Posted in ဥပဒေရေးရာ သုတေသန on Dec 05, 2019
ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂၀၁၉ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တရားစွဲနဲ့ အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်အမှတ် ၁/၂၀၁၉ ကို ထုတ်ပြန်ခဲ့ပါတယ်။ ညွှန်ကြားချက်ရဲ့ ဆိုလိုရင်းက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံဥပဒေ) ဟာ နိုင်ငံသားအချင်းချင်းကြား ပေါ်ပေါက်တဲ့ ပြစ်မှုနဲ့ မသက်ဆိုင်ဘဲ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း နဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့သာ သက်ဆိုင်တယ် ဆိုပြီး ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိတွေကို ညွှန်ကြားတာ ဖြစ်ပါတယ်။
၂၀၁၉ နိုဝင်ဘာ ၇ ရက်နေ့အထိ ပြုစုထားတဲ့ အသံ - လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ရဲ့ စာရင်းအရဆိုရင် နိုင်လွတ်လုံဥပဒေကို သုံးပြီး တရားစွဲထားတဲ့ အမှုပေါင်းဟာ ၄၅ မှု ရှိပြီး တရားစွဲဆိုခံရသူအရေအတွက်ကတော့ ၁၃၂ ဦးထိ ရှိတယ်လို့ သိရပါတယ်။ အဆိုပါစာရင်းအရ သာမန်ပြည်သူကနေ စွဲဆိုတဲ့ အမှုပေါင်းဟာ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ တရားစွဲဆိုမှုတွေထဲမှာဆိုရင် ဂုဏ်သိက္ခာထိခိုက်မှုတွေကို အခြေခံပြီး စွဲဆိုတာတွေ ပါဝင်တာကြောင့် ဒါဟာ လွတ်လပ်မှုကို တကယ်ပဲ ထိပါးတာနဲ့ သက်ဆိုင်သလားဆိုတာ မေးစရာ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီလို ဥပဒေရဲ့ ရည်ရွယ်ချက် တိတိကျကျ ရှိဖို့ လိုနေတဲ့အချိန်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ထုတ်ပြန်တဲ့ ညွှန်ကြားချက်ဟာ ကြိုဆိုချင်စရာ ဖြစ်နေပါတယ်။
ဒါပေမယ့် ဒီညွှန်ကြားချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်သလား ဒါမှမဟုတ် ဒီမိုကရေစီစနစ်မှာ စံထားရမယ့် အာဏာခွဲဝေခြင်းအယူအဆနဲ့ ကိုက်ညီသလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီဆောင်းပါးမှာ အထက်ပါ အကြောင်းအရာတွေကို ဆန်းစစ်သွားမှာ ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုရင် ဒါမှမဟုတ် ညွှန်ကြားချက်က အာဏာခွဲဝေကျင့်သုံးခြင်းကို အဟန့်အတားဖြစ်စေတယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေက အကောင်းဆုံး ကုစားချက် ဖြစ်မလဲဆိုတာကို အကြုံပြုတင်ပြသွားမှာ ဖြစ်ပါတယ်။
မဏ္ဍိုင်သုံးရပ်ကြား အပြန်အလှန် ထိန်းကျောင်းမှု
ဒီမိုကရေစီစနစ်တစ်ခု ကောင်းစွာ လည်ပတ်ဖို့ဆိုရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးစတဲ့ မဏ္ဍိုင်သုံးရပ်ဟာ လွတ်လပ်ဖို့ လိုအပ်သလို ၄င်းတို့ကြားမှာလည်း အပြန်အလှန် ထိန်းကျောင်းမှု ရှိဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ်တစ်ရပ်ကို ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် အဆိုပါ ထိန်းကျောင်းမှုကို အတတ်နိုင်ဆုံး အာမခံပေးထားရမှာ ဖြစ်ပြီး မဏ္ဍိုင်တစ်ရပ်က အခြားမဏ္ဍိုင်တစ်ရပ်ကို လွှမ်းမိုးမသွားစေဖို့ သေချာ စီမံထားပေးရမှာ ဖြစ်ပါတယ်။ မဏ္ဍိုင်တွေရဲ့ သီးခြားအာဏာတွေကို သေချာအာမခံမပေးထားဘူးဆိုရင် အားပြိုင်မှုတွေ ဖြစ်ပေါ်လာနိင်ပြီး ဖော်ဆောင်နေတဲ့ ဒီမိုကရေစီစနစ်ကိုပါ အန္တရာယ်ပေးလာနိုင်ပါတယ်။
အုပ်ချုပ်ရေးကနေ ဥပဒေပြုရေးကို လွှမ်းမိုးလာရင် ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ အလိုအရ (ဥပမာ - အစိုးရအား ဝေဖန်တာတွေကို ကန့်သတ်တားမြစ်တာ) ပေါ်ပေါက်လာမှာ ဖြစ်ပြီး ဥပဒေတွေဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အကြောင်းခံ နည်းသွားနိုင်ပါတယ်။ အလားတူပဲ တရားစီရင်ရေး အလွှမ်းမိုးခံရရင် တရားစီရင်မှုတွေဟာ တရားမျှတမှုကို ရှေ့ရှုတော့မှာ မဟုတ်ဘဲ အခြားမဏ္ဍိုင်တွေအတွက် အသုံးချစရာ လက်ကိုင်တုတ် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်တစ်ရပ် ရှင်သန်ဖို့ဆိုရင် မဏ္ဍိုင်သုံးရပ်ကို အတတ်နိုင်ဆုံး ပိုင်းခြားထားရမှာ ဖြစ်ပြီး မဏ္ဍိုင်သုံးရပ်ကြား အပြန်အလှန်ထိန်းညှိမှုတွေကိုလည်း အသေအချာ စီမံထားဖို့ လိုအပ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သက်ဆိုင်ရာ ဥပဒေများ
အာဏာသုံးရပ် ခွဲဝေကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၁ (က) မှာ “နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်” ဆိုပြီး ဖော်ပြထားပါတယ်။ တရားစီရင်ရေးမူနဲ့ပတ်သက်ရင်တော့ ပုဒ်မ ၁၉ (က) မှာ “ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး” ဆိုပြီး ထည့်သွင်းထားပါတယ်။
၂၀၁၀ ခုနှစ် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေကို ကြည့်ရင်တော့ ပြည်ထောင်စုရှေ့နေချုပ်ရဲ့ လုပ်ငန်းတာဝန်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ရဲ့ တာဝန်တွေကို ထမ်းဆောင်တာ၊ သတ်မှတ်ထားတဲ့ အစိုးရအဖွဲ့အစည်းတစ်ခုခုကနေ ဥပဒေအကြံဉာဏ် တောင်းခံတာကို အကြံပေးတာ၊ ပြစ်မှုဆိုင်ရာအမှုတွေကို တရားရုံးဆီ တရားစွဲဆိုတင်ပို့တာ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး နဲ့ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိတွေကို လမ်းညွှန်ကြီးကြပ်တာ၊ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဒါမှမဟုတ် ဥပဒေတစ်ရပ်ရပ်ကနေ ပေးအပ်တဲ့ အခြားလုပ်ငန်းတာဝန်ကို ဆောင်ရွက်တာလို့ ဖော်ပြပါရှိပါတယ်။ ၄င်းလုပ်ငန်းတာဝန်အရဆိုရင် ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ပတ်သက်ရင်တော့ ၄င်းဟာ အရပ်ဘက်ဆိုင်ရာမှာ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး ဖြစ်ပြီး (ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး နဲ့ စစ်ဘက်ဆိုင်ရာ ခုံရုံးတို့က သီးခြား လည်ပတ်ပါတယ်) အခြား တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် နဲ့ မြို့နယ်အဆင့်ရှိ တရားရုံးတွေကို ကြီးကြပ်ကွပ်ကဲကာ နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်အနေနဲ့ ရပ်တည်ပါတယ်။ ၄င်းရဲ့အင်တာနက်စာမျက်နှာပါ ဖော်ပြချက်အရဆိုရင် “ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေး” ဆိုပြီး မူဝါတစ်ရပ်အနေနဲ့ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။
တရားစွဲနဲ့ အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်အမှတ် ၁/၂၀၁၉
နိုင်လွတ်လုံဥပဒေအရ “မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲ ဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ” နေအိမ်ရှာဖွေတာ၊ ဖမ်းဆီးတာ၊ နောက်ယောင်ခံတာ၊ ကြားဖြတ်နားထောင်တာ၊ ဆက်သွယ်ရေးအချက်အလက် ရယူတာ၊ စာပေးစာယူ ထိန်းချုပ်တာ၊ ပုဂ္ဂိုလ်ရေးရာ ဝင်စွက်ဖက်တာ၊ နဲ့ တရားဝင်ပိုင်ဆိုင်ပစ္စည်းတွေကို မတရားသိမ်းယူတာတွေ မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် “မည်သူမျှ” ဆိုတဲ့ စကားရပ်ဟာ အဓိပ္ပာယ်ဝေဝါးနေတာကြောင့် “ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း နဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ” ဆိုပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားချက် ၁/၂၀၁၉ က အနက်ဖွင့်ဆိုလိုက်ပါတယ်။
ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားချက်ထဲမှာမပါရှိပေမယ့် ၁/၂၀၁၉ ညွှန်ကြားချက်ဟာ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) အရ ထုတ်ပြန်တယ်လို့ ယူဆလို့ ရပါတယ်။ ဒီညွှန်ကြားချက်ဟာ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိတွေအတွက် ထုတ်ပြန်ချက်တစ်ခု ဖြစ်ပေမယ့် ညွှန်ကြားချက်ကို သေချာသုံးသပ်ကြည့်ရင် နိုင်လွတ်လုံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ကြိုးပမ်းချက်တစ်ခု ဖြစ်တာကို တွေ့ရှိရပါတယ်။ ဒါဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲမှာ ပါတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ တရားစီရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးသလို ဖြစ်နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
နိုင်လွတ်လုံဥပဒေရဲ့ ထူးခြားချက်
တခြားဥပဒေတွေနဲ့မတူတဲ့ အချက်နှစ်ချက်ကို နိုင်လွတ်လုံဥပဒေမှာ တွေ့ရပါတယ်။ ပထမက ဥပဒေရဲ့ ရည်ရွယ်ချက် မပါရှိမှုအပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေကို ဥပဒေကြမ်းအဖြစ် လွှတ်တော်ကို တင်ခဲ့စဉ်က ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာအရဆိုရင် နိုင်လွတ်လုံဥပဒေကို ဒီမိုကရေစီမြှင့်တင်ဖို့၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုတို့ နစ်နာဆုံးရှုံးမှု မရှိစေဖို့၊ နဲ့ နိုင်ငံသားတွေရဲ့ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံးခြုံမှု၊ စာပေးစာယူ နဲ့ အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတွေကို ကာကွယ်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ ဘဝလုံခြုံမှု ရှိလာစေဖို့ ဥပဒေကြမ်းရေးဆွဲခဲ့တယ်ဆိုပြီး ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ရည်ရွယ်ချက်တွေက ဥပဒေကြမ်းအဆင့်မှာကတည်းက ပါရှိမလာပါဘူး။
ဒုတိယတစ်ချက်ကတော့ နိုင်လွတ်လုံဥပဒေဟာ ဥပဒေကြမ်းအဆင့်မှာတုန်းက ပြည်ထဲရေးဝန်ကြီးဌာနကို နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ အမိန်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ခွင့်ပေးထားပြီး ဥပဒေအတည်ပြုချိန်မှာတော့ အဲ့သလို ထုတ်ပြန်နိုင်ခွင့်ကို အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်ကို ပေးအပ်ခြင်းမရှိတော့ဘဲ ပယ်ဖျက်ခဲ့ပါတယ်။
အထက်ပါ ထူးခြားချက်တွေကို ကြည့်ရင် နိုင်လွတ်လုံဥပဒေဟာ ဥပဒေအင်္ဂါရပ်နဲ့ ညီမညီ စဉ်းစားစရာ ဖြစ်နေပြီး ညွှန်ကြားချက်ထုတ်ပြန်ခွင့်အာဏာအတွက် အစိုးရအဖွဲ့အစည်းတစ်ခုခုကို လုပ်ပိုင်ခွင့် ပေးသင့် မပေးသင့် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ပြည်သူတွေရဲ့ နစ်နာမှုတွေကို ကုစားဖို့ဆိုရင်
ဒါပေမယ့် ဥပဒေကို ရေးဆွဲရတဲ့ ရည်ရွယ်ချက်အရဆိုရင် လက်ရှိမှာ ပြည်သူတွေရဲ့ အခွင့်အရေး ထိခိုက်နစ်နာနေတယ်ဆိုတာ ထင်ရှားတာကြောင့် အကောင်အထည်ဖော်မှုပိုင်းမှာ လွဲချော်နေတာကို သတိထားနိုင်ပါတယ်။ ဒီအခြေအနေကို ကုစားဖို့ဆိုရင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားချက်ကို ကြိုဆိုရမှာ ဖြစ်ပေမယ့် အာဏာခွဲဝေကျင့်သုံးမှုရှုထောင့်အရဆိုရင် တခြားမဏ္ဍိုင်ကို လွှမ်းမိုးနေတာကြောင့် စိုးရိမ်စရာ ကောင်းနေပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ဒီမိုကရေစီစနစ်မှာ ရှိတဲ့ တရားစီရင်ရေးရဲ့ ဥပဒေအနက်ဖွင့်ဆိုမှုအာဏာကို လွှမ်းမိုးတာ ဖြစ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ခက်မသုံးဖြာကို ပိုင်းခြားကျင့်သုံးဖို့ နဲ့ အပြန်အလှန်ထိန်းကျောင်းဖို့ကိုပါ ချိုးဖောက်နေတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်ထောင်စုရှေ့နေချုပ်ရဲ့ တာဝန်တွေထဲက တစ်ခု ဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ပေးအပ်တဲ့ အခြားလုပ်ငန်းတာဝန်ကို ဆောင်ရွက်တာနဲ့ ဆက်စပ်နေရင်တော့ အုပ်ချုပ်ရေးကနေ တရားစီရင်ရေးကို တိုက်ရိုက် ဝင်ရောက် စွက်ဖက်တာလို့ ဆိုလိုရာ ရောက်ပါတယ်။
အဖြစ်သင့်ဆုံးနည်းလမ်းကတော့ တရားရုံးကနေမှ စီရင်ထုံးအနေနဲ့ ချမှတ်ပြီး၊ ဒီမိုကရေစီစနစ်တစ်ရပ်မှာ ရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ တာဝန်တစ်ခုဖြစ်တဲ့ ဥပဒေအနက်ဖွင့်ဆိုမှုအာဏာကို ကောင်းစွာ အသုံးချပါမှ သင့်လျော်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖော်ပြခဲ့ပြီးတဲ့ ပြဿနာတွေကို ထည့်သွင်းစဉ်းစားရင် (ဥပမာ ဥပဒေရည်ရွယ်ချက် မပါရှိတာ) တရားရုံးကနေ ၄င်းဥပဒေကို လျော်ကန်အောင် အနက်ဖွင့်ဆိုဖို့ ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင် လွှတ်တော်ကနေ ဥပဒေကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပြီး ဥပဒေပြုအမတ်ကနေမှ ပြင်ဆင်ချက်တွေ ဖြည့်စွက်တာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
မိုးအောင်နှင့် ပေါလ်တေလာ ရေးသားသည်။