပဒေတွေဟာ ရှေ့နောက်မညီညွတ်မှုတွေနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။
တွေ့ဆုံ မေးမြန်းခဲ့တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အားလုံးက သတင်းအချက်အလက်ဥပဒေကို ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အလွန်အရေးကြီးတယ်လို့ ခံယူကြပါတယ်။ လက်ရှိ အခြေအနေမှာတော့ အစိုးရဘတ်ဂျက်တွေ၊ တရားရုံးဆုံးဖြတ်ချက်တွေ၊ လွှတ်တော်တွင်း ကြားနာမှုတွေ၊ ဒေသဆိုင်ရာကော်မတီ ဆုံးဖြတ်ချက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်းက ပုံမှန် ရှိမနေပါဘူး။ အရင်အစိုးရ လက်ထက်က အဆိုပြု တင်သွင်းခဲ့တဲ့ သတင်းအချက်အလက်ရယူခွင့်ဥပဒေကို လက်ရှိ အစိုးရက ဆက်လက် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ လက်ရှိ အစိုးရရဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့်အပေါ် ထားရှိတဲ့ နိုင်ငံရေးဆန္ဒကို သံသယရှိလာကြပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းအချက်အလက် မျှဝေခြင်းကို လွယ်ကူ ချောမွေ့စေမယ့်အစား အစိုးရ သတင်းအချက်အလက်တွေကိုတောင် ပြည်သူတွေ သိစေဖို့ ထုတ်ပြန်ပေးနိုင်စွမ်း မရှိပါဘူး။ ဒါ့ကြောင့် သတင်းအချက်အလက်ဥပဒေကို အကောင်အထည်ဖော်ဖို့ အဓိက တာဝန်ရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဟာ အဲဒီဥပဒေ ထွက်ပေါ်မလာရေးအတွက် ငြင်းဆန်ခုခံဖို့ အကျိုးစီးပွား များစွာရှိနေတယ်လို့ ယူဆရပါတယ်။
လက်ရှိ အစိုးရ လက်ထက် မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေကို ဘေးဖယ်ထားတယ်လို့ ခံစားရကြောင်း မိမိတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အဖွဲ့အစည်း အများစုက ဖြေဆိုကြပါတယ်။ မူဝါဒတွေနဲ့ ဥပဒေတွေ ရေးဆွဲခြင်းလုပ်ငန်းမှာ ပြည်သူလူထု ပါဝင်ခွင့်ရခြင်းဟာ အလွန်ရှားပါးလှပါတယ်။ တခါတရံ ရှားရှားပါးပါး ပြည်သူတို့နဲ့ ဆွေးနွေးတိုင်ပင်မှုမျိုး လုပ်တဲ့အခါမှာလည်း ဂရုတစိုက်ရွေးချယ်ထားတဲ့ အထူးသဖြင့် အာဏာရပါတီနဲ့ နီးစပ်ရာ အသိုင်းအဝန်းက အဖွဲ့အစည်းတွေ ဒါမှမဟုတ် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ကြားလေ့ရှိပါတယ်။ ပြည်တွင်းမှ အသိပညာနဲ့ ကျွမ်းကျင်သူများထက် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်တွေကို ပိုမိုအလေးထားတဲ့ ဘက်လိုက်မှုတွေ ရှိတယ်လို့လည်း အချို့က ခံစားနေကြရပါတယ်။ ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပတ်သက်တဲ့ စံနှုန်းတွေ၊ နည်းဥပဒေ၊ စည်းမျဉ်းတွေလည်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လွှတ်တော်သက်တမ်း နှစ်ခု အတွင်းမှာ လွှတ်တော်ဟာ အစိုးရကို တာဝန်ခံမှု ရှိစေဖို့ စောင့်ကြပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ဥပဒေပြုရေး မဏ္ဍိုင် တစ်ခုလို ရပ်တည်လာနိုင်တဲ့အတွက် သိသာထင်ရှားတဲ့ တိုးတက်မှု ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းဟာ အပြုသဘော ဆောင်တဲ့ ဥပဒေပြုရေးဆိုင်ရာ ပြောင်းလဲမှု အချို့ကို သတိပြုမိကြပါတယ်။ ဥပမာ အရေးပေါ် အခြေအနေပြဋ္ဌာန်းချက်အက်ဥပဒေ ပုဒ်မ ၅ (ည) နဲ့ ဧည့်စာရင်းတိုင်ကြားရခြင်းတို့ကို ဖျက်သိမ်းခြင်း၊ ရပ်ကွက် နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ခြင်းတွေမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိနေပါတယ်။ အချို့သော လွှတ်တော်အမတ်တွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ တွေ့ဆုံလိုတဲ့ ရည်ရွယ်ချက် ရှိကြပြီး လွှတ်တော်တွင်း ဆွေးနွေးဖို့ လိုအပ်မယ့် အချက်အလက်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေဆီကနေ ရှာဖွေလိုကြပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အားနည်းချက်များစွာ ရှိနေဆဲဆိုတာကို အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။ ဥပမာ ဥပဒေပြုမှု အရည်အသွေး၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဥပဒေတွေ ပြဌာန်းရာမှာ တိုးတက်မှု နှေးကွေးခြင်း၊ လွှတ်တော်အမတ် အများစုဟာ ပါတီရဲ့ ခွင့်ပြုချက်မရှိဘဲ လွတ်လပ်စွာပြောဆိုခွင့်မရှိခြင်း၊လွှတ်တော် ကော်မတီ အစည်းအဝေးတွေဟာ လျှို့ဝှက်တဲ့ သဘောသဘာဝရှိနေခြင်းတွေကို သူတို့က ထောက်ပြကြပါတယ်။
လက်ရှိ အစိုးရဟာ ဗဟိုချုပ်ကိုင်မှု ပုံစံကို ပိုမိုကျင့်သုံးတာကို တွေ့ရပါတယ်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေးဟာ ဖယ်ဒရယ် နိုင်ငံရေး စနစ်တစ်ခု ထူထောင်နိုင်ဖို့မှာ မူတည်နေကြောင်း အားလုံးက လက်ခံ ထားပြီးဖြစ်တဲ့အတွက် လက်ရှိ အစိုးရလက်ထက်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို လုပ်ပိုင်ခွင့် ပိုမို လွဲအပ်ခြင်း မပြုခဲ့တာကို အံအားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။ ။ လက်ရှိ အခြေခံဥပဒေဘောင်ထဲမှာကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ၊ ဒေသန္တရ အစိုးရတွေကို လုပ်ပိုင်ခွင့် အာဏာ ပိုမို လွှဲအပ်နိုင်တဲ့ အခွင့်အရေးများစွာ ရှိတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ယုံကြည်ကြပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးလက်အောက်မှ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအောက် ပြောင်းရွှေ့လိုက်ခြင်းနဲ့ ပတ်သက်လို့ အများစုက အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စတစ်ခုအဖြစ် ကြိုဆိုကြပါတယ်။ မြေပြင်မှာ အကျိုးသက်ရောက်မှု တစုံတရာ မရှိသေးပေမယ့်လည်း ထိရောက်တဲ့ ဒေသန္တရအစိုးရ အုပ်ချုပ်မှုနဲ့ အနာဂတ်ကာလမှာ ဖယ်ဒရယ်ပြည်ထောင်စု စနစ်တစ်ခု ပေါ်ပေါက် လာစေဖို့ အခြေခံအုတ်မြစ် ချပေးလိုက်နိုင်ပါတယ်။ မြန်မာနိုင်ငံက ဒေသန္တရအုပ်ချုပ်ရေးကို လေ့လာ ဆန်းစစ်သူတွေ ထောက်ပြကြတာက မြူနီစီပယ်ဥပဒေတွေနဲ့ စည်ပင်သာယာရေး ကော်မတီတွေရဲ့ ကောင်းမွန်တဲ့ အချက်တွေကို ညွှန်ပြကြပါတယ်။ ဒီတော့ မေးခွန်းတစ်ခုက ကျေးလက်ဒေသတွေအတွက် ဒီလို ဒီမိုကရေစီ ဒေသအုပ်ချုပ်ရေး ပုံစံတွေ ရောက်ရှိအောင် ဘယ်လိုဆက်လက်ဖော်ဆောင်ရမလဲဆိုတာပါပဲ။
အစိုးရက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ ဆောင်ရွက်ချက်တွေ ပြုလုပ်တဲ့အခါ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ ဒါပေမယ့် စုံစမ်းမှုနဲ့ အရေးယူမှုပြုလုပ်လိုက်တဲ့ အမှုတွေက နိုင်ငံရေး ရည်ရွယ်ချက်တွေကြောင့် ဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်နစ်နာစေနိုင်တဲ့ အကြောင်းအရင်းကြောင့် မဟုတ်တာကို တွေ့မြင်ရပါတယ်။ အကျင့်ပျက်ခြစားမှုကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာလည်း တိုက်ရိုက်လာဘ်ပေးမှုကိုသာ ရည်ရွယ်ပြီး ကြီးမားတဲ့ အကျင့်ပျက်ခြားစားမှုတွေနဲ့ အစိုးရ မူဝါဒတွေကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ အဂတိတရားတွေကို အကျင့်ပျက် ခြစားမှု အဖြစ် သတ်မှတ်ခြင်း မရှိတာကို တွေ့ရပါတယ်။ အစိုးရအဖွဲ့အစည်းတွေကို စီးပွားရေးလုပ်ငန်းတွေက အမြောက်အများ လှူဒါန်းမှု ပြုလုပ်တဲ့ အလေ့အထဟာ အကြီးအကျယ်ထွန်းကားနေခြင်းကလည်း အဂတိတရားတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ပြီး အစိုးရ အရာရှိတွေကို အကျင့်ပျက် ခြစားမှုနဲ့ ပတ်သက်လို့ တိုင်ကြားဖို့ကလည်း မြောက်များလှစွာသော အသရေဖျက်မှု ပုဒ်မတွေ ရှိနေတာကြောင့် စွပ်စွဲမှု မှားယွင်းခဲ့ရင် အပြစ်ပေးခံရနိုင်တဲ့အတွက် တိုင်ကြားခြင်းက စွန့်စားမှုလို ဖြစ်နေပါတယ်။ လျှို့ဝှက်တိုင်ကြားသူတွေကို အကာအကွယ်ပေးနိုင်တဲ့ မူဝါဒတွေနဲ့ ဥပဒေလည်း မရှိသေးပါဘူး။
အစိုးရ ဗျူရိုကရေစီယန္တရားတစ်ခုလုံးဟာ အစဥ်အလာအား ဖြင့် ထိန်းချုပ်ခြင်း၊ အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခြင်းတို့ကို အဓိကထားခဲ့ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေဟာ အားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ မူဝါဒ ချမှတ်ခြင်းဆီ ကြီးမားတဲ့ အပြောင်းအလဲ လုပ်ဖို့ဆိုတာ စိန်ခေါ်မှုကြီး တစ်ခုဆိုတာကို အရပ်ဘက် လူ့အဖွဲ့အစည်းတွေက လက်ခံအသိအမှတ်ပြုကြပါတယ်။ အစိုးရအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေး၊ စည်းမျဉ်းစည်းကမ်းများ၊ ထိန်းချုပ်မှုတွေနဲ့ အသားကျနေတဲ့ ယဥ်ကျေးမှုကနေ ပွင့်လင်းမှု ဆန်းသစ်တီထွင်မှုနဲ့ အရည်အချင်းကို တန်ဖိုးထားတဲ့ ယဉ်ကျေးမှုဆီ ဦးတည်ရွှေ့ပြောင်းသင့်ပါတယ်။
ပွင့်လင်းမြင်သာမှုနဲ့ တာ၀န်ခံမှုရှိတဲ့ အစိုးရစနစ်တစ်ခု ပေါ်ပေါက်လာစေရေးအတွက် ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ပါ၀င်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်တွေကို အောက်ပါ ကတိကဝတ်တွေကို လုပ်ဆောင်ဖို့ ဒါမှမဟုတ် သဘောတူဖို့ ဖိတ်ခေါ်လိုပါတယ်။
- အစိုးရအနေနဲ့ ပြည်သူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေကို ဦးစားပေး လုပ်ငန်းတစ်ခုအနေနဲ့ အတည်ပြု ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။
- သတင်းအချက်အလက်ဥပဒေ အတည်မပြုနိုင်မီ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေဟာ သတင်းအချက်အလက်တွေကို တက်ကြွစွာ ပိုမိုမျှဝေပေးဖို့ လိုအပ်ပါတယ်။
- အစိုးရဟာ ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်း အမိန့်တွေ ကြားမှာ ရှင်းလင်းတဲ့ လမ်းညွှန်ချက် ချမှတ်ပြီး မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ် ရှေ့နောက်ညီညွတ်မှု ရှိစေဖို့ ဆောင်ရွက်ရပါမယ်။
- အစိုးရ အဆင့်ဆင့်တိုင်းရှိ မူဝါဒတွေဟာ ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ကိုလည်း စနစ်တကျ ပြုလုပ်ရပါမယ်။ အစိုးရနဲ့ ပြည်သူတွေ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်း ကိစ္စရပ်တွေမှာ သတ်မှတ်ချက် စံနှုန်းတွေ (ဥပမာ- တွေ့ဆုံဆွေးနွေးရမည့် ကာလသတ်မှတ်ချက်၊ အင်တာနက်မှ အဆိုပြုလွှာများ ထုတ်ဝေခြင်း၊ ရရှိလာသည့် ဆွေးနွေးချက်တွေအပေါ် မည်ကဲ့သို့ ထည့်သွင်းစဉ်းစားပြီး အစိုးရက မည်ကဲ့သို့ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခြင်း) ထားရှိရမှာ ဖြစ်ပါတယ်။
- အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှု ပြုလုပ်ရာမှာ အလေ့အကျင့်ကောင်း ရရှိစေဖို့ အစိုးရ အရာရှိတွေကို လေ့ကျင့်သင်တန်းပေးမှုတွေ ပြုလုပ်ရပါမယ်။
- စွမ်းဆောင်ရည် တိုးမြှင့်ဖို့၊ ကော်မတီ တစ်ခုနဲ့တစ်ခု လုပ်ငန်းတာဝန်တွေ ထပ်နေခြင်းက ရှောင်ကြဉ်ဖို့၊ သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းခြင်း ပိုမို လုပ်ဆောင်နိုင်ဖို့အတွက် လွှတ်တော်ကော်မတီ ဖွဲ့စည်းပုံတွေကို ပြန်လည်သုံးသပ်ဖို့ လိုပါမယ်။ လွှတ်တော်ကော်မတီတွေဟာ ဥပဒေပြုရေးမတိုင်မီ နဲ့ ဥပဒေပြုပြီးနောက်ပိုင်း ဆန်းစစ်မှုတွေ ပြုလုပ်ဖို့အတွက် အများ ပြည်သူကြားနာမှုတွေ ပုံမှန် ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကော်မတီတွေဟာ ကော်မတီအစည်းအဝေး ပြုလုပ်တဲ့အခါမှာလည်း ပြည်သူတွေ လာရောက်နားထောင်နိုင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။
- အစိုးရသစ်တစ်ရပ် စတင် တာဝန် ထမ်းဆောင်တဲ့အခါ အစိုးရက ၎င်းရဲ့ သက်တမ်းအတွင်း ပြုလုပ်မယ့် ဥပဒေပြုရေး အစီအစဉ်တွေကို ထုတ်ပြန်သင့်ပါတယ်။ ရွေးကောက်ခံ လွှတ်တော်အမတ်တွေက ဥပဒေကြမ်းတွေကို ဆွေးနွေးငြင်းခုံနိုင်ဖို့အတွက် သင့်တော် လုံလောက်တဲ့ အချိန် တစ်ခုရရှိစေဖို့ လွှတ်တော်က ရှင်းလင်းတဲ့ ဥပဒေပြုရေး အချိန်ဇယားတစ်ခု ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။
- လွှတ်တော်ပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးဖို့ ရရှိတဲ့ အချိန်ပမာဏ ကန့်သတ်ချက်ကို ပြင်ဆင်ရပါမယ်။
- အသစ်ပြဌာန်းတဲ့ ဥပဒေတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ အာဏာကို ဗဟိုအစိုးရ ချုပ်ကိုင်မှုအောက် ပိုမို ရောက်ရှိစေနိုင်တဲ့ ပြဌာန်းချက်တွေမပါစေဖို့ ဆောင်ရွက်ရပါမယ်။
- ပြည်နယ်/တိုင်းဒေသကြီး ၀န်ကြီးချုပ် ခန့်အပ်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်ရှိ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒအပေါ် အခြေခံသင့်ပါတယ်။
- ဒေသန္တရအစိုးရ ပြုပြင်ပြောင်းလဲမှုအတွက် ရွေးချယ်စရာတွေ ရှာဖွေဖို့ အစိုးရဟာ ဒေသန္တရအစိုးရ ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ မူဝါဒရေးရာ လေ့လာမှုကို ပြုလုပ်ရပါမယ်။ ဒေသန္တရအစိုးရ ဥပဒေ ၊ အထွေထွေအုပ်ချုပ်ရေးဌာနကို ဒေသခံကောင်စီအသစ်အောက်ရှိ ၀န်ထမ်းအဖြစ် အသွင်ပြောင်းလဲခြင်း၊ ရန်ကုန်နဲ့ မန္တလေး အပြင် အခြား ပြည်နယ်/တိုင်းဒေသကြီးတွေမှာလည်း ရွေးကောက်ခံ မြို့တော်ဝန် ထားရှိရေးစဉ်းစားခြင်း၊ DAOs၊ TPICs၊ YCDC / MCDC တွေကို ပြန်လည် သုံးသပ်ခြင်းနဲ့ အခြား ဒေသတွေမှ ကောင်းမွန်တဲ့ အစီအစဉ်တွေကို မည်သို့ ကျင့်သုံးရမည်ကို ပြန်လည်သုံးသပ်မှုတွင် ထည့်သွင်းစဉ်းစားသုံးသပ်နိုင်ပါတယ်။
- အစိုးရဟာ ပွင့်လင်း ဘက်ဂျက် စံနှုန်းတွေကို လိုက်နာကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်ဖို့ တာဝန်ရှိပြီး အစိုးရ အဆင့်တိုင်းဟာ ဘက်ဂျက် စာရင်းဇယားတွေကို အများပြည်သူသို့ အချိန်မှန် ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။
- အစိုးရ အဆင့်ဆင့်တိုင်းရဲ့ အစိုးရ အစည်းအဝေးတွေ၊ ကော်မတီအစည်းအဝေးတွေက အများပြည်သူ အကျိုးစီးပွားနဲ့ စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ၎င်းတို့ လိုက်နာတဲ့ စည်းမျဥ်း/သတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာခြင်း၊ အစည်းအဝေးမှတ်တမ်း ထုတ်ပြန်ကြေညာခြင်းနဲ့ အစည်းအဝေးတက်ရောက်သူတွေရဲ့ အကျိုးစီးပွားကို ထုတ်ဖော်ကြေညာခြင်းတွေ လုပ်ဆောင်ရပါမယ်။
- လွှတ်တော်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်အား ပြန်လည်သုံးသပ်မှုကို ဆောင်ရွက်ရပါမယ်။
- အစိုးရ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ နှစ်မျိုးစလုံးအပေါ် သက်ရောက်မှု ရှိတဲ့ လျှို့ဝှက်တိုင်ကြားခြင်း ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးရပါမယ်။
- အစိုးရဌာနတွေကို စီးပွားရေး လုပ်ငန်းတွေက ပေးအပ်တဲ့ လှူဒါန်းမှုကို လက်ခံရာမှာ အကျိုးစီးပွား ပဋိပက္ခ ရှိမရှိ စစ်ဆေးနိုင်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခု အစိုးရက ဖန်တီးတည်ဆောက်ရမှာ ဖြစ်ပါတယ်။