Posted in ဥပဒေရေးရာ သုတေသန on Aug 15, 2019

ဥပဒေကြမ်းပါ ရည်ရွယ်ချက်တွေအနေနဲ့ တိရစ္ဆာန်ကျန်းမာရေးနဲ့မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့၊ အရည်အသွေးပြည့်မီတဲ့ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေနဲ့ ပြည်တွင်း၊ ပြည်ပဈေးကွက်ကို ဖြည့်ဆည်းနိုင်ဖို့၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ နဲ့ မွေးမြူရေးမြေ၊ မွေးမြူရေးခြံတွေကို စနစ်တကျ လုပ်ကိုင်နိုင်ဖို့လို့ ဥပဒေကြမ်းက ဆိုထားပါတယ်။

ဒီဥပဒေမူကြမ်းသာ အတည်ဖြစ်လာရင်တော့ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့တဲ့ တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေဟာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ ၁၉၉၃ ဥပဒေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တိရစ္ဆာန်နဲ့ပတ်သက်ပြီး စနစ်တကျဖြစ်စေဖို့ ပထမဦးဆုံးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေလို့ ဆိုနိုင်ပါတယ်။ ၁၉၉၃ ဥပဒေမတိုင်ခင်ကတော့ မွေးမြူရေးတိရစ္ဆာန်တင်သွင်းမှုအက်ဥပဒေဖြစ်တဲ့ The Live-Stock Importation Act 1898၊ မြင်းတွေမှာ ဖြစ်တတ်တဲ့ ရောဂါဆိုင်ရာအက်ဥပဒေတွေဖြစ်တဲ့ The Glanders and Farcy Act 1899 နဲ့ The Dourine Act 1910၊ တိရစ္ဆာန်ညင်းပန်းနှိပ်စက်မှုတားဆီးရေးအက်ဥပဒေဖြစ်တဲ့ The Prevention of Cruelty to Animals Act 1930၊ နဲ့ တိရစ္ဆာန်မှာ ဖြစ်တတ်တဲ့ ရောဂါဆိုင်ရာအက်ဥပဒေ The Animal Pests Act 1939 ဆိုပြီး ရှိခဲ့ပါတယ်။

၁၉၉၃ ခုနှစ်၊ တိရစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေဟာဆိုရင် ၂၀၁၀ ခုနှစ်မှာ ပြင်ဆင်ချက်ဥပဒေ ထွက်ရှိခဲ့ပြီး ထူးခြားချက်အနေနဲ့ ပြင်ဆင်ချက်ထဲမှာတော့ ပျားမွေးမြူရေးအတွက် သီးခြားပုဒ်မတွေ ထပ်ထည့်ခဲ့ပါတယ်။ ဒါဟာဆိုရင် အရှိန်ရလာနေတဲ့ မြန်မာ့ပျားမွေးမြူရေးလုပ်ငန်းကို ထိန်းကျောင်းမြှင့်တင်ပေးဖို့လို့ ယေဘုယျယူဆနိုင်ပြီး လက်ရှိဥပဒေကြမ်းမှာလည်း ပျားမွေးမြူရေးအတွက် ထိန်းကျောင်းပေးမယ့် ပုဒ်မတွေ ထပ်မံပါရှိလာပါတယ်။

အရင်က ဥပဒေတွေနဲ့ မတူတာကတော့ လက်ရှိဥပဒေကြမ်းထဲမှာ ဗဟိုကော်မတီဖွဲ့စည်းမှုကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဗဟိုကော်မတီအနေနဲ့ မူဝါဒချမှတ်ခြင်း၊ သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မွေးမြူရေးမြေ၊ စားကျက်မြေနဲ့ တိရစ္ဆာန်အစာ စိုက်ပျိုးမြေတွေကို သီးသန့်စီမံခန့်ခွဲနိုင်ခြင်း၊ နည်းဥပဒေ၊ စည်းမျဉ်းနဲ့စည်းကမ်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်နိုင်ပြီး အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန့်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ခြင်းတွေကို လုပ်ဆောင်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ပါရှိလာပါတယ်။ နောက်ပြီး နိုင်ငံတကာအဖွဲ့တွေနဲ့ ဆက်သွယ်ပေးမယ့် တိရစ္ဆာန်ဆေးကုအရာရှိချုပ်ရဲ့ လုပ်ငန်းတာဝန်တွေ၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်တွေလည်း ပါရှိလာပါတယ်။ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကိုလည်း ခေတ်နဲ့ လျော်ညီအောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့ရှိနိုင်ပါတယ်။