Posted in ဥပဒေရေးရာ သုတေသန on Aug 06, 2020
ဆိုရှယ်မီဒီယာမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ "မဲမပေးဘူး" အသံတွေနဲ့ ပတ်သက်လို့ လူအများကြားမှာ ဆွေးနွေးစရာ၊ အငြင်းပွားစရာ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။ တချို့က မြန်မာနိုင်ငံဟာ ဒီမိုကရေစီကူးပြောင်းရေးခရီးစဉ်အတွင်းမှာ ရှိနေပြီး ပြုပြင်ပြောင်းလဲစရာတွေ များစွာ ရှိနေသေးတဲ့အတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးမှုနှုန်း ကျဆင်းမှာကို စိုးရိမ်စိတ်ပူနေကြပါတယ်။ ဒါ့အပြင် မဲမပေးဘူးဆိုတာဟာ ဒီမိုကရေစီစနစ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်ဆိုပြီး ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။ ဒီလို ပြောဆိုမှုတွေဟာ "မဲမပေးရေး" လှုပ်ရှားမှုအတွက် ရန်လိုမှု၊ ခြိမ်းခြောက်ပြောဆိုမှုတွေ မဖြစ်ဖို့ လိုပြီး မဲမပေးဖို့ ရွေးချယ်ထားတဲ့ သူတွေအတွက် စိတ်ရှည်သည်းခံမှုကို ပြသပေးဖို့ အရေးကြီးပါတယ်။
ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ပွဲမှာ မဲပေးရုံနဲ့ ပြည့်စုံပြီလို့ သတ်မှတ်ထားတယ်ဆိုရင်တော့ အဲ့ဒီစနစ်ရဲ့ တကယ့်အနှစ်သာရကို မျက်ချေပြတ်သွားစေနိုင်ပါတယ်။ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်ခြင်း နဲ့ လူ့အခွင့်အရေးကို လေးစားခြင်း ဆိုတာတွေဟာ မဲပေးခြင်း ဆိုတာထက် အများကြီး ပိုပါတယ်။ ရွေးကောက်ပွဲတွေ၊ 'ဒီမိုကရေစီ'တွေ ရှိပါတယ်ဆိုတဲ့ ကမ္ဘာ့တစ်ဝန်းက နိုင်ငံတွေမှာတောင် လူအများအပြားဟာ သူတို့ရဲ့ အသံတွေ ဘေးဖယ်ခံထားရတာ၊ သူတို့ရဲ့ အခွင့်အရေးတွေ အပိတ်ပင်ခံထားရတာ စတဲ့ အကြောင်းတရားတွေနဲ့ လမ်းပေါ်ထွက်၊ လှုပ်ရှားမှု ဆောင်ရွက်နေကြတာကို တွေ့နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ များရာမဲနဲ့ ဆုံးဖြတ်တယ်ဆိုတဲ့ နှုန်းစံတွေထက် ပိုတဲ့ ဒီမိုကရက်တစ်တန်ဖိုးတွေအတွက်ကို တိုက်ယူရမှာ ဖြစ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မမျှော်လင့်နိုင်ကြတဲ့ လူနည်းစုတွေအပါအဝင် အားလုံးအတွက် အခွင့်အရေးကို ကာကွယ်ပေးတဲ့ ပုံစံနဲ့ အုပ်ချုပ်နိုင်ဖို့အတွက် သေချာစေဖို့ လုပ်ဆောင်ရပါမယ်။
မဲပေးမှုနှုန်းက ရွေးကောက်ပွဲတစ်ခုရဲ့ တရားဝင်မှုအပေါ် သက်ရောက်မှု ရှိသလား
ရွေးကောက်ပွဲတွေရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အကဲဖြတ်တဲ့အခါ ရွေးကာက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ နည်းဥပဒေတွေ လိုက်နာဖော်ဆောင်မှုကို စောင့်ကြည့်လေ့လာသူတွေက အသုံးပြုကြပါတယ်။
မဲပေးမှုနှုန်း ဆိုတာ အနိုင်ရပါတီရဲ့ တရားဝင်မှုကို တိုင်းတာဖို့အတွက် အချက်တစ်ချက်အနေနဲ့သာ ပါဝင်ပါတယ်။ မဲပေးမှုရာခိုင်နှုန်း အနည်း၊ အများ တစ်ခုတည်းနဲ့ အစိုးရတစ်ရပ်ရဲ့ တရားဝင်မှုကို အားကောင်း၊ အားနည်းစေခြင်း ဖြစ်ပေါ်စေတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ထွန်းသစ်စဒီမိုကရေစီနိုင်ငံတွေမှာ တခြားသော အကြောင်းခြင်းရာများစွာက ဘယ်သူတွေတော့ဖြစ် မဲပေးနိုင်တယ်ဆိုတာကို ကန့်သတ်သတ်မှတ်ထားတတ်ပါတယ်။
မဲပေးမှုရာခိုင်နှုန်း နည်းပါးတယ်ဆိုတာက မဲမပေးတဲ့ နိုင်ငံသားတွေကြောင့် ပေါ်ထွက်လာတဲ့ ကိန်းဂဏန်း အချက်အလက် တစ်ခုသာ မဟုတ်ပါဘူး။ ဥပမာဆိုရရင် မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတွေ မဲစာရင်းမှာ ပါရှိမလာခြင်း၊ သက်သေခံအထောက်အထား တစ်စုံတရာ မရှိခြင်း နဲ့ ပဋိပက္ခတွေကြောင့် မဲရုံမဖွင့်နိုင်ခြင်း အစရှိတဲ့ အကြောင်းတရားတွေက မဲပေးမှုရာခိုင်နှုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။
မဲမပေးခြင်းက အခွင့်အရေးလား
လာမယ့် အထွေထွေရွေးကောက်ပွဲကာလ မတိုင်မီမှာ "မဲမပေးခြင်းကလည်း အခွင့်အရေးတစ်ရပ်ဖြစ်တယ်" ဆိုတဲ့ အသံတွေ ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့လာကာ အငြင်းပွားမှုတွေ ရှိနေပြီး မဲပေးသူရာခိုင်နှုန်း ကျဆင်းမှာကို စိုးရိမ်နေသူတွေ ရှိနေပါတယ်။ စိုးရိမ်သူတွေထဲက တချို့က "မဲမပေးသူဟာ ဒီမိုကရေစီစနစ်ရဲ့ ရန်သူ" သဖွယ် မြင်နေတာကိုလည်း တွေ့မြင်နေရပါတယ်။
ဒီမိုကရေစီစနစ်တစ်ခုမှာဆိုရင် သတ်မှတ်ထားတဲ့ အသက်အရွယ်ရောက်သူအားလုံး ရွေးကာက်ပွဲမှာ မဲပေးနိုင်ခွင့် အခွင့်အရေးကို ဥပဒေနဲ့ အခိုင်အမာကာကွယ်ပေးထားပြီး မြန်မာနိုင်ငံအပါအဝင် ဒီမိုကရေစီနိုင်ငံအများစုမှာဆိုရင် မဲမပေးပဲ နေပိုင်ခွင့်ကိုလည်း ကာကွယ်ပေးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အိန္ဒိယလို တချို့နိုင်ငံတွေမှာဆိုရင် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ကိုမှ မနှစ်သက်တဲ့ သူတွေအတွက် နောက်ထပ် ရွေးချယ်ခွင့် တစ်ခု (none of the above) ကို ဆန္ဒမဲလက်မှတ်ထဲမှာ ထည့်သွင်း ပေးထားပါတယ်။ ပယ်ချခွင့် (Right to Reject) လို့ သိထားကြတဲ့ အဆိုပါရွေးချယ်ခွင့်ကို နိုင်ငံရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာ ပြဋ္ဌာန်းပေးထားပါတယ်။ အဲ့ဒီလို ပယ်ချတဲ့ မဲအရေအတွက်က သတ်မှတ်ထားတဲ့ အရေအတွက်ကို ရောက်ရှိသွားတယ်ဆိုရင် အဲဒီ မဲဆန္ဒနယ်အတွက် နောက်ထပ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေတွေဖြစ်သလို မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးအပေါ် အလေးထားကြောင်း ဥပဒေနဲ့ စည်းနှောင် အသိအမှတ်ပြုထားတာဖြစ်ပြီး လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးကိုပါ အသိအမှတ်ပြု လေးစားခြင်းပဲ ဖြစ်ပါတယ်။
အာဏာရှင်ခေတ်နောက်ပိုင်း မြန်မာနိုင်ငံ ရွေးကောက်ပွဲများ
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကစလို့ လက်ရှိအချိန်ထိ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အောက်ပါဇယားကတော့ မဲပေးမှုရာခိုင်နှုန်းကို ဖော်ပြပေးထားပါတယ်။
ရွေးကောက်ပွဲခုနှစ် | ၂၀၁၀ | ၂၀၁၂ | ၂၀၁၅ | ၂၀၁၇ | ၂၀၁၈ |
---|---|---|---|---|---|
မဲပေးမှုရာခိုင်နှုန်း | ၇၇.၂၆ | ၆၈.၂၉ | ၆၉.၇၂ | ၃၆.၇၀ | ၄၂.၄၂ |
ပုံ - ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲများနှင့် မဲပေးမှုရာခိုင်နှုန်း (မှတ်ချက် ။ မဲပေးနိုင်သည့် အရည်အချင်း မပြည့်မီသူများ နှင့် နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရသူများကိုပါ ထည့်တွက်ပါက ကိန်းဂဏန်းအမှန်သည် အထက်ပါဇယားထက် နည်းပါးနိုင်ချေ ရှိပါသည်)
ရွေးကောက်ပွဲအလိုက် မဲပေးမှုရာခိုင်နှုန်းတွေကိုကြည့်ရင် အရင်မဲပေးမှုရာခိုင်နှုန်းဟာ (၇၀ ရာခိုင်နှုန်းဝန်းကျင်) မြင့်မားခဲ့ပြီး ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာတော့ ထက်ဝက်ခန့်ထိကို သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေထဲကနေ ကောက်ချက်တွေ ဆွဲထုတ်မယ်ဆိုရင် သတိကြီးကြီးတော့ ထားရပါမယ်။
- ၂၀၁၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွက်ချက်ရယူထားတဲ့ အချက်အလက်တွေရဲ့ တိကျမှုကို လူအများက မေးခွန်းထုတ်ကြပါတယ်။ ဒါဟာ ၁၉၉၀ နောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ ရှိနေတဲ့ အခင်းအကျင်းမှာ ကျင်းပတာ ဖြစ်လို့ အကြောက်တရားက လူအများအပြားကို မဲပေးဖို့ ဖိအား ဖြစ်စေနိုင်ပါတယ်။
- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဝင်ပြိုင်တဲ့ ပထမဆုံးရွေးကောက်ပွဲ ဖြစ်ပြီး ဒီအချက်က ပြည်သူအများရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်စေကာ မဲလာပေးတာကို ဖြစ်စေခဲ့ပါတယ်။
- ၂၀၁၅ ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံးအထွေထွေရွေးကောက်ပွဲ ဖြစ်ပြီး ဆယ်စုနှစ်များစွာအတွင်း ကျင်းပတဲ့ တရားဝင်မှု ရှိတဲ့ ပထမဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ အများက မြင်ကြပါတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကလည်း မြင့်မားကာ 'မဲပေးခြင်း' လှုပ်ရှားမှုတွေ၊ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို ထောက်ပံ့တဲ့ နိုင်ငံတကာလှူဒါန်းမှုမှတဆင့် အရပ်ဘက်အဖွဲ့တွေက ပေးတဲ့ မဲပေးခြင်း အသိပညာပေးမှုတွေကြောင့် မဲပေးမှုရာခိုင်နှုန်းက အတော်မြင့်ခဲ့တာ ဖြစ်ပါတယ်။
- ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကျင်းပတဲ့ အချက်၊ သူမရဲ့ နိုင်ငံရေးပါတီကနေ တရားဝင်နိုင်ငံရေးအခင်းအကျင်းထဲကို ပြန်လည်ဝင်ရောက်လာတဲ့ အချက်တွေ မရှိတဲ့ ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေက မဲလာပေးမှုကို စိတ်ဝင်စားမှု လျော့နည်းစေခဲ့ပါတယ်။
မဲပေးမှုနှုန်းမြင့်မားစေတဲ့ အကြောင်းရင်းများ
ရွေးကောက်ပွဲတွေမှာ မဲပေးမှုနှုန်းမြင့်စေတဲ့ အကြောင်းရင်း သုံးခုထက်မက ရှိနိုင်ပေမယ့် ဒီထဲက အဓိကဖြစ်တဲ့ အကြောင်းအရင်းသုံးခုကို ထုတ်နုတ်ပြချင်ပါတယ်။ အဲဒါတွေကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ တက်ကြွပြီး လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍတွေပဲ ဖြစ်ပါတယ်။
အစိုးရရဲ့ ဆောင်ရွက်ချက်
ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီ အနည်းဆုံး နှစ်ပါတီနဲ့ နှစ်ပါတီအထက် ရှိလေ့ရှိပြီး ပါတီအားလုံးတိုင်းက အစိုးရဖွဲ့နိုင်ခွင့် ရရှိဖို့ ဘယ်လို ထိုက်တန်တယ်ဆိုတာကို ရွေးကာက်ပွဲမဲဆွယ်ရာမှာ ပြောဆိုကြလေ့ ရှိပါတယ်။ အဲဒီလိုပြောဆိုကြတဲ့အခါမှာ ရွေးကောက်ပွဲကြေညာစာတမ်းကနေတစ်ဆင့် သူတို့အနေနဲ့ အာဏာရရင် ဘာတွေကို လုပ်ပေးသွားမယ်ဆိုတဲ့ ကတိကဝတ်တွေကို ပေးပြီး မဲဆန္ဒရှင်တွေကို စည်းရုံးလေ့ ရှိကြပါတယ်။ မဲဆန္ဒရှင်တွေဟာလည်း အဲ့ဒီကတိတွေဟာ ယုံကြည်စိတ်ချရတယ်၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့ အချက် နဲ့ သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးရပ်တည်ချက်တွေပေါ် အခြေခံပြီး မဲပေးဖို့ ဆုံးဖြတ်ကြတဲ့အတွက် မဲပေးမှုရာခိုင်နှုန်း မြင့်မားတာတွေကို ဦးတည်သွားစေနိုင်ပါတယ်။ တခြားတစ်ဖက်မှာဆိုရင်တော့ ကတိကဝတ်တွေဟာ ဝေဝါးနေပြီး ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ မဖြစ်နိုင်ရင် နောက်ပြီး အရင်ဆောင်ရွက်ချက်တွေက မကောင်းခဲ့ရင် မဲပေးဖို့ မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှုတွေက လျော့ကျလာနိုင်ပြီး လူအနည်းငယ်ကသာ မဲထွက်ပေးလာနိုင်ပါတယ်။ အဲ့လိုအခါကျရင် မဲမပေးတာက တာဝန်မဲ့ရာကျတယ်လို့ မဲဆန္ဒရှင်တွေကို ပြောဆိုမယ့်အစား နိုင်ငံရေးသမားတွေ လုပ်ဆောင်ရမှာက မဲလာပေးဖို့ ယုံကြည်လာအောင် လုပ်ရမှာ ဖြစ်ပြီး ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲကတိကဝတ်တွေကို ထိန်းသိမ်းပေးရမှာ ဖြစ်ပါတယ်။
တက်ကြွပြီး လွတ်လပ်တဲ့ မီဒီယာ
အစိုးရမရှိတဲ့ နိုင်ငံမှာ ငါ နေနိုင်တယ်၊ သတင်းမီဒီယာ မရှိတဲ့ နိုင်ငံမှာ ငါ မနေနိုင်ဘူး ဆိုတဲ့ ကမ္ဘာကျော် စကားတစ်ခွန်း ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်တစ်ခုမှာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ကျူးတဲ့ စကားရပ် ဖြစ်ပါတယ်။ သတင်းမီဒီယာတွေဟာ ရွေးကောက်ပွဲကာလအတွင်းမှာရော ကျန်ကာလတွေမှာပါ ပါတီတွေ နဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ သတင်းအချက်အလက်တွေကို မဲဆန္ဒရှင်နိုင်ငံသားတွေအတွက် ပံ့ပိုးပေးရုံမက ဒီသတင်းအချက်အလက်ကို မူတည်ပြီး ဆွေးနွေးတာ အငြင်းအခုန်လုပ်တာကတစ်ဆင့် မဲဆန္ဒရှင်တွေကို စည်းရုံးလှုံ့ဆော်ပေးကာ မဲပေး မပေးဆိုတာကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အာဏာရအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ မရှိမဖြစ် အရေးကြီးပြီး ဒီဆောင်ရွက်ချက်အပေါ် ဝေဖန်မှု ပြုလုပ်တာက ဒီမိုကရေစီစနစ်ရဲ့ မှတ်တိုင်ဖြစ်တာကြောင့် အဲ့လို ဝေဖန်ပြောဆိုတာတွေကို ပိတ်ပင်တားမြစ်ခြင်း မပြုရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ လုပ်နိုင်စွမ်း နဲ့ အရည်အချင်းတွေကို နိုင်ငံသားတွေကနေ ဆန်းစစ်နိုင်ပြီး ဘယ်သူကို မဲပေးမယ်ဆိုတဲ့ ရွေးချယ်မှုတွေကို နှိုင်းယှဉ်သုံးသပ်တာတွေ လုပ်နိုင်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ
အစိုးရနဲ့ ဈေးကွက်ကို ထိန်းကျောင်းတာ၊ အဖယ်ကျဉ်ခံရတဲ့ အုပ်စုတွေနဲ့ ခွဲခြားဆက်ဆံရပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရတဲ့ သူတွေကို အကာအကွယ်ပေးတာတွေကို ဆောင်ရွက်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်ရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေကို ပါဝင်စေခြင်းအားဖြင့် မဲဆန္ဒရှင် နိုင်ငံသားတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ရရှိလာစေနိုင်ပါတယ်။ ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲကာလတွေမှာ မဲဆန္ဒရှင် နိုင်ငံသားတွေကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေကို ပေးတာ၊ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးတာ နဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာတဲ့ လွတ်လပ်တဲ့ အဖွဲ့အဖြစ် လုပ်ဆောင်ကြပါတယ်။
မဲမပေးရေးအသံ ဘာလို့ ညံ
ဆိုရှယ်မီဒီယာမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်းက အစပြုပြီး မဲမပေးတော့ဘူးဆိုတဲ့ အသံတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် အုပ်စုတစ်ခုသဖွယ်ဖြစ်လာကာ အသံတွေ ပိုမြိုင်လာနေပါတယ်။ ဘာကြောင့် ဒီအသံတွေ မြိုင်နေ၊ လှိုင်နေတာရတာလဲ။ နောက်ကွယ်ကို လေ့လာကြည့်တော့ ပြီးခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်တာကာလအတွင်းမှာ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေကို အားမလိုအားမရဖြစ်တာရယ်၊ ရွေးကောက်ပွဲ အနိုင်ရပါတီရဲ့ ကတိကဝတ်ဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေဟာ ရှေ့တိုးနိုင်တဲ့ အခြေအနေမှာ မရှိဘူးဆိုတဲ့ ယူဆချက်တွေရယ်နဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကို မကြိုက်မနှစ်သက်တော့တာ စတာတွေကြောင့် ဖြစ်ပါတယ်။ ကဏ္ဍစုံမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ခွင့်ပြုပေးထားတဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ မဲပေးခြင်းက ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်မှာ မဟုတ်ဘူး ဆိုတဲ့ သံသယတွေလည်း ဖြစ်ပေါ်နေပါတယ် (တကယ်တော့ ဒီအချက်က ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အကြောင်းပြချက်လည်း ဖြစ်ပါတယ်) ။ တချို့သူတွေကတော့ သူတို့ရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မဲပေးမှုနှုန်းကျဆင်းတာက သူတို့ကြိုက်နှစ်သက်တဲ့ ပါတီအတွက် မဲ ပိုရရှိနိုင်စေတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ဗျူဟာကျကျ မဲထည့်ဖို့တောင် စဉ်းစားနေနိုင်ပါတယ်။
အကြံပြုချက်များ
"မဲမပေးဘူး" လို့ဆိုကြတဲ့ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အခွင့်အရေးကို ဒီမိုကရေစီရဲ့ ရန်သူသဖွယ် ပြောဆိုကြတာက မဲပေးမှုနှုန်းကို မြင့်မားလာစေမှာ မဟုတ်ပါဘူး။ မဲပေးမှုနှုန်းကို မြင့်တက်စေဖို့ ရည်ရွယ်တယ်ဆိုရင်တော့ ဥပဒေက ပေးအပ်ထားတဲ့ မဲမပေးခွင့်ကို အသုံးပြုမယ့် မဲဆန္ဒရှင်တွေကို ဝေဖန်တိုက်ခိုက်နေမယ့်အစား တခြားလုပ်ဆောင်လို့ ရနိုင်တဲ့ အပြုသဘောဆောင်တဲ့ အရာတွေ များစွာ ရှိပါတယ်။ ထည့်လိုက်တဲ့ မဲက အဓိပ္ပာယ်ရှိတယ်ဆိုတာကို သက်သေထူဖို့အတွက် အစိုးရနဲ့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ ကောင်းမွန် မှန်ကန်အောင် လုပ်တာ၊ သတင်းအချက်အလက်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကတစ်ဆင့် ပေးပြီး အကြောက်တရားမရှိဘဲ အစိုးရနဲ့ နိုင်ငံရေးပါတီကို လွတ်လွတ်လပ်လပ် ဝေဖန်ဆန်းစစ်နိုင်အောင် လုပ်တာနဲ့ မဲဆန္ဒရှင်တွေကို မဲလာပေးစေဖို့ အရပ်ဘက်အဖွဲ့အစည်းကို ထောက်ပံ့ဖို့ ပူးပေါင်းဖို့ လုပ်တာတွေ ဆောင်ရွက်နိုင်ပါတယ်။
မဲပေးတယ်ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် မဲဆွယ်စည်းရုံးကြတဲ့အခါမှာ မဲဆန္ဒရှင်တွေရဲ့ ပကတိလိုအင်ကို သိရှိနားလည်နိုင်ဖို့၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေကို ပြပြုင်ပြောင်းလဲနိုင်ဖို့အတွက် ကတိကဝတ် ပေးဖို့ နဲ့ ပေးတဲ့ ကတိတွေကို တည်နိုင်ဖို့ဆိုတာတွေဟာ နိုင်ငံရေးပါတီတွေအတွက် သတိချပ် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
လှမျိုးကျော် ရေးသားသည်။
(ယခုဆောင်းပါးကို ၁၈ သြဂုတ် ၂၀၂၀ တွင် ဖြည့်စွက်ပြင်ဆင်ထားပါသည်။)