Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 19, 2020

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲရမယ့်အရာတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ ပါတီ အားလုံးက ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ရွေးကောက် တင်မြှောက်ခံရပါက လွှတ်တော်တွင်းမှဖြစ်စေ၊ အစိုးရ အဖွဲ့တွင်းမှ ဖြစ်စေ ထိုကတိကဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုး ကတိပေးနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်က စတင်ခဲ့ပြီ ဖြစ်ပါတယ်။  ပြည်သူတွေအနေနဲ့လည်း မည်သည့် ကိုယ်စားလှယ်လောင်းက မည်သည့် ဥပဒေပြုရေးနှင့် မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသလဲ၊ မထောက်ခံသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်ပြီး မိမိ မဲပေးတဲ့အခါ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလည်း ဒီအွန်လိုင်းပလက်ဖောင်းကို အသုံးချပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အခြေအနေတွေ တိုးတက်မှု ရှိမရှိကို လေ့လာ စောင့်ကြည့်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်း စတင်ခြင်း ကို သိသာစေဖို့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပမယ့်  နို၀င်ဘာလ ၈ ရက်  နဲ့ ယခုအချိန်ကြား ကတိက၀တ် နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ကို တောက်လျှောက် ထုတ်ဝေသွားပါမယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကိုလက်မှတ်ရေးထိုးခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်နဲ့ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေကို အကာအကွယ်ပေးဖို့ ကတိကဝတ်ပြု ထားကြောင်း ကမ္ဘာကိုပြသခဲ့ပြီး ဖြစ်ပါတယ်။ ကြေညာစာတမ်းရဲ့ အပိုဒ် ၁၉ အရ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင် ယူဆခွင့် ၊ မိမိ၏ ထင်မြင်ယူဆချက်ကို ကိုင်စွဲနိုင်ခွင့် နဲ့ မည်သည့် သတင်းမီဒီယာကို မဆို သုံးစွဲပြီး သတင်းအကြောင်းအရာနဲ့ သဘောတရားတွေ လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကို မြန်မာ အစိုးရက ဖြည့်ဆည်းပေးဖို့ တာဝန် ရှိပါတယ်။ အပိုဒ် ၂၀ မှာ ဖော်ပြထားတဲ့ အချက်ကတော့ လူတိုင်းမှာ လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နဲ့ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခံရတဲ့ အရပ်သား အစိုးရလက်အောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က တိုးတက်မလာတဲ့အပြင် နောက်ပြန်ဆုတ်သွားတဲ့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းက လူအများအပြားဟာ စိတ်ပျက်နေပါတယ်။ အထူးသဖြင့် ဥပဒေ အတော်များများမှာ ပါရှိတဲ့ အသရေဖျက်မှုပုဒ်မတွေ အလွဲသုံးစားပြုလုပ်ပြီး အစိုးရ ဝေဖန်သူတွေကို တရားစွဲဆို အပြစ်ပေးနိုင်ဖို့ အသုံးချခဲ့ပါတယ်။ အမုန်းစကား တိုက်ဖျက်ရေး နဲ့ နိုင်ငံတော် တည်ငြိမ်ရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ ပြည်သူတွေက သူတို့ရဲ့ ထင်မြင် ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလာရင် ဖိနှိပ်ဖယ်ရှားဖို့ အသုံးပြုတဲ့ အကြောင်းပြချက်တွေ ဖြစ်လာပါတယ်။ ရာဇဝတ်မှုတွေကို တားဆီးဖို့၊ သတင်းအမှားတွေကို တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက် အုပ်စုတွေလို့ စွပ်စွဲခံရတဲ့ အုပ်စုတွေကို ထိန်းချုပ်ဖို့ အကြောင်းပြပြီး လူ့အခွင့်အရေးတွေကို မကြာခဏ ချိုးဖောက်ခဲ့ကြပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့ ဥပဒေပေါင်း ၃၀ ကျော်ကို ရှာဖွေ တွေ့ရှိရပါတယ်။ ဒီအချက်ဟာ အခြေခံ လူ့အခွင့်အရေး တစ်ခုကို ဖိနှိပ်တဲ့ လုပ်ဆောင်ချက် တစ်ခု ဖြစ်တဲ့အပြင် ဒီမိုကရေစီ သဘောတရားတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။ ဒီမိုကရေစီစနစ်မှာ အစိုးရ တစ်ရပ်ဟာ မဲဆန္ဒရှင်တွေနဲ့ သတင်းမီဒီယာတွေရဲ့ ဝေဖန်မှုကို ခံနိုင်ရည်ရှိရမှာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လည်း လိုပါတယ်။ ဝေဖန်မှုတွေကို လက်သင့်ခံခြင်း မရှိတဲ့အပြင် အစိုးရ ဒါမှမဟုတ် နိုင်ငံရေး ခေါင်းဆောင်တွေဟာ ထိရှလွယ်လွန်းပြီး ဝေဖန်မှု တစ်ခုခု ပြုလုပ်ရင်ကို တရားစွဲဆိုတာတွေ လုပ်ဆောင်နေပါတယ်။ ဒီလို တရားစွဲနိုင်တဲ့ အကြောင်းရင်းကလည်း ကျယ်ပြန့်စွာ အဓိပ္ပာယ် ဖွင့်လို့ရနေတဲ့ ဥပဒေ ပုဒ်မတွေက ဝေဖန်သူတွေကို နှုတ်ပိတ်နိုင်ဖို့အတွက် လိုသလို အဓိပ္ပာယ် ဖွင့်ဆိုနိုင်တဲ့ အခွင့်အရေး ပေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီ အသရေဖျက်မှုပုဒ်မတွေကို ပယ်ဖျက်ရမယ့်အစား အစိုးရဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်ဖို့အတွက် ဥပဒေအသစ်တွေ ထပ်မံ အတည်ပြု ပြဌာန်းဖို့ လိုလားနေတဲ့ သဘောရှိပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွဟာ လက်ရှိရေးဆွဲနေတဲ့ 'အမုန်းစကား ကာကွယ်ရေး' ဥပဒေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေပါတယ်။ အဲဒီဥပဒေဟာ အသရေဖျက်မှုပုဒ်မ ပါဝင်လာနိုင်တဲ့ ဥပဒေ ဖြစ်လာနိုင်ပြီး အာဏာရှိသူတွေက ၎င်းတို့အား စော်ကားတယ်လို့ ခံစားရတဲ့ အခါတိုင်း အလွဲသုံးစားပြုနိုင်တဲ့ ဥပဒေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီမိုကရေစီစနစ် တစ်ခုဟာ လွတ်လပ်ပြီး တက်ကြွမှုရှိတဲ့ သတင်းမီဒီယာ ရှိမရှိ အပေါ်မှာ မူတည်နေပါတယ်။ လက်ရှိ အစိုးရ သက်တမ်း အတွင်း သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ ဆန္ဒပြသူတွေ၊ လယ်သမားတွေနဲ့ အလုပ်သမားတွေ စုစုပေါင်း ၁၀၀၀ ကျော်ကို ထောင်သွင်း အကျဉ်းချခြင်း ဒါမှမဟုတ် တရားစွဲခြင်းတွေနဲ့ ဖိနှိပ်ခဲ့ပါတယ်။

စာနယ်ဇင်းသမားတွေကို ထောင်သွင်းအကျဉ်းချသည့်အပြင် အစိုးရဟာ ၎င်းကို ဝေဖန်မှုတွေ ပြုလုပ်နေတယ်လို့ ယူဆရတဲ့ သတင်းမီဒီယာဌာနတွေရဲ့ အင်တာနက် ၀က်ဘ်ဆိုဒ်တွေကို ဆင်ဆာဖြတ်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီပြဿနာက သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေ မရှိခြင်းနဲ့လည်း ချိတ်ဆက်မှု ရှိပါတယ်။ (အကျယ်ကို ခေါင်းစဉ် ၆ တွင်ဆွေးနွေးထားပါတယ်။) အစိုးရမီဒီယာတွေရဲ့ အားသာချက်နဲ့ သတင်းအချက်အလက်ထိန်းချုပ်မှုဟာ အစိုးရရဲ့ ဝါဒ ဖြန့်ချိရေး ယန္တရားကို စိန်ခေါ်တဲ့ ဘယ်လို မီဒီယာကိုမဆို အပြစ်ပေး အရေးယူနိုင်တဲ့အထိ ကျယ်ပြန့်များပြား လှပါတယ်။ အစိုးရဟာ ၎င်းရဲ့ သတင်းဌာနတွေကို လွတ်လပ်စွာ သွားလာခွင့် ပေးနေတဲ့ အချိန်မှာ COVID-19 ကန့်သတ်ချက်ကိုတောင် အသုံးပြုပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေရဲ့ အလုပ်လုပ်ခွင့်ကို ပိတ်ပစ်ခဲ့ပါတယ်။

မျက်မှောက်ကာလ ဒစ်ဂျစ်တယ် သတင်းအချက်အလက်ခေတ်မှာ အချို့ အဖွဲ့အစည်းတွေ ၊ အုပ်စုတွေအတွက် အင်တာနက် အသုံးပြုခွင့် ကန့်သတ်ခြင်း ဒါမှမဟုတ် ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့ခြင်းဟာ ယခင်အစိုးရခေတ်က တင်းကြပ်တဲ့ ဆင်ဆာစည်းမျဉ်းတွေနဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအစိုးရဟာ အင်တာနက်လွတ်လပ်ခွင့်ကို တားမြစ်တဲ့ နည်းလမ်း နှစ်ခုကို အသုံးချခဲ့ပါတယ် - ၎င်းတို့ ပိတ်ဆို့လိုတဲ့ အကြောင်း အရာတွေကို လူအများ မကြည့်ရှုနိုင်ဖို့ ပိတ်ဆို့ခြင်း ဒါမှမဟုတ် အင်တာနက် မသုံးစွဲနိုင်ဖို့ အခြေခံအဆောက်အအုံကို ကန့်သတ်ခြင်း နည်းလမ်းတွေ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လမှစပြီး ယနေ့အချိန်အထိ စုစုပေါင်း အင်တာနက်၀က်ဘ်ဆိုက် ၂၀၀၀ ကိုပိတ်ဆို့ခဲ့တဲ့ အမိန့် ၅ ခု ထုတ်ပြန်ခဲ့ပါတယ်။ Nirijiara, VOM နှင့် Karen News တို့လို တရားဝင် သတင်း မီဒီယာတွေဟာလည်း အစိုးရကို ဝေဖန်တဲ့အတွက် ပစ်မှတ်ထား ပိတ်ဆို့ခြင်း ခံခဲ့ရပါတယ်။

အင်တာနက်လိုင်းအခြေခံအဆောက်အအုံကို တားမြစ်တဲ့နေရာမှာတော့ ကမ္ဘာ့ အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကို မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလို လုပ်ရပ်မျိုးကို COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် အတွင်း ပြည်သူအများစုဟာ သူတို့ မိသားစု ဘေးကင်းလုံခြုံစေရေးအတွက် ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေ ရရှိဖို့ အင်တာနက်ပေါ် မှီခို အားထားနေရတဲ့ အချိန်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ လုံးဝ အသုံးမဝင်တဲ့ 2G ၀န်ဆောင်မှုတွေကို အစိုးရက ဟန်ပြအနေဖြင့် ပြန်လည် ထည့်သွင်းခဲ့ပါတယ်။ တယ်လီဖုန်း SIM ကတ် မှတ်ပုံတင်ရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (NRC) ကို ပြသဖို့ လိုအပ်တဲ့အတွက် မြန်မာနိုင်ငံက NRC ကတ် ရရှိဖို့ အခက်အခဲရှိတဲ့ ပြည်သူအများအပြားကို အင်တာနက် သုံးစွဲနိုင်ခွင့် များစွာ ကန့်သတ်လိုက်သလို ဖြစ်သွားပါတယ်။ အချို့ဒေသတွေမှာ ကွန်ရက်ကောင်းမွန်မှု မရှိတဲ့အတွက် SIM ကတ် အများအပြား သုံးစွဲဖို့ လိုအပ်တဲ့ဒေသတွေက ပြည်သူတွေကိုလည်း ကန့်သတ်ရာ ရောက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ အဲဒီ စည်းမျဉ်းတွေ စတင် ကျင့်သုံးစဉ် ဖြတ်တောက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန် COVID-19 ကပ်ဘေး ကူးစက်ပျံ့နှံ့နေပေမယ့်လည်း ပြည်သူများစွာဟာ ဖုန်းသုံးစွဲခြင်း ဖြတ်တောက်ခံနေရဆဲ ဖြစ်ပါတယ်။

လွတ်လပ်စွာစုရုံးခွင့်ဟာလည်း ဖိနှိပ်ခံနေရပါတယ်။ အစိုးရ အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ပုံမှန် ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။ လက်ရှိအာဏာရပါတီရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းမှာ ပြည်သူလူထုရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့တဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အစိုးရရဲ့ နှိပ်ကွပ်နေမှုတွေကို မယုံနိုင်စရာ ဖြစ်နေခဲ့ရပါတယ်။ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်တွေကို ဒီလိုနည်းနဲ့ ကန့်သတ်ဖို့ ကြိုးစားနေခြင်း က အလွန်ဝမ်းနည်းစရာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဆန္ဒပြသူ ၁၀၀ နီးပါးကို ဆန္ဒပြပွဲ ပါဝင်ခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒနဲ့ အပြစ်ပေး အရေးယူ ခဲ့ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေလည်း ပါဝင်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းစုဝေး လှည့်လည်ခြင်း ဥပဒေကို ဝေဝါးတဲ့ စကားလုံးများစွာနဲ့ ဖွဲ့စည်းထားပြီး အာဏာပိုင်တွေဟာ ဆန္ဒပြဖို့အတွက် ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်တယ်လို့ ယူဆနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု တစ်ခု ဖြစ်ပေါ်ခဲ့ရင်လည်း အစိုးရရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဆန္ဒပြမှုတွေကို အားပေးဖို့ ကာကွယ်ပေးဖို့ လုပ်ရမယ့်အစား အာဏာပိုင်တွေ အဓိက လုပ်ဆောင်တဲ့အချက်က ဆန္ဒပြပွဲကို ထိန်းချုပ်ဖို့ ဒါမှမဟုတ် တားဆီးဖို့ ကြိုးစားကြပါတယ်။

သဘောတရားအရတော့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက နိုင်ငံတွင်းက အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ ဆန္ဒအလျောက် မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်တယ်လို့ ဆိုထားပါတယ်။ လက်တွေ့မှာတော့ အဖွဲ့အစည်းတွေဟာ မှတ်ပုံတင်ထားခြင်း မရှိရင် လုပ်ငန်းလည်ပတ်နိုင်ဖို့ အလွန်ခက်ခဲတာကို တွေ့ကြုံနေရပါတယ်။ ဥပမာ ပြောရရင် အစိုးရ အရာရှိတွေ ဒါမှမဟုတ် နိုင်ငံရေးသမားတွေက မှတ်ပုံတင်ထားခြင်း မရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ငြင်းဆန်တာ၊ ရန်ပုံငွေလက်ခံရယူဖို့ ဘဏ်စာရင်းဖွင့်လို့ မရတာတွေနဲ့ ကြုံတွေ့ရပါတယ်။ CSO အများအပြားဟာ အသစ်ထွက်လာမယ့် ငွေကြေးခဝါချခြင်းနဲ့ အကြမ်းဖက် ဥပဒေတွေမှာ ပါဝင်တဲ့ ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်လို့ရတဲ့ ပုဒ်မတွေကြောင့် ၎င်းတို့ရဲ့ လုပ်ဆောင်မှုတွေကို ကန့်သတ်မှုတွေ ထပ်မံဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီလိုကန့်သတ်မှုတွေနဲ့ အခြေအနေဟာ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်ကို ကန့်သတ်ခြင်းပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့် အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်မှု ဖြစ်နေတဲ့ အခြေအနေတွေကို လမ်းကြောင်းပြန်ပြောင်းနိုင်ဖို့အတွက် အောက်တိုဘာလ ၉ ရက်က ကတိကဝတ်ပြုရေး ပလက်ဖောင်းကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီပလက်ဖောင်းဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို အောက်ပါ ဖော်ပြချက်တွေကို သဘောတူသလား မတူသလား ကြိုတင် အသိပေး ကတိပြုဖို့ တောင်းဆိုပါမယ် -

  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ချိုးဖောက်နေတဲ့ ဥပဒေတွေ - အထူးသဖြင့် အသရေဖျက်မှု ပုဒ်မတွေ ပါဝင်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း ဒါမှမဟုတ် ရုပ်သိမ်းဖယ်ရှားခြင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
  • လွှတ်တော်ကို တင်သွင်းလာတဲ့ ဥပဒေကြမ်းတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ချက်တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
  • အစိုးရပိုင် သတင်းမီဒီယာတွေဟာ သတင်းအချက်အလက်တွေကို ထိန်းချုပ်ဖို့ အာဏာရှင်အစိုးရ အသုံးပြုခဲ့တဲ့ ဝါဒဖြန့်ချိရေး ယန္တရားရဲ့ အမွေအနှစ်တွေဖြစ်တဲ့အတွက် ပြန်ကြားရေး ၀န်ကြီးဌာနကို ဖျက်သိမ်းခြင်း အပါအ၀င် နိုင်ငံပိုင် သတင်းဌာနအားလုံးကို ပိတ်သိမ်းသင့်ပါတယ်။
  • လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ သတင်းမီဒီယာကဏ္ဍကို ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာအဖြစ် ရှုမြင်ပြီး အစိုးရဟာ ထောက်ပံ့မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
  • ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၇၇ နဲ့ ၇၈ တို့ကို ပြန်လည် ရုပ်သိမ်းပြီး အစိုးရတစ်ရပ်က အင်တာနက် ဖြတ်တောက်ထားနိုင်စွမ်း ရှိနေခြင်းကို ကာကွယ်တားဆီး ရပါမယ်။
  • အင်တာနက် ၀က်ဘ်ဆိုဒ်တွေကို ပိတ်ဆို့တဲ့ အခါမှာလည်း နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ ရှင်းလင်းစွာ အဓိပ္ပာယ် သတ်မှတ်ထားပြီး အကြောင်းပြချက်တွေ ထုတ်ပြန်ကြေညာပြီးမှသာ ဆောင်ရွက်ရပါမယ်။ ဥပမာ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ အကြောင်းအရာတွေ၊ ကလေးသူငယ် ညစ်ညမ်းရုပ်ပုံတွေနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုလို ကိစ္စတွေမှာ ပိတ်ဆို့ခြင်းကို ပြုလုပ်ခွင့် ရှိပါတယ်။
  • တယ်လီဖုန်း SIM ကတ် မှတ်ပုံတင်ရာမှာ နိုင်ငံသားစိစစ်ရေးကတ် (NRC) လိုအပ်ချက် အမိန့်ကို ပြန်လည်ရုပ်သိမ်းရပါမယ်။
  • အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာစေဖို့ဆိုပြီး ကောက်ခံထားတဲ့ ရန်ပုံငွေတွေကို သုံးစွဲရာမှာ မူလ ရည်ရွယ်ချက်အတိုင်းသာ သုံးစွဲဖို့နဲ့ အဲဒီ ရန်ပုံငွေတွေကို ကိုယ်ရေးရာဇဝင် အချက်အလက် စစ်တမ်းကောက်ယူတဲ့ နည်းပညာအတွက် သုံးစွဲခြင်းကို ရပ်တန့်ရပါမယ်။
  • ဆန္ဒပြသူတွေကို ထိန်းချုပ်ဖို့နဲ့ အပြစ်ပေးဖို့မဟုတ်ဘဲ ကာကွယ်ပေးဖို့နဲ့ အဆင်ပြေချောမွေ့စေဖို့ လုပ်ဆောင်ပေးရမယ့် တာဝန်ဟာ အစိုးရရဲ့ တာ၀န် ဖြစ်ကြောင်း အထူးအလေးအနက်ထားတဲ့ ဥပဒေ မူဘောင်တွေကို ပြန်လည် ရေးဆွဲရပါမည်။
  • ရဲတွေနဲ့ ဒေသခံအာဏာပိုင်တွေ အနေနဲ့ ၎င်းတို့ရဲ့ တာဝန်ဟာ ဆန့်ကျင်ဆန္ဒပြခွင့် ရှိတဲ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရခြင်းသာ ဖြစ်ကြောင်း အစိုးရ အာဏာပိုင်တွေ ဝေဖန်ခံရခြင်း မရှိဖို့ ကာကွယ်ပေးရတဲ့ သူတွေ မဟုတ်ကြောင်း နားလည်စေဖို့ လေ့ကျင့်သင်ကြားပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
  • ဆန္ဒပြမှုတွေကို တားဆီးထားတဲ့ ဒေသန္တရ အမိန့်အားလုံးကို ပြန်လည်ရုပ်သိမ်းပြီး ဘယ်လို အကြောင်းပြချက်နဲ့မှ နောက်တစ်ကြိမ် ထပ်မံပြီး အဲဒီလို အမိန့်မျိုး မထုတ်ပြန်ဖို့ ဆောင်ရွက်ရပါမယ်။
  • အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေက လူထု အခြေပြုလူ့အဖွဲ့အစည်းကို ကန့်သတ် ချုပ်ချယ်နိုင်တဲ့ အလွဲသုံးစား ပြုလုပ်နိုင်ခြင်း မရှိစေဖို့ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ရပါမယ်။
  • အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ပိုမို တင်းကျပ် ချုပ်ချယ်နိုင်တဲ့ အသစ် ပြဋ္ဌာန်းမယ့် ဥပဒေတွေကို အတည်မပြုမီ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်ဟာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့နဲ့ ကန့်သတ်ဖို့ မဟုတ်ဘဲ လုပ်ပိုင်ခွင့်ပေးဖို့သာ ဖြစ်သင့်ပါတယ်။