Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2020

ဘာကြောင့် လူပြောများတဲ့ အကြောင်းအရာ ဖြစ်နေရသလဲ

၂၀၁၅ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့တဲ့ ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက ဥပဒေကြမ်း ရေးဆွဲရေးကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ရှေ့နေများကောင်စီဆိုတာ ဘာလဲ

တရားမျှတမှု ရှိတဲ့ စနစ်တွေ ပေါ်ပေါက်လာဖို့အတွက် အရေးကြီးဆုံး လိုအပ်ချက်တစ်ခုက ရှေ့နေတွေရဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီစနစ်တွေဟာ လူတိုင်း ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှစွာ ဆက်ဆံခံရမယ်ဆိုတဲ့ တန်းတူညီမျှမှု အပေါ် အခြေခံထားတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေခံစည်းမျဉ်းကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ မှာ "နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်” ဆိုပြီး ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။

တရားမျှတမှုကို လက်လှမ်းမီနိုင်ဖို့ဆိုရင် ပုဂ္ဂိုလ်တစ်ဦးရဲ့ တရားဝင်ကိုယ်စားပြုတဲ့သူ (ရှေ့နေ၊ ဥပဒေအကျိုးဆောင်) ဟာ ဝင်ရောက်စွက်ဖက်ခံရနိုင်မှုဆိုတဲ့ အကြောက်တရားမရှိဘဲ မိမိကို ငှားထားတဲ့သူရဲ့ အကျိုးစီးပွားအတွက် လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ရာဇဝတ်မှုတွေမှာ အစိုးရက ရှေ့နေအဖြစ် ဆောင်ရွက်ပြီး တရားခံအဖြစ် စွပ်စွဲခံရသူတွေကို ပြစ်ဒဏ်ချမှတ်လိုတာကြောင့် ရှေ့နေတွေဟာ အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကနေ ကင်းလွတ်မှုရှိနေရေးက အလွန်ပဲ အရေးကြီးပါတယ်။

နိုင်ငံအားလုံးလိုလိုမှာ ရှေ့နေလိုက်သူတွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ အဲဒီအဖွဲ့တွေက ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းမှုကို ထိန်းကျောင်းတာ၊ စံချိန်စံနှုန်းတွေကို သတ်မှတ်ထိန်းသိမ်းပေးတာနဲ့ ရှေ့နေလိုက်သူတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ကျင့်သိက္ခာရှိမှုတွေကို မြှင့်တင်ပေးတာ စတဲ့ အစီအမံတွေကို ဆောင်ရွက်ပေးပါတယ်။ ရှေ့နေများကောင်စီ၊ ဥပဒေအဖွဲ့အစည်း ဒါမှမဟုတ် ရှေ့နေများအသင်း အစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ သိနေကြတဲ့ အဖွဲ့အစည်းတွေဟာ တရားရေးစနစ်ပုံစံပေါ် မူတည်ပြီး ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံတို့ ခြားနားကြပါတယ်။ အမည်အမျိုးမျိုးနဲ့ ရှိနေကြတဲ့ အဲဒီအဖွဲ့အစည်းတွေကို အောက်မှာ ရှင်းပြထားပါတယ်။

အများအားဖြင့် တွေ့မြင်ရတတ်တဲ့ အဖွဲ့အစည်းတွေက -

•   ရှေ့နေများကောင်စီ (Bar Council) ။  ။ ဥပဒေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေအတွက် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး စည်းကမ်းထိန်းသိမ်းတာ၊ စည်းကမ်းချမှတ်တာနဲ့ ရှေ့နေလုပ်ငန်းကို ကိုယ်စားပြုတာတွေ လုပ်ဆောင်ပါတယ်။ ဘယ်ရီစတာ (တရားရုံးမှာ ရှေ့နေလိုက်သူ) နဲ့ စလစ်စစ်တာ (သာမန် ဥပဒေအသက်မွေးဝမ်းကျောင်းပြုသူ) ဆိုပြီး ခွဲခြားထားတဲ့ နိုင်ငံတွေမှာ ‌ရှေ့နေများကောင်စီဟာ ဘယ်ရီစတာတွေကိုသာ ကိုယ်စားပြုပါတယ်။
•   ဥပဒေအဖွဲ့အစည်း (Law Society) ။  ။ ဘယ်ရီစတာနဲ့ စလစ်စစ်တာ ဆိုပြီး ခွဲခြားမထားတဲ့ နိုင်ငံတွေမှာ ရှေ့နေများကောင်စီလို ပုံစံတူ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ပါတယ်။ ဒါပေမယ့် အဆိုပါနှစ်မျိုးကို ခွဲခြားထားတယ်ဆိုရင် စလစ်စစ်တာတွေကိုသာ ထိန်းကျောင်းကြပ်မတ်ပြီး ကိုယ်စားပြုမှု လုပ်ပါတယ်။
•   ရှေ့နေများအသင်း (Bar Association) ။  ။ ရှေ့နေများအသင်းဟာ ပညာရပ်ပိုင်းဆိုင်ရာ သီးသန့် အသင်းအဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ဥပဒေနဲ့ အသက်မွေးသူတွေကို လေ့ကျင့်သင်ကြားပေးတာနဲ့ တရားရုံးမှာ ရှေ့နေအဖြစ် ဆောင်ရွက်နိုင်ဖို့ စာမေးပွဲ စစ်ဆေးတာ ဒါမှမဟုတ် လေ့ကျင့်သင်တန်းပေးတာတွေ စတာတွေကို ပြုလုပ်ပေးတတ်ပါတယ်။

ဒါကြောင့် ရှေ့နေများကောင်စီဟာ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေကို ကိုယ်စားပြုသလို စည်းကမ်းထိန်းသိမ်းမှုလည်း ပြုလုပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ရှေ့နေတစ်ယောက်ဟာ ရှေ့နေများကောင်စီကို အဖွဲ့ဝင်တစ်ဦးအဖြစ် မဖြစ်မနေ ဝင်ရောက်ရမှာ ဖြစ်ပြီး “ရှေ့နေများကောင်စီ စာမေးပွဲကို အောင်မြင်ခြင်း” (passing the bar) ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ကလည်း တရားရုံးတစ်ခုမှာ ရှေ့နေအဖြစ် အသက်မွေးဖို့အတွက် လုံလောက်တဲ့ အဆင့်အတန်း ပြည့်မီပြီလို့ ဆိုလိုပါတယ်။ ရှေ့နေများကောင်စီတွေ ဆောင်ရွက်ရတဲ့ အခန်းကဏ္ဍဟာ အမျိုးမျိုး ရှိကြပေမယ့် ယေဘုယျအားဖြင့်တော့ အောက်က အချက်တွေ ပါဝင်လေ့ ရှိပါတယ်။

  • တရားဝင်နည်းလမ်းက တစ်ဆင့် ဥပဒေနဲ့ အသက်မွေးသူတွေကို ထိန်းကျောင်းခြင်း
  • ဥပဒေနဲ့ အသက်မွေးရာမှာ လိုက်နာရမယ့် စံနှုန်းတွေ၊ ကိုယ်ကျင့်စည်းကမ်းတွေနဲ့ ကောင်းမွန်တဲ့ အလေ့အထတွေကို ပြုစုပျိုးထောင်ပေးခြင်း
  • ရှေ့နေတွေကို လေ့ကျင့်သင်တန်းပေးခြင်းလို အထောက်အပံ့တွေ ပေးခြင်း
  • အစိုးရ ဒါမှမဟုတ် လွှတ်တော်ရဲ့ တရားစီရင်ရေးစနစ်အပေါ် မေးမြန်းစုံစမ်းမှုတွေမှာ ရှေ့နေတွေကို ကိုယ်စားပြုခြင်း

ဥပဒေနဲ့ အသက်မွေးသူတွေဟာ လွတ်လပ်နေရမယ် ဆိတဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ သဘောတရားနဲ့ညီစေဖို့ဆိုရင် ရှေ့နေများကောင်စီရဲ့ စီမံအုပ်ချုပ်မှုဟာ အစိုးရထိန်းချုပ်မှုကနေ လုံးဝ ကင်းလွတ်နေရမှာဖြစ်ပြီး ကောင်စီဝင်တွေ ရွေးချယ်တဲ့ ဘုတ်အဖွဲ့ ဒါမှမဟုတ် ကော်မတီတွေကပဲ ကောင်စီကို အုပ်ချုပ်ရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရလျှင် ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေနဲ့ ပတ်သက်တဲ့၊ ပိုပြီး တိတိကျကျပြောရရင် ရှေ့နေများကောင်စီနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ခုကို လေ့လာဆန်းစစ်မှု ပြုတော့မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ မေးခွန်း ၂ ခု ကို မေးမြန်းဖို့ လိုအပ်ပါတယ်။

  • ဒီဥပဒေဟာ ဥပဒေနဲ့ အသက်မွေးသူတွေရဲ့ စံနှုန်းတွေနဲ့ ကိုယ်ကျင့်သိက္ခာရှိမှုကို မြှင့်တင်ပေးနိုင်သလား။
  • ဒီဥပဒေဟာ ရှေ့နေလုပ်ငန်းရဲ့ လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုကို အကာအကွယ်ပေးသလား။