Posted in ဥပဒေရေးရာ သုတေသန on Aug 27, 2019

ဥပဒေရဲ့ရည်ရွယ်ချက်

ဥပဒေရည်ရွယ်ချက်အနေနဲ့ အကျိုးတူပူးပေါင်းလယ်ယာစနစ်ကို မဟာဗျူဟာချမှတ် ဆောင်ရွက်ခြင်းဖြင့် မြန်မာ့လယ်ယာကဏ္ဍနဲ့ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။ စက်မှုလယ်ယာဖော်ဆောင်နိုင်ဖို့အတွက် နည်းပညာ၊ သွင်းအားစုနဲ့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေပေးပြီး လယ်ယာထုတ်ကုန် တိုးတက်ရရှိစေဖို့နဲ့ အရည်အသွေးတိုးတက်လာစေဖို့လည်း ရည်ရွယ်ထားပါတယ်။ အမျိုးအစားစုံလင်တဲ့ လယ်ယာထုတ်ကုန်တွေကို ပြည်ပတင်ပို့ပြီး ဝင်ငွေမြှင့်တက်လာဖို့နဲ့ လယ်ယာမြေတွေ ငှားရမ်းတာ၊ အကျိုးတူပူးပေါင်းဆောင်ရွက်တာတွေကတဆင့် တောင်သူတွေ အကျိုးဖြစ်ထွန်းစေဖို့လည်း ဒီဥပဒေကို ရည်ရွယ်ထားပါတယ်။

ကော်မတီဖွဲ့စည်းခြင်း

ဥပဒေပါ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ အကျိုးတူပူးပေါင်းလယ်ယာလုပ်ငန်းတွေကို ထိန်းကျောင်းနိုင်ဖို့အတွက် တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ၊ ခရိုင်နဲ့ မြို့နယ်ကြီးကြပ်မှုကော်မတီတွေကို ဖွဲ့စည်းဆောင်ရွက်ဖို့အတွက် ဥပဒေကြမ်းမှာ ပါရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို တာဝန်ယူရတဲ့ ဝန်ကြီးဌာနက ဝန်ကြီးက တိုင်းဒေသကြီးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ တိုင်းကော်မတီကို သက်ဆိုင်ရာအစိုးရဌာနတွေက ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင် ကိုယ်စားလှယ်တွေနဲ့ တောင်သူလယ်သမားကိုယ်စားလှယ်တွေ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနရဲ့ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ခရိုင်နဲ့မြို့နယ်ကြီးကြပ်ရေးကော်မတီကို ဝန်ကြီးက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ခရိုင် ဒါမှမဟုတ် မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ခရိုင်/မြို့နယ်အဆင့်အရာရှိတွေအပါအဝင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ တောင်သူတွေကို ထည့်သွင်းဖွဲ့စည်းထားပါတယ်။

ကော်မတီတွေရဲ့ လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်များ

တိုင်းဒေသကြီးကော်မတီအနေနဲ့ ပို့ကုန်အလားအလာရှိတဲ့ လယ်ယာထုတ်ကုန်တွေကို ဦးစားပေးဆောင်ရွက်ဖို့၊ ထုတ်လုပ်ရေးဇုန်တွေကို ဒေသအလိုက် ရွေးချယ်ဖို့၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့် ဖွံ့ဖြိုးရန် ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်ဖို့၊ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်နဲ့ လယ်ယာထုတ်ကုန် ရောင်းဝယ်မှုအတွက် စံသတ်မှတ်ချက်တွေ သတ်မှတ်ဖို့ ၊ နည်းပညာဆိုင်ရာစနစ်တွေ လက်ခံ ကျင့်သုံးခြင်း၊ ဖြန့်ဝေခြင်းတွေမှာ တာဝန်ယူစိစစ်ဖို့၊ သဘောတူစာချုပ်နဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းတွေကို စောင့်ကြည့်ခြင်းနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းတွေ လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်း အရွယ်အစား၊ ပမာဏ သတ်မှတ်ပြီး ခရိုင်နဲ့မြို့နယ်ကော်မတီရဲ့ လုပ်ပိုင်ခွင့် တာဝန်သတ်မှတ်ဖို့နဲ့ အငြင်းပွားမှုဖြစ်ခြင်းကို ကာကွယ်ဖို့နဲ့ ဖြေရှင်းတဲ့ နည်းလမ်းတွေကို ချမှတ်ထားပေးဖို့ ဖြစ်ပါတယ်။ခရိုင်နဲ့ မြို့နယ်ကော်မတီကတော့ တိုင်းဒေသကြီးကော်မတီက ပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အကျိုးတူပူးပေါင်းလယ်ယာစနစ်များ

ဥပဒေကြမ်းမှာ ကုမ္ပဏီဗဟိုပြုစနစ်၊ မြေငှားရမ်းဆောင်ရွက်တဲ့စနစ်၊ ခြံဗဟိုပြုစနစ်၊ ကြားခံအဖွဲ့အစည်းစနစ်နဲ့ ရာသီအလိုက်စာချုပ်ချုပ်ဆိုစနစ် ဆိုပြီး အကျိုးတူ ပူးပေါင်းလယ်ယာစနစ် (၅)မျိုးကို ဖော်ပြထားပါတယ်။

ကုမ္ပဏီဗဟိုပြုစနစ်မှာ လုပ်ကွက်ငယ်လယ်သမားတွေရဲ့ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုမှာ မျိုးနဲ့ နည်းပညာတွေကို ကုမ္ပဏီက ထောက်ပံ့ပေးပြီး ရယူဝယ်ယူလိုတဲ့ ထုတ်ကုန်အရေအတွက်၊ အမျိုးအစား၊ စျေးနှုန်း၊ အရည်အသွေးတို့ကို ကြိုတင်သတ်မှတ် စာချုပ်ချုပ် ဝယ်ယူတဲ့ စနစ် ဖြစ်ပါတယ်။

မြေငှားရမ်းဆောင်ရွက်သည့် စနစ်မှာ လုပ်ငန်းရှင်က လယ်သမားအစုအဖွဲ့ထံက မြေငှားပြီး တစ်ကွင်းတစ်စပ်တည်း မြေယာပြုပြင်ကာ စိုက်ပျိုးထုတ်လုပ် ရိပ်သိမ်းပြီးသည်အထိ ဦးဆောင်စီမံခန့်ခွဲလုပ်ဆောင်မှာ ဖြစ်ပါတယ်။ လယ်သမားတွေက မြေကို ရှယ်ယာအဖြစ် ထည့်ဝင်ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုခုမှာ လယ်သမားတိုင်းက ပါဝင်လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ ရရှိတဲ့ ထုတ်ကုန်တန်ဖိုးကနေ မြေနဲ့ လုပ်အား ထည့်ဝင်မှုအပေါ် အချိုးကျ အကျိုးခံစားတဲ့ စနစ် ဖြစ်ပါတယ်။

ခြံဗဟိုပြုသောစနစ်မှာ လုပ်ငန်းရှင်က ကိုယ်ပိုင်စိုက်ခင်းတစ်ခုကို တိုက်ရိုက်စီမံခန့်ခွဲပြီး ကုန်ချောထုတ်လုပ်တဲ့ စက်ရုံအတွက် ကုန်ကြမ်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့ ပတ်၀န်းကျင်က လုပ်ကွက်ငယ်လယ်သမားတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုးထုတ်လုပ်မှုအား ဖြည့်စွက်ပေးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်တဲ့စနစ် ဖြစ်ပါတယ်။

ကြားခံအဖွဲ့အစည်းစနစ်ကတော့ အတွေ့အကြုံနည်းတဲ့ လယ်သမားတွေအတွက် ကုမ္ပဏီနှင့် ကြားခံပုဂ္ဂိုလ်တွေက တိုက်ရိုက်စာချုပ်ချုပ်ဆိုကြပြီး ကြားခံပုဂ္ဂိုလ်တွေက လယ်သမားတွေနဲ့ ထွက်ကုန်ရောင်းဝယ်မှုလုပ်ငန်းကို ကိုယ်ပိုင်အစီအစဉ်နဲ့ သီးခြားဆောင်ရွက်တဲ့ စနစ် ဖြစ်ပါတယ်။

ရာသီအလိုက် စာချုပ်ချုပ်ဆိုတဲ့စနစ်မှာတော့ ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေက သဘောတူစာချုပ်တွေကို ရာသီအလိုက် စာချုပ်ချုပ်ဆို ဆောင်ရွက်ကြတဲ့ စနစ် ဖြစ်ပါတယ်။

အကျိုးတူပူးပေါင်းလယ်ယာလုပ်ငန်းလုပ်ကိုင်ခြင်း စည်းကမ်းချက်နဲ့ လုပ်ငန်းစဉ်များ

အကျိုးတူပူးပေါင်းလယ်ယာလုပ်ငန်း လုပ်ကိုင်လိုတဲ့သူတွေဟာ တိုင်းဒေသကြီးကော်မတီမှာ လျှောက်ထားရမှာ ဖြစ်ပြီး ကော်မတီက စိစစ်ပြီး ခွင့်ပြုရမှာ ဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ရတဲ့ ကုမ္မဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်နဲ့ တောင်သူတွေဟာ စာချုပ်ချုပ်ပြီး ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးတွေမှာ မှတ်ပုံတင်ရပါမယ်။

စာချုပ်ချုပ်ဆို ဆောင်ရွက်တဲ့အတွက် လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေကို ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ စည်းကမ်းချက်တွေကတော့ လုပ်ငန်းတည်ထောင်ခွင့် လျှောက်ထားရာမှာ မြို့နယ်ကြီးကြပ်မှုကော်မတီရဲ့ ကွင်းဆင်းစစ်ဆေးမှုခံယူခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ခြင်း၊ လုပ်ငန်းထူထောင်ရာမှာ အသေးစိတ်လုပ်ငန်းစီမံချက် တင်ပြခြင်းနဲ့ လုပ်ကိုင်မယ့် အချိန်ကာလ တိကျစွာ သတ်မှတ်ထားခြင်းတွေ ဖြစ်ပါတယ်။ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပါက နစ်နာသူကို ကုစားနိုင်ဖို့အတွက် တိုင်းဒေသကြီးကော်မတီထံ သတ်မှတ်ထားတဲ့ အာမခံကြေးကို ပေးသွင်းထားရမှာ ဖြစ်ပါတယ်။

ပူးပေါင်းလယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ကြိုတင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကတော့ လုပ်ငန်းအတွက် ရှေ့ပြေးစုံစမ်း လေ့လာခြင်းနဲ့ ညှိနှိုင်းခြင်း၊ ဥပဒေတွေနဲ့အညီ မြေပိုင်ဆိုင်မှုကို စိစစ်ခြင်းနဲ့ တောင်သူလယ်သမားကို ယ်စားလှယ် ရွေးချယ်ထားခြင်းတွေကို လုပ်ဆောင်ရပါမယ်။

စာချုပ်ထဲမှာတော့ လုပ်ငန်းဆောင်ရွက်မယ့် နေရာဒေသနဲ့ လိုက်နာရမယ့် တာဝန်တွေ သတ်မှတ်ဖော်ပြဖို့၊ လယ်ယာထွက်ကုန်ဝယ်ယူမယ့် အရေအတွက်၊ အရည်အသွေး၊ အခြေခံဈေးနှုန်း၊ ပေးသွင်းရမယ့်အချိန်ကာလ၊ ငွေပေးချမှုစနစ်တွေ ဖော်ပြဖို့ ၊ ပိုးမွှားနဲ့ သဘာဝဘေးကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ကုစားမယ့်နည်းလမ်း ဖော်ပြဖို့၊ လုပ်ငန်းကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွား ထိခိုက်မှုတွေအတွက် တာဝန်ယူဆောင်ရွက်ဖို့၊ စာချုပ်ကာလအပိုင်းအခြား ဖော်ပြဖို့၊ စာချုပ်ပြန်လည် ချုပ်ဆိုရန် လိုအပ်ပါက သတ်မှတ်ချက်တွေ ဖော်ပြဖို့၊ မျိုး၊ မျိုးစေ့၊ သွင်းအားစုတွေနဲ့ ထုတ်လုပ်မှုစရိတ်တွေကို သတ်မှတ်ချိန်အမီ ဆောင်ရွက်ပေးဖို့နဲ့ စာချုပ်ချုပ်ရာမှာ တောင်သူတစ်ဦးချင်းဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လက်မှတ်ရေးထိုးဖို့တွေကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။

စာချုပ်ချုပ်တဲ့အခါမှာ ကြီးကြပ်မှုကော်မတီဝင်တွေနဲ့ အသိသက်သေတွေရဲ့ ရှေ့မှာ ချုပ်ဆိုရမှာဖြစ်ပြီး လယ်ယာထွက်ကုန်ရဲ့ အရည်အသွေးစစ်ဆေးမှုကို စိုက်ပျိုးရေးဦးစီးဌာနကနေ ရယူနိုင်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ အကျိုးတူပူးပေါင်းလယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြပ်မှုကော်မတီတွေက လေ့လာစောင့်ကြည့်ရမှာဖြစ်ပြီး တိုင်းဒေသကြီးကော်မတီဟာ သုတေသနအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း

စာချုပ်ချုပ်ဆိုခြင်းနဲ့ လုပ်ငန်းစဉ်တွေကို ဖောက်ဖျက်ကျူးလွန်ပါက တိုင်းဒေသကြီးကော်မတီဟာ စီမံခန့်ခွဲရေးနည်းလမ်းတစ်ခုခုနဲ့ အရေးယူ ဆောင်ရွက်နိုင်ပါတယ်။ စီမံခန့်ခွဲရေးနည်းလမ်းတွေကတော့ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊ လုပ်ငန်းမှတ်ပုံတင် ယာယီရပ်ဆိုင်းခြင်း၊ လယ်ယာထွက်ကုန် တင်ပို့ရောင်းချခြင်းဆိုင်ရာ ခွင့်ပြုချက် ယာယီရပ်ဆိုင်းခြင်းနဲ့ ဒဏ်ကြေးပေးဆောင်ပြီး လိုအပ်ချက်ကို ပြုပြင်ကာ ဆက်လက်လုပ်ကိုင်စေခြင်းတွေ ဖြစ်ပါတယ်။

အယူခံဝင်ခြင်း

အငြင်းပွားမှုတွေကို အရင်ဦးဆုံး မြို့နယ်ကော်မတီတွေမှာ ဖြေရှင်းရမှာဖြစ်ပြီး မြို့နယ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဆုံးဖြတ်ချက်ချတဲ့နေ့ကစပြီး ရက်ပေါင်း (၃၀)အတွင်း ခရိုင်ကော်မတီထံ အယူခံဝင်ရပါမယ်။ ခရိုင်ကော်မတီက မြို့နယ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းနဲ့ ပြင်ဆင်ခြင်းတွေ ပြုလုပ်နိုင်ပြီး ခရိုင်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဆုံးဖြတ်ချက် ချတဲ့နေ့မှစပြီး ရက်ပေါင်း (၆၀)အတွင်း တိုင်းဒေသကြီးကော်မတီကို အယူခံဝင်နိုင်ပါတယ်။ တိုင်းဒေသကြီးကော်မတီက ခရိုင်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းနဲ့ ပြင်ဆင်ခြင်းတွေပြုလုပ်နိုင်ပြီး တိုင်းဒေသကြီးကော်မတီရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ် ဖြစ်ပါတယ်။

တားမြစ်ချက်နဲ့ ပြစ်မှုပြစ်ဒဏ်

တားမြစ်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ဆောင်ဖို့၊ မှတ်ပုံတင်ခြင်းမရှိဘဲ ပူးပေါင်းလယ်ယာလုပ်ငန်း မလုပ်ဆောင်ဖို့၊ လုပ်ငန်းလုပ်ကိုင်နေတဲ့ သီးနှံတွေကို မရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်ပြီးဖြစ်စေ ပျက်စီးစေရန် မလုပ်ဆောင်ဖို့နဲ့ စာချုပ်ပါစည်းကမ်းချက်တွေ မဖောက်ဖျက်ဖို့တို့ကို တားမြစ်ထားပါတယ်။ တားမြစ်ချက်အလိုက်လည်း ပြစ်မှုပြစ်ဒဏ်တွေကို ဥပဒေကြမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။