Posted in ဥပဒေရေးရာ သုတေသန on Aug 15, 2019

တိရစ္ဆာန်ကျန်းမာရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဖို့ ၊ အရည်အသွေးပြည့်မီတဲ့ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်ကို ဖြည့်ဆည်းနိုင်ဖို့ ၊ တိရစ္ဆာန်ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ဖို့ နဲ့ မွေးမြူရေးမြေ၊ မွေးမြူရေးခြံများကို စနစ်တကျ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်တယ်လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။

ဗဟိုကော်မတီဖွဲ့စည်းခြင်း

တိရစ္ဆာန်ကျန်းမာရေးနဲ့ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်ပြီး နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ ကော်မတီဝင်တွေကို ချီးမြှင့်ငွေနဲ့ စရိတ်ကို သတ်မှတ်ပေးရပါမယ်။

ဗဟိုကော်မတီဟာ တိရစ္ဆာန်ကျန်းမာရေး၊ မွေးမြူရေး နဲ့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒချမှတ်ခြင်း၊ မွေးမြူရေးမြေ၊ စားကျက်မြေ၊ တိရစ္ဆာန်အစာစိုက်ပျိုးမြေအတွက် သီးသန့်စီမံခန့်ခွဲနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခြင်း ၊ သုတေသန၊ ကျန်းမာရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ နည်းပညာတွေ ရရှိဖို့ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ လိုအပ်ပါက လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်တွေ သတ်မှတ်ပေးခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ ဗဟိုကော်မတီဟာ လိုအပ်ပါက မိမိရဲ့လုပ်ငန်းတာဝန်တွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဦးစီးဌာန တစ်ခုခုကို လွဲပြောင်းပေးအပ်နိုင်ပါတယ်။

တိရစ္ဆာန်ဆေးကုအရာရှိချုပ်ခန့်အပ်ခြင်း

ဝန်ကြီးဌာနဟာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရှိ ရာထူးအမြင့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ကို တိရစ္ဆာန်ဆေးကုအရာရှိချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရပါမယ်။ အရာရှိချုပ်ရဲ့လုပ်ငန်းတာဝန်တွေကတော့ နိုင်ငံရဲ့ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အခြေအနေတွေကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို အကြောင်းကြားခြင်း၊ ပြည်တွင်းမှာရှိတဲ့ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွေကို ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းကိုးကားဓာတ်ခွဲခန်းနဲ့ ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနတွေရဲ့ အသိအမှတ်ပြုမှု ရရှိစေရန် ဆောင်ရွက်ခြင်း၊ မိမိနိုင်ငံနဲ့ နိုင်ငံခြားတိုင်းပြည်များကြား တိရစ္ဆာန်ဆိုင်ရာထောက်ခံချက်လက်မှတ်ထုတ်ပေးတာကို ကြီးကြပ်ခြင်းနဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်လာရင် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း၊ အကြံပြုချက်တွေကို လိုက်နာဆောင်ရွက်စေဖို့အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ကြီးကြပ်ခြင်းစတာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဦးစီးဌာနရဲ့တာဝန်နှင့် လုပ်ပိုင်ခွင့်

တိရစ္ဆာန်ကျန်းမာရေးနဲ့ပတ်သက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟာ တိရစ္ဆာန်ရောဂါကာကွယ်ဆေး နဲ့ ကုသဆေးများ သုတေသနပြုထုတ်လုပ်ခြင်း ဒါမှမဟုတ် ပြည်ပမှ မှာယူခြင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း နဲ့ ဝန်ကြီးဌာနရဲ့သဘောတူညီချက်ဖြင့် လိုအပ်တဲ့နေရာတွေမှာ စစ်ဆေးရေးစခန်းနဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေးစခန်း ဖွင့်လှစ်ခြင်း တို့ကို လုပ်ဆောင်ရပါမယ်။ တိရစ္ဆာန်တွေရောင်းဝယ်ဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ ရောင်းဝယ်မယ့် တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို စစ်ဆေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း စတာတွေကို လုပ်ဆောင်ရပါမယ်။

မွေးမြူရေးနဲ့ပတ်သက်ရင်တော့ နည်းပညာဖြန့်ဖြူးခြင်း၊ စံအရည်အသွေးသတ်မှတ်ခြင်း၊ ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း၊ ဆက်စပ်လုပ်ငန်းတွေကို မှတ်ပုံတင်စေခြင်း၊ တိရစ္ဆာန်မျိုးရိုးဗီဇဆိုင်ရာ မူပိုင်ခွင့်မှတ်ပုံတင်ခြင်း၊ တိရစ္ဆာန်သယ်ယူရောင်းချခွင့်ရရှိရန် ဆောင်ရွက်ခြင်း၊ မွေးမြူရေးမြေ/ခြံ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းပေါင်းစပ်ခြင်း၊ နဲ့ မွေးမြူရေးလုပ်ကိုင်သူများ အရင်းအနှီးရရှိရေးအတွက် ကူညီခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။

စစ်ဆေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဦးစီးဌာနဟာ ဌာနရှိ သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေကို စစ်ဆေးရေးမှူးတွေအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ပါတယ်။ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေကတော့ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုများ၊ သားသတ်ရုံများ၊ တိရစ္ဆာန်နဲ့တိရစ္ဆာန်ထွက်ပစ္စည်းများ၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဇီဝပစ္စည်းများ၊ တိရစ္ဆာန်အစာနဲ့ ဆေးဝါးများ စတာတွေကို စစ်ဆေးခြင်းနဲ့ အများပြည်သူကို ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းခြင်း တို့ ဖြစ်ပါတယ်။

မြေအသုံးချမှု

ဗဟိုကော်မတီဟာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ညှိနှိုင်းကာ ဥပဒေနဲ့အညီ လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း၊ သစ်တောမြေ၊ နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းပေးတဲ့ စားကျက်မြေတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်ဖြင့် မွေးမြူရေးမြေနဲ့ တိရစ္ဆာန်အစာအတွက် စိုက်ပျိုးသော မြေအဖြစ် အမိန့် ကြော်ငြာစာထုတ်ပြန်ပြီး သီးသန့်စီမံခန့်ခွဲနိုင်ပါတယ်။ ဖော်ပြပါမြေတွေကို စီမံဆောင်ရွက်နိုင်ရန် ဦးစီးဌာနကို တာဝန်ပေးအပ်နိုင်ပါတယ်။

လုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ်လျှောက်ထားခြင်း

တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်း၊ တိရစ္ဆာန်နဲ့ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ခြင်း နဲ့ သားသတ်ရုံတည်ထောင်ခြင်း စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်လိုတဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတွေဟာ လုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ်ကို သတ်မှတ်ချက်နဲ့အညီ မြို့နယ်ဦးစီးဌာနမှူးထံ လျှောက်ထားရပါမယ်။ မြို့နယ်ဦးစီးဌာနမှူးက ၄င်းထုတ်ပေးပိုင်ခွင့်မရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ခရိုင်ဦးစီးဌာနမှူးထံ ဆက်လက်တင်ပြခြင်း၊ အလားတူကိစ္စမျိုးအတွက် ခရိုင်ဦးစီးဌာနမှူးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေဦးစီးဌာနမှူးထံ ဆက်လက်တင်ပြခြင်း၊ နဲ့ ညွှန်ကြားရေးမှူးချုပ်ထံ ဆက်လက်တင်ပြခြင်းတို့ အဆင့်ဆင့် လုပ်ဆောင်ရပါမယ်။

တိရစ္ဆာန်နဲ့ဆက်စပ်ထုတ်ကုန်များ ပြည်ပသို့ တင်ပို့လိုသူ သို့မဟုတ် ပြည်ပမှ တင်သွင်းလိုသူဟာ တင်ပို့ခွင့်၊ တင်သွင်းခွင့်လိုင်စင် သို့မဟုတ် ပါမစ်ကို သက်ဆိုင်ရာအစိုးရဌာနသို့ လျှောက်ထားခြင်းမပြုမီ ထောက်ခံချက်လက်မှတ်ရရှိဖို့အတွက် သတ်မှတ်ချက်နဲ့အညီ ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမှာဖြစ်ပြီး ဦးစီးဌာနရဲ့ စစ်ဆေးမှုကို ခံယူရပါမယ်။

မွေးမြူရေးလုပ်ငန်းခွင့်ပြုလက်မှတ် ရရှိထားသူတွေကတော့ တိရစ္ဆာန်ကူးစက်ရောဂါကြောင့် ဖျက်ဆီးခံရတဲ့ ဆုံးရှုံးမှုတွေအတွက် နစ်နစ်ကြေး၊ လျော်ကြေး အကူအညီရရန် ဦးစီးဌာနမှ သဘောထားမှတ်ချက်တောင်းခံနိုင်ပါတယ်။

ကူးစက်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ဝန်ကြီးဌာနဟာ တိရစ္ဆာန်ကူးစက်ရောဂါတွေကို အခါအားလျော်စွာ သတ်မှတ်ကြေညာရပါမယ်။ ဦးစီးဌာနအနေနဲ့တော့ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး နဲ့ ထိန်းချုပ်ရေး၊ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး လျင်မြန်စွာ ကြေညာခြင်း နဲ့ အခြားဆက်စပ်အဖွဲ့တွေနဲ့ ညှိနှိုင်းခြင်း တို့ လုပ်ဆောင်နိုင်ပါတယ်။ မွေးမြူသူဟာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး သံသယဖြစ်ရင် ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ အမြန်ဆုံး သတင်းပေးပို့ရပါမယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေလည်း အဆိုပါကိစ္စရပ်အတွက် သံသယရှိရင် နီးစပ်ရာဦးစီးဌာနကို အမြန်ဆုံးအသိပေးအကြောင်းကြားရပါမယ်။

အရေးယူခြင်း

သက်ဆိုင်ရာခွင့်ပြုလက်မှတ် သို့မဟုတ် ထောက်ခံချက်လက်မှတ် ရရှိသူ၊ မွေးမြူသူ နဲ့ တိရစ္ဆာန်ကျန်းမာရေးလုပ်သားတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာရမှာ ဖြစ်ပြီး မလိုက်နာပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခံရပါမယ်။ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဌာနဆိုင်ရာ အဆင့်ဆင့် အယူခံဝင်နိုင်ပြီး ဝန်ကြီးဋ္ဌာနရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်ပါတယ်။

ခွင့်ပြုလက်မှတ် ဒါမှမဟုတ် ထောက်ခံချက်လက်မှတ်မရှိဘဲ တိရစ္ဆာန်ကျန်းမာရေးနဲ့မွေးမြူရေးလုပ်ငန်း လုပ်ခြင်း၊ သားသတ်ခြင်း၊ တိရစ္ဆာန်နဲ့ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း၊ ပျားမွေးမြူရေးဆိုင်ရာ အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ဦးစီးဌာနရဲ့စစ်ဆေးမှုခံယူရန် ငြင်းဆန်ခြင်း၊ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာသို့ တိုင်ကြားရန် ပျက်ကွက်ခြင်း စတာတွေအတွက် အနည်းဆုံး ကျပ်ငါးသိန်း မှ အများဆုံးကျပ် ၇၅ သိန်း ဒါမှမဟုတ် အနည်းဆုံး သုံးလထက်မပိုတဲ့ ထောင်ဒဏ် မှ အများဆုံး နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး အသီးသီး သတ်မှတ်ထားပါတယ်။