Posted in ဘတ်ဂျက် ပွင့်လင်းမြင်သာမှု on Jan 17, 2020
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင် မဖြန့်ဝေခဲ့တာကြောင့် လူစိတ်ဝင်စားမှု မြင့်မားနေတဲ့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာမှာ ဘာတွေ ပါဝင်နေလို့ပါလဲ။ အစီရင်ခံစာ အကျဉ်းချုပ်ကို စာရင်းစစ်ချုပ်ကိုယ်တိုင် လွှတ်တော်မှာ တင်ပြခဲ့ရာ ရှင်းလင်းချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူထုကြားမှာ ဝေဖန်သံတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် ဒီအစီရင်ခံစာပါ ဆွေးနွေးတင်ပြချက်တွေနဲ့ ပတ်သက်လို့ အများပြည်သူ လွယ်လင့်တကူ သိရှိနားလည်စေဖို့အတွက် အာနန္ဒာက စိတ်ဝင်စားဖွယ် အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
ကန့်သတ်တင်ဒါ နဲ့ ရန်ကုန်တိုင်းအစိုးရက ဝယ်ယူထားတဲ့ ဓာတ်အားပေးစက်
၂၀၁၇ ခုနှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်ချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သီးသန့်ရန်ပုံငွေကနေ ကျပ်သန်း ၃၀၀၀၀ ကုန်ကျခံ ဝယ်ယူထားတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ကြောင့် ကျပ်သန်း ၃၁၃၅ သန်းကျော် အရှုံးပြနေပါတယ်။
တိုင်းအစိုးရ 25 MW Trailer Mounted Dual Fuel Generator (TM-2500) အမျိုးအစား လျှပ်စစ်ဓာတ်အားပေးစက် ဝယ်ယူရေးစီမံကိန်းကို ကန့်သတ်တင်ဒါ (Limited Tender) အနေနဲ့ Golden Green Energy Co.,Ltd ကို ချပေးထားတာ ဖြစ်ပါတယ်။ ကန့်သတ်တင်ဒါဆိုတာက တင်ဒါတင်သွင်းသူ သုံးဦးထက်မနည်းဆီကနေ အဆိုပြုလွှာရယူပြီး ချထားပေးတဲ့ တင်ဒါဖြစ်တယ်လို့ အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းမှာ တိုင်းအစိုးရကို ကုမ္ပဏီဘက်က ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က လျှပ်စစ်စက်ရုံးဝင်းအတွင်းမှာ ထားရှိလည်ပတ်နေတာ ဖြစ်ပါတယ်။
ဓာတ်အားပေးစက်အတွက် လောင်စာဆီ (ဒီဇယ်) အသုံးပြုမှုကို ဓာတ်အားလိုအပ်ချက်၊ စက်မပျက်စီးစေရန် လည်ပတ်မှု၊ စက်မောင်းရန် သင်တန်းပို့ချမှုနဲ့ စမ်းသပ်စက် မောင်းနှင်မှု ဆိုပြီး လေးပိုင်းခွဲထားကာ အများဆုံး သုံးထားတာကတော့ ဓာတ်အားလိုအပ်ချက်အရ မောင်းနှင်မှု ဖြစ်ပါတယ်။
ဒီလျှပ်စစ်ဓာတ်အားပေးစက် ကြံ့ခိုင်ရေးအတွက် တစ်ပတ်ကို ၁၅ မိနစ်နှုန်းနဲ့ မောင်းနှင်ဖို့ လိုအပ်ပေမယ့်လည်း လုံးလုံး မလည်ပတ်ခဲ့တဲ့ လပေါင်း ၆ လအထိ ရှိထားပါတယ်။
စက်စတင်လည်ပတ်ပြီး ၂၀၁၉ ခုနှစ် မေလအထိ ဓာတ်အားလိုအပ်ချက်မှုအရ စက်လည်ပတ်မှုအတွက် လောင်စာဆီအသုံးပြုရမှုဟာ ဂါလံပေါင်း ၉၂၆၃၄၆ ရှိပါတယ်။ သို့သော် ထွက်ရှိတဲ့ လျှပ်စစ်ပမာဏနဲ့ အသုံးပြုရတဲ့ လောင်စာဆီအတွက် ကုန်ကျမှုဟာ မကာမီရုံမက အရှုံးပါ ပြနေပါတယ်။
အရှုံးခံ လျှပ်စစ်ထုတ်လုပ်မှုဟာ လူမှုရေးအကျိုးအမြတ် (Social Benefit) ရပေမယ့် ကုန်ကျစရိတ်များလို့ သက်သာမယ့်နည်းလမ်း ရှာဖွေဖို့ တိုင်းစာရင်းစစ်ချုပ်က အကြံပေးထားပါတယ်။
ရန်ကုန်တိုင်းအစိုးရရဲ့ ဘဏ္ဍာနှစ်လွန် သုံးစွဲမှု
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်သုံးစွဲမှုမှာ နှစ်လွန်သုံးစွဲမှု ၅ ခု ရှိခဲ့ပါတယ်။ ပုံနှိပ်ခနှင့် စာအုပ်စာတမ်းထုတ်ဝေစရိတ် အောက်က သုံးခု၊ ပြပွဲနှင့် ဘွဲ့နှင်းသဘင်ကုန်ကျစရိတ်နှင့် လုပ်ငန်းသုံးပစ္စည်းကုန်ကျစရိတ်ခေါင်းစဉ်အောက်က တစ်ခုစီ ဖြစ်ပါတယ်။
ပုံနှိပ်ခနှင့် ထုတ်ဝေစရိတ်နဲ့ ပြပွဲနှင့် ဘွဲ့နှင်းသဘင်စရိတ်အောက်က လုပ်ငန်းလေးခုအတွက် ကျော်လွန်သုံးစွဲငွေဟာ ကျပ် ၄၈ သန်းကျော်ရှိပြီး မှုခင်းလျော့နည်းရေးအတွက် CCTV တပ်ဆင်ခြင်း လုပ်ငန်း (လုပ်ငန်းသုံးပစ္စည်းခေါင်းစဉ်အောက်) မှာတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အသုံးစရိတ် ထည့်သွင်းထားပေမယ့် လုပ်ငန်းကို ၂၀၁၈ (၆ လ) ဘဏ္ဍာနှစ်ကျမှ စတင်အကောင်အထည် ဖော်ထားတာ ဖြစ်ပါတယ်။
CCTV တပ်ဆင်ခြင်း စီမံကိန်းကို မြို့နယ် ၇ ခုမှာ အကောင်အထည်ဖော်တာဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း ပြီးပတ်အောင် မလုပ်ဆောင်ဘဲ နှစ်လွန်သုံးစွဲမှုနှင့် ခွင့်ပြုငွေကို နောင်ဘဏ္ဍာရေးနှစ်ကျမှ အကောင်အထည်ဖော်ြခင်းဟာ စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့် မညီကြောင်းနဲ့ ဘဏ္ဍာရေးနှစ်နဲ့ မသက်ဆိုင်သည့် အသုံးစရိတ်များ ဖြစ်ပေါ်စေတယ် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က ထောက်ပြထားသည်။
ဘဏ္ဍာနှစ်ကျော်ပြီးမှ စာချုပ်လက်မှတ်ထိုး လုပ်ကိုင်ခဲ့တဲ့ တိုင်းအစိုးရရဲ့ လုပ်ငန်း ၁၁ ခု
ရန်ကုန်တိုင်းအစိုးရ ကြီးကြပ်လုပ်ကိုင်ရတဲ့ စီမံကိန်းတွေအနက် ၁၁ ခုကိုလည်း ဘဏ္ဍာနှစ်လွန်ပြီးမှ စာချုပ်ချုပ်ဆို လုပ်ကိုင်ထားပြီး စီမံကိန်းစုစုပေါင်းတန်ဖိုးဟာ ကျပ်သန်းပေါင်း ၇၈၉.၆၃၄ ရှိသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော်ရမည့် အဲဒီစီမံကိန်း ၁၁ ခုအနက် ရှစ်ခုကို ၂၈-၅-၂၀၁၈ ရက်၊ နှစ်ခုကို ၂၄-၅-၂၀၁၈ ရက်နှင့် တစ်ခုကို ၁၄.၆.၂၀၁၈ ရက် ရက်စွဲတွေနဲ့ စာချုပ်ချုပ်ဆို လုပ်ဆောင်ထားသည်။ စီမံကိန်းတွေအနက် ငါးခုကိုလည်း လုပ်ငန်းပြီးစီးသေးခြင်း မရှိဘဲ ငွေထုတ်ယူသုံးစွဲမှုတွေ လုပ်ဆောင်ခဲ့ပြီး ပိုလျှံငွေကို ဘဏ္ဍာနှစ်ကျော်ပြီး ၂၀၁၈ (၆ လ)ဘက်ဂျက်ကျမှသာ ပြန်လည်အပ်နှံမှု ပြုလုပ်ထားပါတယ်။
တိုင်းအစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားတဲ့ ဘဏ္ဍာရေးနှစ်လွန် သုံးစွဲငွေနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။
ခေတ်မီ မီးပွိုင့်စနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က စတင်ထားတဲ့ ခေတ်မီ မီးပွိုင့်စနစ် တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း လုပ်ငန်းကို သတ်မှတ်ချိန်အတွင်း မအပ်နိုင်တဲ့အတွက် စီမံကိန်းလုပ်ကိုင်ခွင့်ရ ကုမွဏီဘက်က ပေးဆောင်ရမည့် ဒဏ်ကြေး မပေးလို့ ကျပ် ၆၈ သန်းကျော် နစ်နာနေပါတယ်။
စီမံကိန်းကို Myanmar Shwe Yin International Co.,Ltd နဲ့ China Railway 21st Bureau Group Co.,Ltd (China) ပူးပေါင်း လုပ်ကိုင်ခွင့် ရထားတာဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းမအပ်နှံနိုင်လို့ ၃-၈-၂၀၁၆ ကနေ ၁၅-၅-၂၀၁၇ ရက်အထိ ရက်ပေါင်း ၂၈၆ ရက်အတွက် ကျပ်သန်း ၂၈.၆ သန်းကို ပေးဆောင်ထားပါတယ်။ သို့သော် အဲဒီကနေ နောက်ဆုံး စစ်ဆေးခဲ့တဲ့ ၁-၄-၂၀၁၉ ရက်အထိ ရက်ပေါင်း ၆၈၆ ရက် (စနေ၊ တနင်္ဂနွေရက်များ အပါ) အတွက် ဒဏ်ကြေးစုစုပေါင်း ကျပ်သန်း ၆၈.၆ သန်းကို ပေးဆောင်ထားခြင်း မရှိပါဘူး။
ဒါ့အပြင် ထိန်းချုပ်ရေးစင်တာ (Traffic Control Center) အရည်အသွေး ကြီးကြပ်စစ်ဆေးရေးကော်မတီကိုလည်း ၆-၉-၂၀၁၈ ကျမှသာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ် ၃၃/၃၀၁၈ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းထားတာပြီး လုပ်ငန်းမအပ်နှံလို့ ဒဏ်ကြေးစတင်ပေးဆောင်တဲ့ နေ့ကနေ တွက်ချက်မယ်ဆိုရင် ရက်ပေါင်း ၉၇၇ ရက် ကြာမြင့်ပါတယ်။
လုပ်ငန်း မအပ်နိုင်တာဟာ ထိန်းချုပ်ရေးစနစ်မှာ နည်းပညာပိုင်းလိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာပါရှိပြီး လုပ်ငန်းအမြန်ပြီးပြတ်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ တိုင်းစာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။
နှစ် ၂၀ နီးပါး သက်တမ်းရှိ ကြွေးကျန်တွေ မကောက်နိုင်တဲ့ ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန
ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးက ငါးမွေးကန်လိုင်စင် ချထားပေးရာမှာ မြို့နယ်အလိုက် ကောက်ခံရမယ့် လိုင်စင်ကြေးနဲ့ လိုင်စင်ရက်လွန်ကြေးကို အပြီးအပြတ်မကောက်နိုင်လို့ ကြွေးကျန်ဟာ ကျပ်သိန်းပေါင်း ၁၀၀၀ နီးပါး ရှိနေပါတယ်။ လိုင်စင်ချထားပေးတဲ့ မြို့နယ် ခုနစ် (တွံတေး၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ တိုက်ကြီး၊ အင်းစိန်၊ မှော်ဘီ၊ ထန်းတပင်) မှာ တွံတေးမြို့ ကြွေးကျန်ဟာ သိန်း ၅၁၀ ကျော် ရှိပါတယ်။ အဲဒီနောက်မှာ တိုက်ကြီး (ကျပ်သိန်း ၂၃၀ ကျော်)၊ ထန်းတပင် (ကျပ်သိန်း ၂၂၀ ကျော်) ရှိပါတယ်။
တိုက်ကြီးနဲ့ အင်းစိန်မြို့နယ်မှာ မကောက်ယူနိုင်တဲ့ ကြွေးကျန်တွေဟာ ၁၉၉၉-၂၀၀၀ ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ အကျုံးဝင်ပါတယ်။
မြိုန့ယ်အလိုက် ငါးမွေးကန်လိုင်စင် ကြွေးကျန်ဟောင်း အပြည့်အဝရရေးနဲ့ ဘဏ္ဍာနှစ်အတွင်း ကောက်ခံရမည့် လိုင်စင်ကြေးတွေ ကြွေးကျန်မဖြစ်ရေးအတွက် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ လိုအပ်နေကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က တိုက်တွန်းထားသည်။
တစ်လ ၇၁၀၀ ကျပ်နဲ့ ငှားထားတဲ့ ဦးဝိစာရတိုက်ခန်း အိမ်ရာထဲက သ/မ အသင်း အခန်းများ
ဆိုရှယ်လစ်ခေတ်မှာ ချပေးထားတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးဝိစာရတိုက်ခန်းအိမ်ရာထဲက သမဝါယမအသင်းအတွက် အခန်း ၅ ခန်း ငှားရမ်းခဟာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ချုပ်အစီရင်ခံစာ ရေးသားပြီးချိန်အထိ တစ်ခန်းကို တစ်လ ၇၁၀၀ ကျပ်နှုန်းနဲ့ ဖြစ်နေသေးပါတယ်။
သမဝါယမအသင်းတွေဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ထပ်ဆင့်ငှားရမ်းတာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကာလမှာ ဆိုင်ခန်းငှားရမ်းခဟာ ပျမ်းမျှ ကျပ် ၈၀၀၀၀ ကနေ ၂၀၀၀၀၀ အထိ ရှိနေတာပါတယ်။
ဒီသမဝါယမဆိုင်ခန်းတွေနဲ့ ပတ်သင်သက်ပြီး မြေပြင်အခြေအနေကို သက်ဆိုင်ရာ ဦးစီးဌာနက အထက်အဆင့်ဆင့်ကို တင်ပြတာမျိုး မလုပ်ထားတဲ့အပြင် ကာလတန်ဖိုးနဲ့ သင့်လျော်တဲ့ နှုန်းထား ပြင်ဆင်ဖို့ လိုအပ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။
တစ်နှစ်ကို သန်း ၂၇၀ နီးပါး လျော့ရနေတဲ့ ရန်ကုန်စည်ပင်၊ စီမံရေးရာဌာန မြေငှားရမ်းမှုနှစ်ခု
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနက ဌာနဝင်ငွေရ မြေနေရာ ၂ ခုကို ငှားရမ်းတာမှာ ရသင့်တဲ့ ငှားရမ်းခထက် တစ်နှစ်ကို ကျပ်သန်း ၂၆၇ သန်းကျော် လျော့ရနေပါတယ်။
မြေနေရာတွေကတော့ ဟံသာဝတီပျိုးခြံ၊ နာနတ်တောလမ်းနှင့် ကျွန်းတောလမ်းကြား၊ ကမာရွတ်မြို့နယ် (ငှားရမ်းသူ - ပြင်ပလုပ်ငန်းရှင်) နဲ့ စက်ရုံလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် (ငှားရမ်းသူ - မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း) က မြေနေရာတွေဖြစ်ပါတယ်။
ဟံသာဝတီပျိုးခြံ မြေနေရာကို ဧပြီလ ၂၀၁၅ ကနေစပြီး နှစ် ၃၀ စာချုပ်နဲ့ ချုပ်ဆိုထားတာ ဖြစ်ပြီး တစ်နှစ်ငါးရမ်းခအဖြစ် ကျပ်သန်း ၁၄၄ သန်း ရရှိပါတယ်။ သို့သော် ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားတဲ့ မြေငှားရမ်းခ နှုန်းထားနဲ့ တွက်ချက်မယ်ဆိုရင် တစ်နှစ်စာ ငှားရမ်းခဟာ ကျပ်သန်းပေါင်း ၃၁၉ ကျော် ရရှိရမှာ ဖြစ်လို့ နှစ်စဉ် ၁၇၅.၃၈၂ သန်း လျော့နည်း ရရှိနေပါတယ်။
မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကို ငှားရမ်းထားတဲ့ မြေနေရာအတွက် တစ်နှစ်ကို ကျပ် ၂၁.၆ သန်းရရှိပြီး ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားတဲ့ မြေငှားရမ်းခ နှုန်းထားနဲ့ တွက်ချက်မယ်ဆိုရင် တစ်နှစ်ကို ကျပ် ၁၁၇. ၇၄၈ သန်း ရရှိရမှာဖြစ်လို့ နှစ်စဉ် ၉၂ သန်းကျော် လျော့နည်းရရှိနေပါတယ်။ ဒီမြေနေရာကိုတော့ နှစ်အလိုက် ငှားရမ်းမှုပုံစံနဲ့ လုပ်ဆောင်နေတာပါ။
ကိုးကား - ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ (၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်)