Posted in ဥပဒေရေးရာ သုတေသန on Jun 04, 2019
ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေ အပ်နှင်းပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်နဲ့ သင်တန်းကျောင်းတွေကို ဥပဒေပြဌာန်းပြီး သတ်မှတ်နိုင်ဖို့နဲ့ သူတို့ရဲ့ အရည်အသွေးကိုထိန်းသိမ်းနိုင်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ အမျိုးသားပညာရေး၊ ကျန်းမာရေးမူဝါဒတွေနဲ့ ကိုက်ညီစေဖို့ ရည်ရွယ်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေကို အလွဲအသုံးမပြုစေဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ကြီးကြပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်က ဒုတိယဥက္ကဋ္ဌနဲ့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးတို့အဖြစ် ကော်မတီမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ဆေးပညာရပ်ဆိုင်ရာ သက်ဆိုင်ရာကောင်စီနဲ့ အဖွဲ့တွေရဲ့ ဥက္ကဋ္ဌတွေ၊ ဆေးပညာရပ်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ ပါမောက္ခချုပ်တွေ ဒါမှမဟုတ် ကိုယ်စားလှယ်တွေက ကော်မတီအဖွဲ့ဝင်တွေအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေ အပ်နှင်းခြင်းဆိုင်ရာ မူဝါဒချမှတ်တာတွေ၊ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းတာနဲ့ ကြီးကြပ်တာတွေ လုပ်ဆောင်တာအပြင် ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်ပေးအပ်နိုင်တဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကို အသိအမှတ်ပြုတာနဲ့ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်သတ်မှတ်ချက်တွေကို စိစစ်တာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ကြီးကြပ်ရေးကော်မတီဟာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (၃) ဦး အပါအဝင် ညွှန်ကြားရေးမှူးတွေပါဝင်တဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းကော်မတီဟာ လိုအပ်တဲ့ အဖွဲ့တွေဖွဲ့စည်းနိုင်ပြီး အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေရဲ့ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ် အပ်နှင်းမှုအခြေအနေတွေကို ကြီးကြပ်ရေး ကော်မတီထံ တင်ပြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြီးကြပ်ရေးကော်မတီက ပေးအပ်တဲ့တာဝန်တွေကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေ အပ်နှင်းပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကတော့ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေ ပါ၀င်ပါတယ်။
ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်တွေကို အသိအမှတ်ပြုထားခြင်းမရှိတဲ့ အခြားဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တို့က အပ်နှင်းဆောင်ရွက်တာဖြစ်ဖြစ်၊ ပူးပေါင်းပါဝင်တာဖြစ်ဖြစ် ကျူးလွန်ခဲ့ရင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀ဝ အထိ ဖြစ်စေ ချမှတ်နိုင်ပါတယ်။
အသိအမှတ်ပြု တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေက ပေးအပ်ထားတဲ့ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်မဟုတ်ဘဲ အလားသဏ္ဍာန်တူ ပြုလုပ်ထားတဲ့ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်ကို ပြုလုပ်သုံးစွဲခဲ့ပါက သုံးစွဲသူအား ထောင်ဒဏ် ၆လ မှ ၁ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ၂၅ သိန်းမှ ကျပ်သိန်း ၅၀ အထိဖြစ်စေ ချမှတ်နိုင်ပြီး ရဲအရေးပိုင်တဲ့ ပြစ်မှုလည်း ဖြစ်ပါတယ်။ ၎င်းပြစ်မှုကို ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀ဝ အထိဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဥပဒေပါ ပြစ်မှုတွေကို တရားစွဲဆိုမယ်ဆိုရင်တော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရပါမယ်။