Posted in ဥပဒေရေးရာ သုတေသန on Jul 29, 2019
ငါးမွေးမြူရေးဆိုင်ရာဥပဒေကြမ်းဟာ ငါးမွေးမြူခြင်းလုပ်ငန်းတွေ ရေရှည်တည်တံ့စေဖို့၊ ငါးသယံဇာတတွေ ပြုန်းတီးမှုမှ ကာကွယ်ဖို့၊ ငါးတွေရဲ့ဇီဝဂေဟစနစ် ပျက်စီးမှုမရှိစေဖို့၊ ငါးလုပ်ငန်းကို စည်းကမ်းချက်နဲ့အညီ လုပ်ကိုင်ခွင့်ပြုဖို့ နဲ့ ငါးလုပ်ငန်းဆိုင်ရာ သုတေသနပြုရေး၊ နည်းပညာပြန့်ပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။
ငါးမွေးမြူရေး ရေမြေနဲ့ ရေပြင်များ
- ငါးလုပ်ငန်းဦးစီးဌာနကို သီးသန့်စီမံခန့်ခွဲခွင့် ရှိတယ်လို့ သတ်မှတ်ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက စီမံခန့်ခွဲနေတဲ့ ငါးမွေးမြူနိုင်တဲ့ မြေနဲ့ရေပြင်
- ဦးစီးဌာနပိုင် အမည်ပေါက် ငါးမွေးမြူရေးမြေနဲ့ ရေပြင်
- ဝန်ကြီးဌာနက စီမံခန့်ခွဲဖို့အတွက် ပြည်ထောင်စုအစိုးရက ခွင့်ပြုထားတဲ့ အစိုးရဌာနတစ်ခုခုက လက်ဝယ်ထားခြင်း ဒါမှမဟုတ် အသုံးပြုခြင်း မရှိတော့တဲ့အပြင် ပုဂ္ဂိုလ်တစ်ဦးဦးကို အငှားဂရန် ဒါမှမဟုတ် အငှားချထားပေးခြင်း မရှိသေးတဲ့ မြေနဲ့ ရေပြင်
- ပုဂ္ဂလိကပိုင်မြေအဖြစ် မြေပိုင်ဆိုင်ခွင့်ပေးခြင်း မရှိသေးတဲ့ မြေနဲ့ရေပြင်
- သီးသန့်ငါးမွေးမြူရေးရေပြင်
- အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုပိုင် သို့မဟုတ် ပုဂ္ဂလိက ငါးမွေးမြူရေးနဲ့ ရေပြင်တွေကို ငါးမွေးမြူရေး မြေနဲ့ရေပြင်များလို့ သတ်မှတ်ထားပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဟာ ငါးမွေးမြူခြင်းလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲနိုင်ပါတယ်။
ငါးမွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုးရေးနဲ့ စီမံခန့်ခွဲရေး
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဟာ ငါးမွေးမြူခြင်းလုပ်ငန်းဖွံဖြိုးရေး၊ ငါးသယံဇာတနဲ့ ဇီဝဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် မူဝါဒ၊ လမ်းညွှန်ချက်နဲ့ စီမံချက်တွေ ချမှတ်ပြီး အကောင်အထည်ဖော်မှုကိုပါ လေ့လာဆန်းစစ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနဲ့ ကြီးကြပ်ခြင်းတို့ လုပ်ဆောင်ရပါမယ်။ ချမှတ်ထားတဲ့ မူဝါဒနဲ့အညီလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ့်အပြင် ငါးမွေးမြူရာမှာ ရေထုမညစ်ညမ်းစေရေး၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးတို့အတွက် အစီအစဉ်ချမှတ်ဆောင်ရွက်ခြင်းနဲ့ လိုအပ်ပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတအရင်းအမြစ်တွေ၊ ရေမှာ ပေါက်ပွားတဲ့အပင်၊ ငါးမျိုးပေါက်ရာနေရာတွေ နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ ငါးမွေးမြူရေးဆိုင်ရာအသင်းတွေ၊ လုပ်ငန်းရှင်တွေ၊ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ ငါးမွေးမြူရေးရေပြင်တွေနဲ့ ငါးမွေးကန်တွေရဲ့ ရေနဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ ငါးရောဂါမဝင်ရောက်စေဖို့နဲ့ ငါးရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ခြင်းနဲ့ သုတေသနပြုလုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း နဲ့ အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကတို့ကြား ဆွေးနွေးမှုထူထောင်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ သုတေသနတွေ့ရှိချက်တွေကိုလည်း အများပြည်သူ သိရှိအောင် သင့်တော်တဲ့နည်းနဲ့ ဖြန့်ဖြူးပြီး အသိပညာပေးခြင်းတွေကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဦးစီးဌာနဟာ မိမိအား ပေးအပ်ထားတဲ့တာဝန်တွေကို ဦးစီးဌာနမှ ပြန်တမ်းဝင်အရာရှိ အဆင့်အောက်မနိမ့်တဲ့ အရာရှိတစ်ဦး ဒါမှမဟုတ် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်နှင့် မြို့နယ်ဦးစီးဌာနမှူး တစ်ဦးကို လွှဲအပ်နိုင်ပါတယ်။
အငှားဂရန် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း
ဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ ငါးမွေးမြူရေးမြေနဲ့ ရေပြင်တွေမှာ ငါးမွေးမြူလိုပါက ဦးစီးဌာနကို သတ်မှတ်ချက်နဲ့အညီ အငှားဂရန်ရရှိဖို့ လျှောက်ထားရမှာဖြစ်ပြီး၊ ဦးစီးဌာနက စိစစ်ပြီး တစ်ကြိမ်လျှင် နှစ် ၅၀ ထက်မပိုတဲ့ကာလအတွက် စည်းကမ်းချက်တွေ သတ်မှတ်ကာ အငှားဂရန်ချပေးနိုင်ပါတယ်။ အငှားဂရန်ရရှိသူက အငှားဂရန်ရတဲ့နေ့မှ ၃ နှစ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းကို ငါးမွေးမြူရေးမြေ/ရေပြင်ဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းကို လုပ်ကိုင်ရမှာဖြစ်ပြီး သက်တမ်း ၅ နှစ် ကြာမြင့်တဲ့အခါ ဧရိယာအားလုံးကို လုပ်ကိုင်ရပါမယ်။ ထိုသို့မလုပ်ကိုင်နိုင်ပါက အငှားဂရန်ပျက်ပြယ်မယ့်အပြင် အဆိုပါလုပ်ပိုင်ခွင့်ရ ငါးမွေးမြူရေးမြေ/ရေပြင်ဟာ ဦးစီးဌာနလက်ထဲသို့ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အငှားဂရန်ရရှိသူကနေ အဲဒီ ငါးမွေးမြူရေးမြေ/ ရေပြင်ဧရိယာပေါ်မှာ ကုန်ကျခဲ့တဲ့စရိတ်တွေကိုလည်း ပြန်လည်တောင်းခံခွင့် မရှိပါဘူး။
ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ဖို့ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုရဲ့မြေမှာ သဘောတူညီချက် ရရှိထားသူ ဒါမှမဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အငှားဂရန်ရရှိထားသူ ဒါမှမဟုတ် ပုဂ္ဂလိကပိုင်မြေအဖြစ် မြေပိုင်ဆိုင်ခွင့်ရရှိထားသူဟာ အငှားဂရန်ထပ်မံလျှောက်ထားရန် မလိုတော့ပေမယ့် ငါးမွေးမြူခြင်းလုပ်ငန်းအတွက် လိုင်စင်လျှောက်ထားဖို့တော့ လိုပါမယ်။
လိုင်စင်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း
ငါးမွေးမြူခြင်းလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့လိုင်စင်အတွက် သက်ဆိုင်ရာ ဦးစီးဌာနမှူးကို သတ်မှတ်ချက်နဲ့အညီ လျှောက်ထားရပါမယ်။ လိုင်စင်လျှောက်ထားနိုင်တဲ့ လုပ်ငန်းတွေကတော့ ဝန်ကြီးဌာနက စီမံခန့်ခွဲနိုင်တဲ့ ငါးမွေးမြူရေးမြေ/ရေပြင်မှာ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက လက်ဝယ်ထားတဲ့ မြေနဲ့ရေပြင်မှာ အဆိုပါအဖွဲ့ရဲ့သဘောတူညီချက်ဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ လယ်ယာမြေတွင် လယ်ယာမြေဥပဒေနဲ့အညီ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ခွင့်ပြုချက်အရ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့အညီ အဆိုပါမြေတွေကို ဗဟိုကော်မတီခွင့်ပြုချက်အရ ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်း၊ စီးပွားဖြစ် ငါးမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းနဲ့ ဦးစီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားတဲ့ အခြားငါးမွေးမြူခြင်းလုပ်ငန်းတွေ စတာတွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာဦးစီးဌာနမှူးတွေဟာ လိုင်စင်လျှောက်ထားလာခြင်းအပေါ်မှာ စိစစ်ပြီး ခွင့်ပြုခြင်းနဲ့ ငြင်းပယ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
လိုင်စင်ရရှိသူဟာ အကြောင်းကြောင်းကြောင့် လုပ်ငန်းဆက်လက်မလုပ်ကိုင်နိုင်ခြင်း ဒါမှမဟုတ် အခြားသူတစ်ဦးကို လွှဲပြောင်းလိုတယ်ဆိုရင် သတ်မှတ်ချက်နဲ့အညီ ဦးစီးဌာနမှူးထံ တင်ပြပြီး ခွင့်ပြုချက်ရယူရပါမယ်။ လိုင်စင်သက်တမ်းတိုးမြှင့်ဖို့အတွက် သက်တမ်းမကုန်မီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုပြီး သက်ဆိုင်ရာဦးစီးဌာနမှူးထံ သတ်မှတ်ချက်နဲ့အညီ လျှောက်ထားနိုင်ပါတယ်။
အခကြေးငွေပေးဆောင်ခြင်း
ငါးလုပ်ငန်းဦးစီးဌာနဟာ အငှားဂရန်ကြေးနဲ့လိုင်စင်ကြေးစတာတွေကို ဝန်ကြီးဌာနရဲ့သဘောတူညီချက်နဲ့ သတ်မှတ်နိုင်ပြီး၊လိုင်စင်ရရှိသူဟာ လိုင်စင်ကြေးနဲ့စပ်လျဉ်းတဲ့ အခကြေးငွေတွေကို သက်ဆိုင်ရာ ဦးစီးဌာနမှူးတွေဆီကို ပေးဆောင်ရမှာဖြစ်ကာ အငှားဂရန်ရရှိသူတွေကတော့ အငှားဂရန်နဲ့စပ်လျဉ်းတဲ့ အခကြေးငွေတွေကို ငါးလုပ်ငန်းဦးစီးဌာနကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာဦးစီးဌာနမှူးက လိုင်စင်နဲ့ပတ်သက်ပြီး ကောက်ခံရရှိတဲ့ အခကြေးငွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာငွေအရအသုံးငွေစာရင်းထဲ ထည့်သွင်းရမှာဖြစ်ပြီး၊ ငါးလုပ်ငန်းဦးစီးဌာနက အငှားဂရန်နဲ့ပတ်သက်ပြီး ကောက်ခံရရှိတဲ့အခကြေးငွေကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းထဲ ပေးသွင်းရမှာ ဖြစ်ပါတယ်။
စစ်ဆေးခြင်းနှင့် အရေးယူခြင်း
ဦးစီးဌာနဟာ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေ ဖောက်ဖျက်ခြင်းရှိ-မရှိကို စစ်ဆေးအရေးယူနိုင်ဖို့အတွက် စစ်ဆေးရေးမှူးတွေကို တာဝန်ပေးအပ်နိုင်ပါတယ်။ စစ်ဆေးရေးမှူးအနေနဲ့ စွန့်ပစ်ရေဆိုးတွေ၊ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ ရေထုညစ်ညမ်းစေတဲ့ အရာတွေ ဝင်ရောက်မှုနဲ့ စွန့်ထုတ်မှုတို့ မရှိစေရေးကို လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် စစ်ဆေးရေးမှူးဟာ ငါးလုပ်ငန်းဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု၊ ငါးလုပ်ငန်းဆိုင်ရာနေရာနဲ့အဆောက်အအုံတွေထဲကို သတ်မှတ်ချက်နဲ့အညီ ဝင်ရောက်စစ်ဆေးရှာဖွေနိုင်ပြီး၊ ဥပဒေပါပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်တာရှိခဲ့ရင် ဖမ်းဆီးခြင်းနဲ့ အရေးယူခြင်းလည်း လုပ်ဆောင်နိုင်ပါတယ်။
ပြစ်မှုဆိုင်ရာသက်သေခံပစ္စည်းတွေကိုလည်း သတ်မှတ်ပုံစံနဲ့ သိမ်းဆည်းပြီး၊ သိမ်းဆည်းရတဲ့ ပုပ်သိုးပျက်စီးလွယ်ငါးနဲ့ ပိုင်ရှင်မဲ့အခြားပစ္စည်းတွေကိုလည်း တရားရုံးကို တရားစွဲဆို တင်ပို့ခြင်းမလုပ်ဆောင်ဘဲ ဦးစီးဌာနရဲ့ ခွင့်ပြုချက် ရယူကာ ထုခွဲရောင်းချနိုင်ပါတယ်။ ရရှိလာတဲ့ ငွေတွေကို ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာငွေစာရင်းမှာ ပေးသွင်းပြီး သတ်မှတ်ထားတဲ့ဘဏ်မှာ အပ်နှံထားရမှာ ဖြစ်ပါတယ်။
စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်း
လိုင်စင် သို့မဟုတ် အငှားဂရန်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ လိုင်စင် သို့မဟုတ် အငှားဂရန်ကို မမှန်မကန် လိမ်လည်လျှောက်ထားလျှင်ဖြစ်စေ၊ ဒီဥပဒေအရ ထုတ်ပြန်တဲ့ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်လျှင်ဖြစ်စေ သက်ဆိုင်ရာဦးစီးဌာနမှူး ဒါမှမဟုတ် ဦးစီးဌာနကနေ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ် သို့မဟုတ် တစ်ရပ်ထက် ပိုပြီး ချမှတ်နိုင်ပါတယ်။ စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းတွေကတော့ စာဖြင့် သတိပေးပြီး သတ်မှတ်ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ အငှားဂရန် သို့မဟုတ် လိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း နဲ့ ပယ်ဖျက်ခြင်းတို့ ဖြစ်ပါတယ်။
သက်ဆိုင်ရာဦးစီးဌာနမှူးရဲ့ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူဟာ ရက်ပေါင်း ၃၀အတွင်း ဦးစီးဌာနသို့ အယူခံနိုင်ပါတယ်။ ဦးစီးဌာနရဲ့ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူဟာ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်ပြီး၊ ဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် ဖြစ်ပါတယ်။
အငှားဂရန် သို့မဟုတ် လိုင်စင် ပျက်စီးပျောက်ဆုံးခြင်း
အငှားဂရန် သို့မဟုတ် လိုင်စင်ပျက်စီးပျောက်ဆုံးပါက ၁၅ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူး ဒါမှမဟုတ် ဦးစီးဌာနဆီကို မိတ္တူထုတ်ပေးဖို့ ခိုင်လုံတဲ့အထောက်အထားနဲ့ ပြန်လည်လျှောက်ထားရမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ဒဏ်ကြေးကိုလည်း ပေးဆောင်ရပါမယ်။ အငှားဂရန် သို့မဟုတ် လိုင်စင်ပျက်စီး ပျောက်ဆုံးသဖြင့် မိတ္တူထုတ်ပေးပြီး ဖြစ်ပါက ပျက်ဆီးပျောက်ဆုံးသွားတဲ့ မူရင်းအငှားဂရန်နဲ့ လိုင်စင်ကို ဆက်လက်သုံးစွဲလို့ မရပါဘူး။ လိုင်စင်မိတ္တူထုတ်ပေးပြီးနောက်မှာ ပျက်စီးပျောက်ဆုံးသွားတဲ့ မူရင်းအငှားဂရန် ဒါမှမဟုတ် လိုင်စင်ကို ဆက်လက်သုံးစွဲပါက အငှားဂရန် သို့မဟုတ် လိုင်စင်မရှိဘဲ ငါးလုပ်ငန်းလုပ်သူအဖြစ် အရေးယူခံရပါမယ်။
ပြစ်မှုနှင့် ပြစ်ဒဏ်များ
မိသားစု တစ်အိမ်ထောင်စားသုံးရန် ရေပြင်ရဲ့အရွယ်အစား ၁၂၅၀ စတုရန်းပေ၊ တစ်ကန်ထက်မပိုတဲ့ ငါးမွေးမြူခြင်းကို လိုင်စင်ရယူခြင်း ကင်းလွတ်ခွင့်မှအပ လိုင်စင်မရှိဘဲ ငါးမွေးမြူခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ ဦးစီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ အငှားဂရန် သို့မဟုတ် လိုင်စင်ကို လွှဲပြောင်းလုပ်ကိုင်ခြင်းကို ဖောက်ဖျက်ကျူးလွန်လျှင် အနည်းဆုံး ၃ လမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်၊ အနည်းဆုံး ငွေကျပ်တစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ် ချမှတ်နိုင်ပါတယ်။
ငါးမွေးမြူရေးရေပြင်မှာ ရေကြောင်းသွားလာမှုနဲ့ ရေစီးရေလာတွေကို အဟန့်အတားဖြစ်စေခြင်း၊ ရေထုညစ်ညမ်းစေခြင်း ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ထိခိုက်ခြင်း၊ ဦးစီးဌာနက တားမြစ်ထားတဲ့ ငါးကို စီးပွားဖြစ် လုပ်ဆောင်ခြင်းတို့အတွက် အနည်းဆုံး ခြောက်လမှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်၊ အနည်းဆုံး ငွေကျပ် သုံးသိန်းမှ အများဆုံး သိန်းသုံးဆယ်အထိ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ ငါးမွေးမြူခြင်းမှာ အသုံးပြုတဲ့ငါးဖမ်းကိရိယာတွေအတွက် ငါးဖမ်းကိရိယာလိုင်စင်ခပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့် ရှိပါတယ်။