Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 21, 2020
စီးပွားရေး လွတ်လပ်မှုများ - အလုပ်လုပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးပိုင်ခွင့်နှင့် အလုပ်သမားများ၏ အခွင့်အရေး
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမှာတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့က ဖော်ထုတ်တင်ပြခဲ့ပါတယ်။ ပါတီ အားလုံးက ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ရွေးကောက် တင်မြှောက်ခံရရင် လွှတ်တော်တွင်းမှဖြစ်စေ၊ အစိုးရ အဖွဲ့တွင်းမှ ဖြစ်စေ ထိုကတိကဝတ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုး ကတိပေးနိုင်တဲ့ [အွန်လိုင်းပလက်ဖောင်း](https://campaignpromise.info/policy) တစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်က စတင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း မည်သည့် ကိုယ်စားလှယ် လောင်းက မည်သည့် ဥပဒေပြု ရေးနဲ့ မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသလဲ၊ မထောက်ခံသလဲ ဆိုတာ အလွယ်တကူ သိရှိနိုင်ပြီး မိမိ မဲပေးရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရွေးကောက်ပွဲ ပြီးနောက်ပိုင်းမှာလည်း ဒီအွန်လိုင်းပလက်ဖောင်းကို အသုံးချပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အခြေအနေတွေ တိုးတက်မှု ရှိမရှိ လေ့လာ စောင့်ကြည့်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်း စတင်ခြင်း ကို သိသာစေဖို့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပမယ့် နို၀င်ဘာလ ၈ ရက် နဲ့ ယခုအချိန် ကြားမှာ ကတိက၀တ် တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ကို တောက်လျှောက် ထုတ်ဝေသွားပါမယ်။
မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)ကို လက်မှတ်ရေးထိုးထားခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ လူတိုင်း အလုပ်လုပ်ခွင့်ရဖို့၊ မိမိအလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့၊ တရားမျှတပြီး သင့်တော်တဲ့ လုပ်ငန်းခွင် အနေအထား ရရှိဖို့၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ ကာကွယ်ပေးခံရဖို့ ၊ ခွဲခြား ဆက်ဆံမှုမရှိဘဲ တူညီတဲ့အလုပ်အတွက် တူညီတဲ့လစာရဖို့ နဲ့ သင့်တော်တဲ့ လုပ်ခလစာ ရရှိဖို့ အခွင့်အရေးတွေရှိတယ် ဆိုတာကို ကတိကဝတ်ပြု ထားပါတယ်။ ဒါ့အပြင် လူတိုင်းဟာ မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ဖို့ အလုပ်သမား အစည်းအရုံးတွေ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိပြီး သင့်မြတ်လျော်ကန်စွာ သတ်မှတ်ထားတဲ့ အလုပ်လုပ်ချိန် အပြင်၊ လစာနဲ့တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားတဲ့ အလုပ်အားလပ်ရက်တွေ ပါဝင်တဲ့ အနားယူခွင့်နဲ့ အားလပ်ခွင့် ခံစားပိုင်ခွင့်တွေလည်း ရှိပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၄ ၊ ၁၇၊ ၂၃ နဲ့ ၂၄ တို့မှာ အဆိုပါ ကတိကဝတ်တွေကို ဖော်ပြထားပါတယ်။
ကျွန်တော်တို့ ဆက်သွယ် ပြောဆိုခဲ့တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအများအပြားက အစိုးရမှာ စီးပွားရေးအတွက် ရှင်းလင်းတဲ့ အမြင်မရှိဘူးလို့ ယူဆကြပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပုံရတဲ့ ခရိုနီ အနည်းငယ်ကသာ လွှမ်းမိုးထားပါတယ်။ မကြာသေးမီနှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရှိခဲ့ပေမယ့်လည်း ဆင်းရဲချမ်းသာ မညီမျှမှုနဲ့ ဆင်းရဲနွမ်းပါးမှုဟာ မြင့်မားနေဆဲဖြစ်ပါတယ်။
အချို့ ဥပဒေတွေနဲ့ မူဝါဒတွေက တိုးတက်မှု ရှိခဲ့ပေမယ့်လည်း စီးပွားရေးဆိုင်ရာ စီမံအုပ်ချုပ်မှုတွေကို ပွင့်လင်းမြင်သာမှုရှိစေဖို့၊ ထိရောက်မှု ရှိစေဖို့နဲ့ တာဝန်ခံမှု ရှိစေဖို့ လုပ်ဆောင်ချက်ကတော့ အနည်းငယ်သာ တွေ့ရှိရပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ် (ဥပမာအားဖြင့် မရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ ချမှတ် လုပ်ဆောင်နေတဲ့ ကော်မတီတွေက ပေးအပ်တဲ့ လိုင်စင် ဒါမှမဟုတ် ခွင့်ပြုချက်တွေ ရရှိဖို့ ကြိုးပမ်းရခြင်း) ။ ဒါ့အပြင် အဲဒီ ကော်မတီတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ထုတ်ပြန်ကြေညာခြင်း ပြုလုပ်ဖို့ ခဲယဥ်းပြီး တရားရုံးမှာ အဲဒီ ဆုံးဖြတ်ချက်တွေကို စစ်ဆေးပိုင်ခွင့် ရှိဖို့ကတော့ ပိုတောင် ဝေးသေးတယ်လို့ ပြောရမှာပါ။ ဒီ အချက်တွေက အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်စေဖို့ ကြီးမားတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနေပါတယ်။
ဒီလို ရှုပ်ထွေးတဲ့ စနစ်ဟာ အရင်အတိုင်းပဲ အစိုးရရဲ့ မိတ်ဖက် ခရိုနီကြီးတွေကိုသာ မျက်နှာပေးတဲ့ အခွင့်သာစေတဲ့ စနစ်တစ်ခုအဖြစ် ပေါ်ထွက်လာပါတယ်။ အရင်အစိုးရရဲ့ ခရိုနီတွေက လက်ရှိ အစိုးရ အပေါ် ပြောင်းလဲ သစ္စာခံလိုက်ဖို့ပဲ လိုအပ်ပါတယ်။ အဲဒီအတွက် စီးပွားရေးလောကတစ်ခုလုံးဟာ ယှဉ်ပြိုင်နိုင်မှု အားမကောင်းတော့ဘဲ တီထွင်ဖန်တီးမှု ကင်းမဲ့လာပါတယ်။ အစိုးရ ( စစ်တပ်အပါအဝင်)၊နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေ ကြားမှာ ကြီးကြပ်သူနဲ့ ဖောက်သည် ဆက်ဆံရေးမျိုးဟာ အခိုင်အမာ ရှိနေဆဲပဲ ဖြစ်ပါတယ်။
အစိုးရဟာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဒေသခံလူမှုအသိုင်းအဝန်းဆီက အကြံဉာဏ်တောင်းယူခြင်း တိုင်ပင်နှီးနှောခြင်းမရှိတဲ့အပြင် ကိုယ်တိုင် ချမှတ်ထားတဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှု အကဲဖြတ်ချက်ဆိုင်ရာ မူဝါဒတွေအတိုင်းလည်း လိုက်နာဆောင်ရွက်ခြင်း မရှိပါဘူး။ အဲဒီအတွက် လက်ရှိမျိုးဆက်တွေနဲ့ အနာဂတ် မျိုးဆက်တွေ မှီခိုအားထားနေရတဲ့ ဂေဟစနစ် ဝန်ဆောင်မှုတွေကို ထိခိုက်ပျက်စီးစေပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဟာ အစိုးရရဲ့ မြေယာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ဥပဒေတွေကို ချဉ်းကပ်ပုံ နည်းလမ်းတွေကို ကြည့်ရှုပြီး များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ မဟာဗျူဟာအဆင့် အမျိုးသား မြေယာအသုံးပြုမှု မူဝါဒ ရှိပေမယ့်လည်း မြေယာ အသုံးပြုမှု စီမံကိန်းချမှတ်ဖို့အတွက် မဟာဗျူဟာမြောက် ချဉ်းကပ်ခြင်း မရှိတဲ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကတဆင့် ပြည်သူတွေ ပူးပေါင်းပါဝင်ခွင့်ရနိုင်တဲ့ လုပ်ငန်းစဉ်တွေလည်း မရှိပါဘူး။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေ (VFV Land Law) နဲ့ မြေယာပြန်လည် ရယူခြင်း၊ နေရာချထားခြင်းနှင့် ပြန်လည် အသုံးပြုခြင်း ဥပဒေ (LAARL) ကို ပြင်ဆင်၊ ပြဋ္ဌာန်းမှုတွေမှာ အားနည်းချက်တွေ များစွာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီဥပဒေတွေဟာ ပြည်သူလူထုရဲ့ မြေယာပိုင်ဆိုင်မှုကို ကာကွယ်ပေးခြင်း လုံးဝ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေအတွက် ဖြစ်ပါတယ်။ ဥပဒေအသစ်မှာ ပါဝင်တဲ့ ရှုပ်ထွေးမှုတွေကြောင့် ဆုံးဖြတ်ချက် ချသူတွေကို ဘယ်သူက မြေပိုင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို ကြိုက်သလို ဆုံးဖြတ်ချက်ချမှတ်နိုင်ခွင့် ပေးအပ်လိုက်ပြီး မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ လယ်သမားတွေကို နှင်ထုတ်နိုင်တဲ့ အခွင့်အာဏာ ၎င်းတို့မှာ ရရှိသွားပါတယ်။ ဒီလို မတရားဆုံးဖြတ်ချက်တွေကို တရားမျှတတဲ့ တရားရုံးတစ်ခုခုရဲ့ ကြီးကြပ်မှုမရှိဘဲ ချမှတ်နိုင်ပါတယ်။ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ထုတ်ပြန်ကြေညာခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ရာမှာ အသုံးပြုလိုက်တဲ့ စည်းမျဉ်းတွေကိုလည်း ဖော်ထုတ်ရှင်းပြခြင်း မရှိပါဘူး။
အရပ်ဘက်အဖွဲ့အစည်းတွေဟာ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး Extractive Industries Transparency Initiative (EITI) အစီရင်ခံစာနဲ့ အကောင်အထည်ဖော် ချမှတ်ခြင်းတို့ကို ဆက်လက်ပြုလုပ်နေခြင်းနဲ့ အကျိုးခံစားခွင့်ရှိတဲ့ ပိုင်ဆိုင်သူ (Beneficial Ownership)တွေကို ဖော်ထုတ်နေတဲ့အတွက် များစွာ ကျေနပ်ကြပါတယ်။ ကျောက်စိမ်းနဲ့ ကျောက်မျက်တွေ ထုတ်လုပ်ခွင့် လိုင်စင် ပေးအပ်ခြင်းကို အတန်အသင့် ရပ်ဆိုင်းခြင်းကြောင့် အချို့သော ကုမ္ပဏီတွေကို သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး စွမ်းဆောင်ရည်တွေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်သလို ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သဘာဝသယံဇာတ ထုတ်လုပ်မှုအပေါ် မှီခိုနေရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့(ပြင်ထားလို့ ကြည့်ပေးပါအုံး) အဲဒီလုပ်ငန်းကဏ္ဍကို ပိုမိုတင်းကျပ်စွာ ကြီးကြပ်အုပ်ချုပ်ဖို့ လိုအပ်နေပါတယ်။ နိုင်ငံတော်ပိုင်သယံဇာတတွေ ထုတ်လုပ်ခြင်းကနေ ရရှိလာတဲ့ အမြတ်အစွန်းတွေကိုလည်း သယံဇာတ ထုတ်လုပ်တဲ့ဒေသက ပြည်သူတွေကို ပြန်လည်ပေးအပ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။ သဘာဝသယံဇာတ နဲ့ ပတ်သက်တဲ့ ပွင့်လင်းမြင်သာမှုပိုင်းမှာ လုပ်ဆောင်နေတယ်ဆိုပေမယ့် တိုးတက်မှုကတော့ နှေးကွေးနေတယ်လို့ ပြောနိုင်ပါတယ်။ အချက်အလက် တိကျမှုမရှိခြင်းနဲ့ စစ်ဆေးခြင်းမရှိတာတွေကို တွေ့ရပါတယ်။
နိုင်ငံပိုင်လုပ်ငန်းများဖြစ်တဲ့ SOEs နှင့် SEEs တွေဟာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ခြင်း လုပ်စရာမလိုဘဲ ကင်းလွတ်ခွင့်ရနေပါတယ်။ အစိုးရအနေဖြင့် အကျိုး စီးပွား ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုမှ မပြုလုပ်ခဲ့တဲ့အတွက် အစိုးရ အရာရှိတွေဟာ ၎င်းတို့ လုပ်ကိုင်နေတဲ့ ဌာနနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကဏ္ဍမှာ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်နိုင်ပြီး ထိုသို့ပိုင်ဆိုင်ကြောင်းကို ထုတ်ဖော်ကြေညာဖို့ မလိုတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ထိခိုက်ခံရနိုင်ချေ အရှိဆုံး နိုင်ငံတစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့အတွင်းမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အာရုံစူးစိုက်မှုက အနည်းငယ်ပဲ ရှိပါတယ်။သဘာဝ ပတ်ဝန်းကျင် အကာအကွယ်ပေးခြင်းကို ပိုပြီး အသိအမှတ်ပြုဖို့ လိုသလို သဘာဝပတ်ဝန်းကျင် အကဲဖြတ်မှု (EIA) လုပ်ငန်းစဉ်တွေကို အစိုးရ အစိတ်အပိုင်း အားလုံးမှာ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။ သက်ရောက်မှု ကြီးစွာ ဖြစ်ပေါ်လာနိုင်တဲ့ စီမံကိန်းကြီးတွေဟာ လုပ်ငန်းစတင် မလည်ပတ်ခင် စီမံကိန်း နေရာမှာ EIA လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။
အလုပ်သမားတွေဟာ လုပ်ခနည်းပါးပြီး ညံ့ဖျင်းတဲ့ လုပ်ငန်းခွင် အခြေအနေတွေမှာ နာရီပေါင်းများစွာကြာအောင် အလုပ်လုပ်နေကြရပါတယ်။ စက်ရုံအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဆင်းရဲသား ပျံကျရပ်ကွက်တွေမှာ နေထိုင်ရလေ့ရှိပါတယ်။ အလုပ်သမားတွေဟာ သူတို့ရဲ့ အလုပ်အခြေအနေတွေကို တိုးတက်အောင်လုပ်ဖို့ အလုပ်သမားသမဂ္ဂတွေက တဆင့်စည်းရုံးလှုံ့ဆော်တဲ့အခါ အလုပ်ထုတ်တာကို ခံရနိုင်ပါတယ်။
ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးပိုင်ခွင့်နဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးလိုရင် အောက်ပါ ထုတ်ပြန်ချက်တွေ သဘောတူဖို့ / ကတိကဝတ်ပြုဖို့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖိတ်ကြားလိုပါတယ်။
- အစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေဟာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘ၀ တိုးတက်စေဖို့၊ စျေးကွက်အတွင်း ယှဉ်ပြိုင်မှုနဲ့ ဆန်းသစ်တီထွင်မှုကို ပိုမိုအားပေးဖို့၊ ဆင်းရဲချမ်းသာကွာဟမှုကို ဖြေရှင်းဖို့နဲ့ လက်ဝါးကြီးအုပ် စီးပွားရေးပုံစံကို ပြောင်းလဲနိုင်ဖို့အတွက်သာ ဖြစ်စေဖို့ လုပ်ဆောင်ပါမယ်။
- စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အကျင့်ပျက်ခြစားမှု အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တဲ့၊ အမြစ်တွယ်နေတဲ့ ဗျူရိုကရေစီ ယန္တရား ရှုပ်ထွေးမှုတွေ ရှင်းလင်း လွယ်ကူစေဖို့ ဖြေလျော့ချက်တွေ လုပ်ဆောင်ပေးရမယ်။
- နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ (SOEs နှင့် SEEs)တွေဟာ လုပ်ငန်းလည်ပတ်ရာမှာ အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ လုပ်ငန်းတွေကို စီမံအုပ်ချုပ်ရာမှာလည်း အကျိုးစီးပွား ပတ်သက်မှုတွေ ကင်းရှင်းမှုရှိအောင် လုပ်ဆောင်ရပါမယ်။
- အစိုးရတာ၀န်ရှိသူတွေဟာ သူတို့ တာဝန်ယူ ကြီးကြပ်ရတဲ့ လုပ်ငန်းကဏ္ဍ တစ်ခုခုနဲ့ သက်ဆိုင်တဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းမှာမဆို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ၀င်ရောက်လုပ်ကိုင်ခြင်း၊ ပိုင်ဆိုင်ခြင်း မရှိစေအောင် တားမြစ်ဖို့ အလွန် အရေးကြီးပါတယ်။
- နိုင်ငံရေးသမားတွေ အားလုံးနဲ့ အဆင့်မြင့် အစိုးရအရာရှိတွေ အားလုံးဟာ သူတို့ရဲ့ ဘဏ္ဍာရေး အကျိုးစီးပွားတွေ၊ ပိုင်ဆိုင်မှုတွေရဲ့ နောက်ဆုံးရ အချက်အလက်တွေကို အများပြည်သူ သိရှိစေအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံအားလုံးအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်ပြီး အကျင့်ပျက်ခြစားမှုကို ရှောင်ရှားဖို့ မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်တဲ့အရာ တစ်ခု ဖြစ်ပါတယ်။
- အစိုးရအဆင့်အားလုံးရဲ့ မူဝါဒချမှတ်ရာမှာ ပြည်သူလူထု မရှိမဖြစ် ပါဝင်စေအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
- ပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို လုပ်ဆောင်ရပါမယ်။
- ဖွံ့ဖြိုးတိုးတက်မှု အကြောင်းပြချက်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအချက်တွေကို ဖောက်ဖျက် လုပ်ဆောင်ခြင်း လုံးဝ မရှိအောင် ဆောင်ရွက်ရပါမယ်။
- ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ တိုင်ပင် ဆွေးနွေးခြင်းနဲ့ သက်ရောက်မှု အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိပါတယ်။
- ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုဟာ ဒေသခံတွေကို အကျိုးမပြု၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုရှိပါက ဆက်လက်လုပ်ဆောင်ခြင်း မရှိစေဖို့ လုပ်ဆောင်ရပါမယ်။
- မြေယာအသုံးပြုမှုစီမံကိန်း ရေးဆွဲဖို့ လိုအပ်ပြီး အစီအစဉ်တွေကို ဖော်ထုတ်ရာမှာ ပြည်သူနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေကို အချိန်မှန် လုပ်ဆောင်တဲ့ ယန္တရား တစ်ခု တည်ဆောက်ဖို့ လိုအပ်ပါတယ်။
- အမျိုးသား မြေအသုံးချမှု မူဝါဒအပေါ် အခြေခံပြီး မြေယာဥပဒေတွေကို ပြုပြင်ပြောင်းလဲရာမှာ အစိုးရအနေဖြင့် အသေးစားလယ်သမားတွေရဲ့ အသံကို ဂရုတစိုက်နားထောင်ရပါမယ်။
- မြေယာ ဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာပိုင်ဆိုင်ခွင့်ကို လေးစား လိုက်နာခြင်းကို မဖြစ်မနေ လုပ်ဆောင်ရပါမယ်။
- ဘယ်လို အရေးပေါ်အခြေအနေမှာမဆို လက်ရှိ လုပ်ကိုင်နေတဲ့ မြေယာမှတ်ပုံတင်ခြင်းနဲ့ မြေယာ သိမ်းယူမှု လုပ်ငန်းတွေကို ခြွင်းချက်မရှိ ဆိုင်းငံ့ထားရပါမယ်။
- လက်ရှိအစိုးရဟာ စီးပွားရေးအတွက် သဘာဝအရင်းအမြစ်တွေရဲ့ အရေးပါမှုကို အသိအမှတ် ပြုခြင်း မရှိတာကို တွေ့ရပြီး အသိအမှတ်မပြုဘဲ ရှောင်ရှားနေမယ့်အစား သတ္တု သယံဇာတ ပေါများကြွယ်ဝမှုမှ ရရှိလာတဲ့ ဓနဥစ္စာတွေကို ဖြန့်ဝေရမယ့်နည်းလမ်းနဲ့ ပတ်သက်ပြီး အနာဂတ် ဖက်ဒရယ် နိုင်ငံရေး ညှိနှိုင်းဖြေရှင်းမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆောင်ရွက်ရပါမယ်။
- အစိုးရဟာ ဘယ်လို အရေးပေါ်အခြေအနေအတွင်းမှာမဆို မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ရေ၊ မြေနဲ့ ဂေဟစနစ်တို့ကို အသုံးပြုမယ့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို စီမံကိန်း ရေးဆွဲခြင်း နဲ့ အကောင်အထည် ဖော်ခြင်းတို့ကို ခြွင်းချက်မရှိ ဆိုင်းငံ့ထားရပါမယ်။
- စိုက်ပျိုးရေးကဏ္ဍကို စီးပွားရေးအသွင်ပြောင်းမှုဟာ အသေးစား လယ်ယာလုပ်ကိုင်နေသူတွေရဲ့ အကျိုးစီးပွား အတွက်ဖြစ်ရပါမယ်။
- ရာသီဥတုပြောင်းလဲခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကို ရှောင်ရှားခြင်းဟာ တိုင်းပြည်အတွက် အမြင့်ဆုံး ဦးစားပေးမှုတွေအနက်မှ တစ်ခုဖြစ်ရပါမယ်။
- သဘာဝ ပတ်၀န်းကျင်သက်ရောက်မှုကို အနည်းဆုံး လျှော့ချဖို့ တာဝန်ဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တစ်ခုတည်းသာမကဘဲ အစိုးရဌာနတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။
- အစိုးရမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာစေရန် နှင့် အလုပ်ခွင်တွင် ပိုမို ဘေးကင်လုံခြုံစေရန် ဆောင်ရွက်သွားမည်။
- အနိမ့်ဆုံးလုပ်ခလစာကို ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ လူမှုရေးနှစ်ခုစလုံး ပြည့်စုံကြွယ်ဝတဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်စေဖို့ သေချာစေမယ့် လုပ်အားခအဆင့်တစ်ခုကို သတ်မှတ်ထားသင့်ပါတယ်။ အဲဒီ လစာနှုန်းထားကိုလည်း ပုံမှန်ပြန်လည်သုံးသပ်ပြီး အခါအားလျော်စွာ တိုးမြှင့် ပေးရမှာ ဖြစ်ပါတယ်။
- အထူးစီးပွားရေး ဇုန်တွေတည်ဆောက်ရာမှာလည်း အလုပ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် နေထိုင်စရာ အိမ်၊ ပညာရေးနဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံ၊ အပန်းဖြေဖို့ ပတ်ဝန်းကျင်တစ်ခုတို့ ပါ၀င်ရပါမယ်။ အဲဒီအရာတွေကို ဆောက်လုပ် ထောက်ပံ့ပေးတဲ့အခါမှာလည်း အထူးစီးပွားရေးဇုန်က အခွန်ကောက်ခံခြင်းမှ ရရှိတဲ့ ဝင်ငွေကို အသုံးချရပါမယ်။
- အကြီးစား ကုမ္ပဏီကြီးတွေရဲ့ စီအီးအို လစာနဲ့ အနိမ့်ဆုံး ၀န်ထမ်းတစ်ဦးရဲ့ လစာအကြား လခအချိုးအစားကို ထုတ်ပြန်ရပါမယ်။
- ၀န်ထမ်းအားလုံး (အစိုးရနှင့်ပုဂ္ဂလိကနှစ်ခုစလုံး) ဟာ မျှတတဲ့ အကျိုးခံစားခွင့် စံနှုန်းတွေ (ဥပမာ အားလပ်ရက်လစာ) နဲ့ လူမှုကာကွယ် စောင့်ရှောက်ရေး (ဥပမာ လစာ ပြည့် ဆေးခွင့်) တွေကို ခံစားခွင့်ရှိရပါမယ်။