Posted in စိတ်ကူးစိတ်သန်း ရှေ့ခြေလှမ်းများ on Oct 16, 2020

တရားဥပဒေစိုးမိုးရေး၊ ဥပဒေရှေ့မှောက်တွင်တန်းတူညီမျှမှု နှင့် တရားမျှတစွာစီရင်ပိုင်ခွင့်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲမှုတွေကို အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ ပါတီတွေ အားလုံးက ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက် တင်မြှောက်ခံရပါက လွှတ်တော်တွင်းမှဖြစ်စေ၊ အစိုးရ အဖွဲ့တွင်းမှ ဖြစ်စေ ကတိကဝတ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုး ကတိပေးနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်မှာ စတင်ခဲ့ပြီး ဖြစ်ပါတယ်။  ပြည်သူတွေ အနေနဲ့လည်း မည်သည့် ကိုယ်စားလှယ် လောင်းက မည်သည့် ဥပဒေပြုရေးနှင့် မူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသလဲ၊ မထောက်ခံသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်ပြီး မိမိ မဲပေးရာမှာ မှန်ကန်တဲ့ ရွေးချယ်မှုများ ပြုလုပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလည်း ဒီအွန်လိုင်းပလက်ဖောင်းကို အသုံးချပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း အခြေအနေတွေ တိုးတက်မှု ရှိမရှိကို လေ့လာ စောင့်ကြည့်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပလက်ဖောင်း စတင်ခြင်း ကို သိသာစေဖို့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲ ကျင်းပမယ့်  နို၀င်ဘာလ ၈ ရက်နဲ့ယခုအချိန်ကြား ကတိက၀တ်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ကို တောက်လျှောက် ထုတ်ဝေသွားပါမယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကိုလက်မှတ်ရေး ထိုးခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ကတိကဝတ်ပြု ထားကြောင်း ကမ္ဘာကိုပြသခဲ့ပြီး ဖြစ်ပါတယ်။ကြေညာစာတမ်းရဲ့ အပိုဒ် ၆ မှ ၁၁ အထိ အချက်တွေမှာ 'တရားဥပဒေစိုးမိုးမှု' ကို အထူးဦးစားပေး ဖော်ပြထားတဲ့ အချက်တွေ ဖြစ်ပြီး ဥပဒေရဲ့ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်၊ လူတိုင်းဟာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားရုံးတော်ရဲ့ လူအများ ရှေ့မှောက်မှာ မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်၊ လူအများ ရှေ့မှောက်မှာ ဥပဒေအတိုင်း စစ်ဆေးပြီး ပြစ်မှုကျူးလွန်တယ်လို့ ထင်ရှား စီရင်ခြင်းခံရတဲ့ အချိန်အထိ ပြစ်မှုနဲ့ တရားစွဲဆိုခြင်း ခံရသူတိုင်းကို အပြစ်မဲ့သူလို့ ယူဆခြင်းခံထိုက်တဲ့ အခွင့်အရေးတွေ ပါ၀င်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုကို တွေ့ရခဲလှပါတယ်။ အပေါ်အဆင့် မှ အောက်အဆင့်ဆင့်အထိ တရားရုံးစနစ်ဟာ အမှီအခိုကင်းခြင်း လုံးဝမရှိဘဲ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေရဲ့ ထိန်းချုပ်လွှမ်းမိုးမှုအောက်မှာ တည်ရှိနေပါတယ်။ တရားစီရင်ရေးကဏ္ဍရဲ့ အားနည်းမှုနဲ့ လွတ်လပ်မှု ကင်းမဲ့ခြင်းတွေကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ တရားမျှတမှုကို ရယူဖို့ လက်လှမ်းမီမှု မရှိခြင်းဟာ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများစွာအတွက် အခြေခံအချက်ပဲ ဖြစ်ပါတယ်။

အားကောင်းပြီး အမှီအခိုကင်းတဲ့ တရားရေးစနစ်မရှိပါက တရားခံအဖြစ် စွပ်စွဲခံရသူတွေအနေနဲ့ တရားမျှတမှု ရရှိရေးနဲ့ အကျပ်အတည်းက လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ပိုင်ငွေသုံးပြီး ရုန်းထွက်ဖို့သာ ရှိပါတော့တယ်။ အစိုးရမဏ္ဍိုင်တွေကလည်း အပြစ်ပေး အရေးယူလိုတဲ့အခါတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲလိုမျိုး ဝင်ရောက်စွက်ဖက်တာကလည်း တရားမျှတမှု ရရှိစေလိုကြောင်း ပြည်သူတွေကို ထင်ရှားစွာ ပြသလိုတဲ့ အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိနေပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို တရားရုံးတွေဆီက တရားမျှတမှု ရရှိဖို့ဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ဖိနှိပ်အခံရဆုံးဖြစ်တဲ့ လူအုပ်စုတွေအတွက် လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခု ဖြစ်နေပါတယ်။ ဆင်းရဲသားတွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ LGBTQIA လိင်စိတ်ကွဲပြားသူတွေ တရားမျှတမှု ရရှိနိုင်ဖို့ အခွင့်အရေး နည်းပါးလှပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့ အမှုတွေ တရားရုံးကို မရောက်ရှိခင် ရက်ရှည်လများစွာ ကတည်းကပင် ထောင်သွင်းအကျဉ်းချခံရတာမျိုး ရှိနေတတ်ပါတယ်။ အဲဒီလို အကျဉ်းချခံရတဲ့ အမှုတွေမှာ တခြား နိုင်ငံတွေက တရားရုံးတွေမှာဆိုရင် အလွယ်တကူ အာမခံပေးလို့ရတဲ့ အမှုတွေသာ ဖြစ်ကြပါတယ်။ အဲဒီလို ဖြစ်ရပ်မျိုးတွေက “အပြစ်ရှိတယ်လို့ သက်သေမပြနိုင်မချင်း အပြစ်ကင်းစင်တယ်လို့ ယူဆရမယ်” ဆိုတဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ တရားရေးစနစ်တွေရဲ့ အခြေခံအချက်နဲ့ ဆန့်ကျင်နေပါတယ်။ တရားရုံးတွေ ကိုယ်တိုင်ကလည်း ပြည်သူလူထုနဲ့ များစွာ ကင်းကွာနေပါတယ်။ တရားခံအဖြစ် စွပ်စွဲခံရသူတွေဟာ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေငှားရမ်းခ ကုန်ကျစရိတ်ကို မတတ်နိုင်ကြတာများပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရဟာ ဥပဒေရဲ့ အထက်မှာ ရပ်တည်နေတဲ့ အဖွဲ့အစည်းလို ဖြစ်နေပါတယ်။ နိုင်ငံရေး အကြောင်းပြချက် တစ်ခုခု မရှိဘဲ အစိုးရ အရာရှိတွေ ဒါမှမဟုတ် စစ်တပ်က အရာရှိတွေကို တရားဥပဒေအရ အပြစ်ပေး အရေးယူနိုင်တယ်ဆိုတာ အလွန်ရှားပါးလှပါတယ်။ စစ်တပ်၊ ရဲ စတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားရုံးတင် စစ်ဆေးလို့ မရပါဘူး။ စစ်ဆေးရာမှာလည်း တရားခံအဖြစ် စွပ်စွဲခံရသူတွေကို စစ်ခုံရုံးမှာ စစ်ဆေးခြင်း ဖြစ်ပြီး ထွက်ပေါ်လာတဲ့ အမိန့်ကို ထုတ်ပြန်ကြေညာမှု နည်းပါးတဲ့အတွက် ခံစားရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု မရရှိနိုင်ဘဲ ဖြစ်နေပါတယ်။

တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လွတ်လပ်မှု မရှိရတဲ့ အကြောင်းရင်းမှာ အခြေခံဥပဒေပုဒ်မ ၂၉၉ ပဲ ဖြစ်ပါတယ်။ အဲဒီပုဒ်မက သမ္မတကို တရားသူကြီးချုပ် ခန့်အပ်တဲ့နေရာမှာ အပြည့်အဝ အာဏာပေးထားပါတယ်။ ဥပဒေရဲ့ အနှစ်သာရက ဗဟိုတရားရုံးက သမ္မတကို သစ္စာခံရမယ်ဆိုတဲ့ သဘော ဖြစ်နေပါတယ်။ အခြား အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင်တော့ ဗဟိုတရားရုံး တရားသူကြီးတွေကို ခန့်အပ်နိုင်စွမ်း ရှိသူတွေကတော့ အစိုးရ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီးတွေ ဖြစ်ကြပါတယ်။ အများအားဖြင့် တရားစီရင်ရေးကောင်စီ ဒါမှမဟုတ် ရာထူးခန့်အပ်ရေး ကော်မတီတို့ကတဆင့် ခန့်အပ်လေ့ ရှိပါတယ်။ အောက်ခြေအဆင့် တရားရုံးတွေဟာ စစ်တပ်၊ ရဲဌာနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ရဲ့ လွှမ်းမိုးမှုများစွာ ခံရပြီး မိမိကိုယ်ကို လွတ်လပ်တဲ့ တရားစီရင်ရေး ခုံသမာဓိလူကြီးတွေ အနေဖြင့် မခံယူကြဘဲ၊ အဲဒီ အဖွဲ့တွေရဲ့ လက်အောက်ခံ သဘောမျိုးအဖြစ် ခံယူထားကြပါတယ်။ ဖယ်ဒရယ်စနစ် အမှန်တကယ် ကျင့်သုံးတဲ့ အစိုးရ စနစ် အများအပြားမှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တို့မှာ သီးခြားလွတ်လပ်မှု ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တရားရုံး အဆင့်ဆင့်ကို ဗဟိုကပဲ ချုပ်ကိုင်ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၉ (ခ) မှာ ဖော်ပြထားတဲ့ အချက်က တရားရုံးတွေမှာ အမှုစစ်ခြင်းကို အများပြည်သူ သိရှိနိုင်စေဖို့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ တရားရုံးတွေက အမှုတွေကို စစ်ဆေးတော့မယ်ဆိုတာ မကြေညာကြသလို အမှုကြားနာစစ်ဆေးခြင်းကို အများပြည်သူ လာရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးစာတွေ ထုတ်ပြန်ခြင်းလည်း မရှိပါဘူး။ တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း များသောအားဖြင့် ထုတ်ဖော်ကြေညာခြင်း မရှိပါဘူး။ တရားရေးစနစ်မှာ အကျင့်ပျက်ခြစားမှုတွေ ကြီးမားစွာ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။ အာမခံရခြင်း မရခြင်း၊ ဒဏ်ငွေ ဒါမှမဟုတ် ထောင်ဒဏ်မှ လွတ်မြောက်ခြင်းတို့ဟာ တရားခံက တရားသူကြီး ဒါမှမဟုတ် ဥပဒေအရာရှိကို ဘယ်လောက် ပေးနိုင်သလဲဆိုတဲ့ အချက်ပေါ်မှာသာ မူတည်နေပါတယ်။

ဥပဒေကို အသုံးချတဲ့နေရာမှာ တူညီသော အမှုအခင်းတွေကို မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေခြင်းဖြင့် ရှေ့နောက်ညီညွတ်မှု မရှိတာတွေကို နိုင်ငံအဝန်းမှာ တွေ့မြင်ရပါတယ်။ တရားရုံး စီရင်ချက်တွေနဲ့ ပြစ်ဒဏ်ပေးမှုတွေဟာ ရှေ့နောက်ညီညွတ်မှု မရှိဘဲ ကြုံရာကျပမ်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဥပဒေထဲမှာ ပါဝင်တဲ့ ကျယ်ပြန့်စွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တဲ့ အချက်တွေကြောင့် အစိုးရ ရှေ့နေတွေနဲ့ တရားရုံးတို့ဟာ အဲဒီအချက်တွေကို အသုံးချပြီး (ဥပမာ အသရေဖျက်မှုများမှာ) အပြစ်ပေး အရေးယူနိုင်ပါတယ်။ စီရင်ထုံး ဥပဒေစနစ်တွေမှာ တွေ့ရှိရတဲ့ ယခင် အမှုအခင်းတွေမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည် ရည်ညွှန်းခြင်း မလုပ်တာကိုလည်း တွေ့ရပါတယ်။

အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတော်တော်များများက အစိုးရ ကော်မတီတွေက ချမှတ်ကြပါတယ်။ ဆုံးဖြတ်ချက် ချမှတ်တဲ့ နမူနာပုံစံ အမျိုးမျိုး ရှိပါတယ်။ အမျိုးမျိုးသော အစိုးရ အဖွဲ့အစည်းတွေက သေးသေးကြီးကြီး ၎င်းတို့စိတ်ကြိုက် ဆုံးဖြတ်ချက်တွေကို နေ့စဥ် ချမှတ် နေကြပါတယ်။ တခါတရံ လုပ်ထုံးလုပ်နည်းတွေ မှန်ကန်မှု မရှိသလို ဆုံးဖြတ်ချက်တွေကလည်း လမ်းညွှန်ချက်တွေကို လိုက်နာခြင်း မရှိကြပါဘူး။ အဲဒီလို ဖြစ်ပွားခဲ့ရင် ပြည်သူတွေက တရားစီရင်ရေး မဏ္ဍိုင်က တဆင့် တရားမျှတမှုအတွက် ပြန်လည်ဆန်းစစ်ခြင်းမျိုး ရှာဖွေခွင့် ရှိသင့်ပါတယ်။ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲခြင်း ဒါမှမဟုတ် ထိခိုက်နစ်နာသွားသူတွေကို လျော်ကြေးငွေပေးခြင်းတို့ ဖြစ်ပေါ်သင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဥပဒေ အများစုက အစိုးရဆုံးဖြတ်ချက်တွေကို တရားရေးစနစ်က အဲဒီလို ပြန်လည် သုံးသပ်ခြင်းမျိုးကို ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှသော အခွင့်အရေးတွေကို ဖော်ဆောင်နိုင်ဖို့အတွက် အောက်တိုဘာ လ ၉ ရက်မှာ ကတိကဝတ်ပြုရေး ပလက်ဖောင်းကို စတင် အကောင်အထည် ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ပလက်ဖောင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အောက်ပါ ဖော်ပြချက်တွေ သဘောတူသလား မတူသလား ကြိုတင် ကတိပြုနိုင်ဖို့ တောင်းဆိုပါမယ် -

  • တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့နဲ့ တန်းတူ အဆင့်အတန်းရှိတဲ့ အစိုးရမဏ္ဍိုင် တစ်ခု ဖြစ်ရပါမယ်။ ဗဟိုတရားရုံး တရားသူကြီးများကို ခန့်အပ်တဲ့ လုပ်ငန်းစဉ်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုထဲရဲ့ လက်အောင်မှာ ရှိမနေသင့်ပါဘူး
  • အရပ်သားတွေနဲ့ လက်နက်ကိုင်လုံခြုံရေး ၀န်ထမ်းတွေ (ရဲ၊ စစ်သားများ) အကြား ဖြစ်ပေါ်တဲ့ ရာဇ၀တ်မှု အမှုတွေကို အရပ်ဘက် တရားရုံးတွေမှာ ကြားနားစစ်ဆေးခြင်းကို ခွင့်ပြုဖို့အတွက် ၁၉၅၉ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့အက် ဥပဒေကို ပြင်ဆင်ပါမယ်။
  • ဓလေ့ထုံးတမ်း ဥပဒေတွေကို မြေယာဥပဒေတွေနဲ့ နှိုင်းယှဉ်ပြီး ဥပဒေအရ တန်းတူအရေးကြီးတယ်လို့ အပြည့် အဝ အသိအမှတ်ပြုပြီး လေးစားရပါမယ်။
  • တရားရုံးအဆင့်ဆင့်တိုင်းက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို အများပြည်သူ အလွယ်တကူ သိရှိနိုင်စေဖို့အတွက် တရားရုံးတွေမှာ ထုတ်ပြန်ကြေညာပြီး အင်တာနက်ပေါ်လည်း ထုတ်လွှင့် ပေးရပါမယ်။ ဒီအချက်ဟာ တရားစီရင်ရေးကို အများပြည်သူရှေ့မှောက်မှာ ပြုလုပ်ရမယ်ဆိုတဲ့ အချက်အပြင် စီရင်ထုံး ဥပဒေစနစ်တွေအတွက် အမှုစီရင်ထုံးတွေ ပွင့်လင်းလွတ်လပ်စွာ မှတ်တမ်းတင်ထားနိုင်ရေးက မရှိမဖြစ် လိုအပ်ပါတယ်။ အတိတ်က ပြုလုပ်ခဲ့တဲ့ အမှုတွေကို ပြန်လည်ရည်ညွန်းခြင်းက စီရင်ချက် ချမှတ်တဲ့ နေရာမှာ မပါမဖြစ် ပါဝင်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။
  • လွှတ်တော်နဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်တို့ဟာ တရား စီရင်ရေး စနစ်ရဲ့ အကျင့်ပျက်ခြစားနေမှုတွေကို အသေးစိတ် ပူးတွဲလေ့လာစုံစမ်းမှုတွေ ပြုလုပ်ရပါမယ်။
  • အမှုတွေကို ပိုမိုထိရောက်စွာ စီရင်ဆုံးဖြတ်နိုင်ဖို့အတွက် ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းတွေအတွက် လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို တရားရုံးတွေက ရရှိနိုင်စေဖို့ ဖြည့်ဆည်း ပေးရပါမယ်။
  • ရှင်းလင်းပြတ်သားတဲ့ အကြောင်းရင်း ခိုင်လုံစွာ မပြနိုင်ဘဲ တရားခံတွေကို တရားရုံးရှေ့မှောက် မရောက်မီ ကာလ ကြာရှည်စွာ ထိန်း သိမ်းထားခြင်း မပြုရပါဘူး။
  • ပြစ်ဒဏ်ချမှတ်တဲ့နေရာမှာလည်း တရားရုံးရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်ကြောင်း၊ သမာသမတ်ကျမှု ရှိကြောင်း သေချာစေဖို့ ပြုလုပ်ရပါမယ်။
  • ပြည်သူလူထုအနေနဲ့ အစိုးရဌာနတွေ ဒါမှမဟုတ် ကော်မတီတွေက ဆုံးဖြတ်ချက်တွေဟာ မျှတမှု မရှိ၊ မှန်ကန်မှု မရှိလို့ ယူဆပါက အယူခံဝင် တိုင်တန်းနိုင်တဲ့ လွတ်လပ်တဲ့ အုပ်ချုပ်ရေး ခုံရုံးတွေ ကို တည်ထောင်ပေးရပါမယ်။
  • တရားသူကြီးရဲ့ ခွင့်ပြုချက်မရှိဘဲ သံသယရှိသူကို ၂၄ နာရီ ထက်ကျော်လွန်ပြီး ထိန်းသိမ်းထားတဲ့ ရဲတွေကို စည်းကမ်း ထိန်းသိမ်းရေးအရ ဒါမှမဟုတ် ဥပဒေကြောင်းအရ အရေးယူမှုတွေ ပြုလုပ်ရပါမယ်။
  • မြန်မာနိုင်ငံမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ပြစ်ဒဏ်ပေးခြင်းကို အစိုးရက ရပ်တန့် ရပါမယ်။
  • တရားစီရင်ရေးစနစ် သဘောတရားတွေကို ခေတ်စနစ်နဲ့ ကိုက်ညီစေဖို့ ပြန်လည်သုံးသပ်ရပါမယ်။