Posted in ဥပဒေရေးရာ သုတေသန on Nov 05, 2019

ဥပဒေကြမ်းကို ၂၃.ဝ၉.၂၀၁၉ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာတွင် တင်ထားတာကို တွေ့ရှိနိုင်ပါတယ်။

လက်ရှိအခြေအနေ (၀၆.၁၁.၂၀၁၉) - လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


ဥပဒေကြမ်း

ဥပဒေကြမ်းမှာ ငါးဖမ်းကွက်သတ်မှတ်တာ၊ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်တာ၊ နဲ့ ရေလုပ်သားအသိအမှတ်ပြုလက်မှတ်ထုတ်ပေးတာတွေအပါအဝင် ပြစ်မှုပြစ်ဒဏ်တွေလည်း ပါဝင်ပါတယ်။

အကျဉ်းချုပ်

  • ငါးလုပ်ငန်းတွေ ရေရှည်တည်တံ့ပြီး စနစ်တကျဖွံ့ဖြိုးစေဖို့၊ ငါးတွေရဲ့ ဇီဝဂေဟစနစ် ရေရည်တည်တံ့စေဖို့နဲ့ ငါးလုပ်ငန်းဆိုင်ရာ သုတေသနနဲ့ နည်းပညာလုပ်ငန်းတွေ လုပ်နိုင်ဖို့ဆိုပြီး ဥပဒေကြမ်းက ရည်ရွယ်ထားပါတယ်။
  • ငါးလုပ်ငန်းဦးစီးဌာနဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ သဘောတူညီချက်နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးရေပြင်သတ်မှတ်တာ နဲ့ ဥပဒေကြမ်းပါ ရည်ရွယ်ချက်ကို ထောက်ကူပေးမယ့် မူဝါဒနဲ့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်တာတွေ လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်တွေကို အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး သတ်မှတ်ရမှာ ဖြစ်ပါတယ်။
  • ပင်လယ်ကမ်းနီးရေပြင်မှာ ငါးဖမ်းတာ နဲ့ ငါးသယ်ယူပို့ဆောင်တာ လုပ်လိုသူတွေဟာ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးဆီမှာ လိုင်စင် လျှောက်ရမှာ ဖြစ်ပြီး ရေထွက်ပစ္စည်းဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေအတွက်တော့ သက်ဆိုင်ရာ ခရိုင်ဦးစီးဌာနမှူးဆီမှာ လျှောက်ရမှာ ဖြစ်ပါတယ်။ အခြားပင်လယ်ကမ်းဝေးရေပြင် ငါးဖမ်းလုပ်ငန်းလုပ်လိုသူတွေ နဲ့ နိုင်ငံခြားသား၊ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ လိုင်စင်လျှောက်ထားနိုင်မယ့် လုပ်ငန်းတွေကိုလည်း ဥပဒေကြမ်းထဲမှာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် ခွင့်ပြုမိန့် နဲ့ ထောက်ခံချက်ယူရမယ့် လုပ်ငန်းတွေကိုလည်း ဖော်ပြထားပါတယ်။
  • ငါးလုပ်ငန်းဦးစီးဌာနဟာ ပြည်ပပင်လယ်ကူးသင်္ဘောတွေမှာ အလုပ်လုပ်ကိုင်မယ့် ရေလုပ်သားတွေကို အသက်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်က ပြဋ္ဌာန်းထားတဲ့ စံသတ်မှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း နဲ့အညီဖြစ်စေဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုသင်တန်းတွေ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးပြီး ကျွမ်းကျင်မှုလက်မှတ်တွေ ထုတ်ပေးရပါမယ်။ သင်တန်းတွေ ဖွင့်လှစ်ရာမှာ နိုင်ငံသား၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ထားတဲ့ ကုမ္ပဏီတွေနဲ့ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းထားတဲ့ သမဝါယမအသင်းတွေကိုသာ ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလက်မှတ်ရရှိပြီးသူဟာ သတ်မှတ်ချက်နဲ့အညီ ရေလုပ်သားမှတ်ပုံတင်လက်မှတ်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
  • ဥပဒေကြမ်းထဲမှာ ငါးလုပ်ငန်းရှင်၊ ငါးဖမ်းရေယာဉ်ပိုင်ရှင် နဲ့ ရေယာဉ်မှူးတွေရဲ့ တာဝန်တွေလည်း ဖော်ပြပါရှိပါတယ်။
  • ဒေသခံရေလုပ်သားတွေဟာ အစုအဖွဲ့နဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အစုအဖွဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အတူ သက်ဆိုင်ရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးတွေဆီ မှတ်ပုံတင်ခ ပေးသွင်းပြီး လျှောက်ထားနိုင်ပါတယ်။ ဒေသခံရေလုပ်သားအစုအဖွဲ့ဟာ ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ ထိန်းသိမ်းခြင်းနဲ့ သုံးစွဲခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ၄င်းအစုအဖွဲ့ဟာ ပင်လယ်ကမ်းနီးရေပြင်မှာဆိုရင် ဦးစားပေး လုပ်ကိုင်ခွင့် ခံစားနိုင်မှာ ဖြစ်ပါတယ်။
  • လိုင်စင် ဒါမှမဟုတ် ခွင့်ပြုမိန့် ရရှိသူက စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ရင်ဖြစ်စေ၊ လိုင်စင်နဲ့ ခွင့်ပြုမိန့်ကို လိမ်လည်လျှောက်ထားရင်ဖြစ်စေ၊ ဥပဒေအရ ထုတ်ပြန်တဲ့ နည်းဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင်ဖြစ်စေ ဦးစီးဌာနမှူး ဒါမှမဟုတ် ဦးစီးဌာနက စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူနိုင်ပါတယ်။ ဦးစီးဌာနမှူးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်သူဟာ ရက်ပေါင်း (၃၀) အတွင်း ဦးစီးဌာနကို အယူခံဝင်ခွင့်ရှိပြီး၊ ထိုမှတစ်ဆင့် မကျေနပ်သူဟာ ရက်ပေါင်း (၆၀)အတွင်း ဝန်ကြီးဌာနကို အယူခံဝင်နိုင်ပါတယ်။ ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ်။
  • ပင်လယ်ကမ်းနီးရေပြင်မှာ ငါးဖမ်းခြင်း ဒါမှမဟုတ် ငါးသယ်ယူပို့ဆောင်ခြင်းတွေကို လိုင်စင်မရှိဘဲ လုပ်ကိုင်ရင် အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး (၃)နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်းငါးဆယ်အထိ ငွေဒဏ်ချမှတ်ခြင်း ခံရပါမယ်။
  • ပင်လယ်ကမ်းဝေးရေပြင်မှာ နိုင်ငံသား၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင် ထားတဲ့ ကုမ္ပဏီတွေနဲ့ သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းထားတဲ့ သမဝါယမအသင်းတွေဟာ ငါးဖမ်းခြင်း ဒါမှမဟုတ် ငါးသယ်ယူပို့ဆောင်ခြင်းတွေကို လိုင်စင်မရှိဘဲ လုပ်ကိုင်ခဲ့ရင် ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ချမှတ်ရမယ့်အပြင် အနည်းဆုံး ကျပ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်းတစ်ရာအထိ ငွေဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသား၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့စည်းထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေဆိုရင်တော့ ထောင်ဒဏ် အနည်းဆုံး နှစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်ရမယ့်အပြင် အနည်းဆုံး ကျပ်သိန်းငါးဆယ်မှ ကျပ်သိန်းငါးရာအထိ ငွေဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။
  • အခြားပြစ်မှုနဲ့ ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကိုလည်း ဥပဒေကြမ်းမှာ ထည့်သွင်းထားပါတယ်။

အခြားဆက်စပ်ဥပဒေများ

မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေ ၂၀၁၇

ငါးမွေးမြူရေးဆိုင်ရာဥပဒေမူကြမ်း ၂၀၁၉

သမဝါယမအသင်းဥပဒေ ၁၉၉၂

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇

လင့်ခ်များ

ဥပဒေကြမ်း

၁၉၈၂ ခုနှစ်၊ ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း

၁၉၉၅ ခုနှစ်၊ ငါးဖမ်းသင်္ဘောသားများအား သင်တန်းပေးရေး၊ ကျွမ်းကျင်မှုလက်မှတ်နှင့် အလှည့်ကျစောင့်ကြပ်စစ်ဆေးရေးတာဝန်ထမ်းဆောင်ရာတွင် စံသတ်မှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း

အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org