Posted in ဥပဒေရေးရာ သုတေသန on May 23, 2019

၂၀၁၅ အထွေထွေရွေးကောက်ပွဲကနေ တက်လာတဲ့ အရပ်သားအစိုးရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒ(၁၂)ချက်ကို ချမှတ်ခဲ့ပါတယ်။ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အာရှဖွံ့ဖြိုးတိုးတက်မှု အလားအလာ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၆ မှာ အဆင့် ၅ (GDP တိုးတက်မှု ၅.၉%)၊ ၂၀၁၇ တွင် အဆင့် ၄ (GDP တိုးတက်မှု ၆.၈%) နဲ့ ၂၀၁၈ တွင် အဆင့် ၅ (GDP တိုးတက်မှု ၆.၂%) ရှိခဲ့ပါတယ်။ ၂၀၁၉ အတွက်တော့ GDP တိုးတက်မှု ၆.၆% နဲ့ အဆင့် ၃ နဲ့ ၂၀၂၀ အတွက် GDP တိုးတက်မှု ၆.၈% နဲ့ အမြင့်ဆုံးဖြစ်မယ်ဆိုပြီး ခန့်မှန်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အမှန်ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (Real GDP) အပိုင်းမှာတော့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၅.၉% နဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၆.၈ % ရှိတယ်လို့ ကမ္ဘာဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ ၂၀၁၈၊ ဒီဇင်ဘာမှာ ဆိုထားပြီး၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက်တော့ ၆.၂% လို့ ခန့်မှန်းဖော်ပြထားပါတယ်။ အစီရင်ခံစာအရ အမှန်ပြည်တွင်းအသားကုန်ထုတ်လုပ်မှု(Real GDP )မှာ စက်မှုကဏ္ဍရဲ့ တိုးတက်မှုကတော့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၉.၄% ရှိခဲ့သော်လည်း၊ စားသုံးမှုလျော့ကျလာမှု၊ (နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင်) ရင်းနှီးမြှုပ်နှံမှုလျော့နည်းလာမှု၊ လောင်စာဆီဈေးမြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာမှုနဲ့ ကျပ်ငွေတန်ဖိုး လျော့ကျလာမှုတို့ကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၈.၂% သို့ ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ခန့်မှန်းထားတဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုကို ပြည့်မီစေဖို့နဲ့ အမှန်ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုကို စက်မှုကဏ္ဍရဲ့ ထောက်ပံ့မှု ပိုမိုများလာစေဖို့ဆိုရင် နိုင်ငံတော်အနေနဲ့ စက်မှုကဏ္ဍကို အလေးပေး လုပ်ဆောင်ရမယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ ကြောင့်လည်း စက်မှုဝန်ကြီးဌာနဟာ ၂၀၁၆ ခုနှစ်ကတည်းက စက်မှုလုပ်ငန်းမူဝါဒကို ချမှတ်ခဲ့ပြီး အဆိုပါမူဝါဒထဲမှာ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေမှာ စက်မှုလုပ်ငန်းတွေ အောင်မြင်စွာ ထူထောင်နိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖော်ပြထားသလို၊ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်စက်မှုဇုန်များ ထူထောင် ရေး၊ နယ်စပ်စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ ထူထောင်ရေးနဲ့ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖော်ပြထားပါတယ်။

စက်မှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စက်မှုဇုန် (၁၉) ခုနဲ့ တည်ဆောက်ဆဲ စက်မှုဇုန် (၆) ခု ရှိပါတယ်။ တိုးချဲ့ဇုန်တွေအဖြစ်လည်း ဒေသအလိုက် လုပ်ဆောင်နေတာရှိပြီး၊ အထူးစီးပွားရေးဇုန် အနေနဲ့ သီလဝါ၊ ကျောက်ဖြူနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေကို ဖော်ဆောင်နေတာ ရှိပါတယ်။ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီဖြစ်စေဖို့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

စက်မှုဇုန်တွေအတွက် စက်မှုဇုန်ဥပဒေကြမ်းကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ တင်သွင်းလာပြီး ဥပဒေကြမ်းထဲတွင် “ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်း နှီးမြှုပ်နှံလာနိုင်စေရန်”၊ “ဈေးကွက်အရ ယှဉ်ပြိုင်နိုင်တဲ့ စက်မှုလုပ်ငန်းများ ဖြစ်လာစေရန်”၊ “စက်မှုလုပ်ငန်းများ စက်မှုဇုန်အတွင်း အခြေချလာစေရန်”နဲ့ “စက်မှုလုပ်ငန်းများကြောင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန်” ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

စက်မှုဇုန်ဥပဒေရဲ့ အရေးပါမှု

ကုန်ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေအတွက် အခြေခံအဆောက်အအုံတည်ရှိမှု၊ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေးစရိတ် လျှော့ကျစေမှု၊ နည်းပညာရရှိမှုနဲ့ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု စတာတွေ စနစ်ကျစေဖို့ စက်မှုဇုန်ဥပဒေတစ်ရပ် မဖြစ်မနေ လိုအပ်ပါတယ်။ ဥပဒေတစ်ရပ်မရှိဘဲ စက်မှုဇုန်တွေကို ဖော်ဆောင်ခဲ့မယ်ဆိုရင်တော့ တခြားသော ကျန်းမာရေးဆိုင်ရာဥပဒေတွေ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေနဲ့ တစ်ချိန်ချိန်မှာ ပဋိပက္ခ ဖြစ်လာနိုင်စရာ ရှိပါတယ်။

လက်ရှိစက်မှုဇုန်အခြေအနေ

စက်မှုဇုန်တွေကို စတင်ဖော်ဆောင်လာတာဟာ ၁၉၉၀ ပြည့်နှစ်ကျော်လောက်က လုပ်ဆောင်လာခဲ့ပြီး၊ ဖော်ဆောင်ရာမှာတော့ စက်မှုဇုန်ဆိုင်ရာဥပဒေ သီးသန့်မရှိဘဲ ညွှန်ကြားချက်တွေနဲ့ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ လျှပ်စစ်မီးမလုံလောက်တာ၊ မြေဂရန်ကြိုတင်ရယူပြီး မြေဈေးကစားတာနဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာတွေ မပြည့်စုံတာတွေကြောင့် စက်မှုလုပ်ငန်းတွေဟာ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပါဘူး။ ဒါ့အပြင် လုပ်ငန်း၊ ဒေသ၊ ထုတ်ကုန် ရည်မှန်းချက်ဆိုင်ရာ မျိုးတူ စက်မှုလုပ်ငန်းတွေဟာလည်း တစုတစည်းတည်းမရှိဘဲ ပြန့်ကျဲနေခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၁၈ ခုနှစ်ကာလက အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် အဆင်သင့်ဖြစ်မနေခဲ့ဘဲ လက်ရှိအချိန်မှာလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းက နိမ့်ကျနေပါတယ်။

လက်ရှိ စက်မှုဇုန်တွေရဲ့ ကြီးကြပ်မှုအပိုင်းမှာတော့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ ဗဟိုစက်မှုလက်မှု တိုးတက်ရေးကော်မတီ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကြီးကြပ်မှုကော်မတီနဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့ ရှိပါတယ်။ ကြီးကြပ်မှုကော်မတီကတော့ အာဏာအရှိဆုံးလို့ ဆိုနိုင်ပါတယ်။

စက်မှုဇုန်ဥပဒေကြမ်းအတွက် စဉ်းစားရမယ့် အချက်

စက်မှုဇုန်ဥပဒေတစ်ရပ် ပြဋ္ဌာန်းမယ်ဆိုရင် ရှိပြီးသား စက်မှုဇုန်ဟောင်းနဲ့ စက်မှုဇုန်သစ်အတွက်ဆိုပြီး နှစ်ပိုင်း ထည့်သွင်းစဉ်းစားရပါမယ်။ စက်မှုဇုန်ဟောင်းအတွက်တော့ (အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင်) ယခင် မြို့ပြင်လို့ တွက်ဆပြီး တည်ထောင်ခဲ့တဲ့ စက်မှုဇုန်တွေဟာ ခုအခါမှာ မြို့တွင်းလို ဖြစ်နေတဲ့အတွက် စက်မှုဇုန်ဟောင်းတွေကို သင့်တော်သလို စီမံခန့်ခွဲရပါမယ်။ နိုင်ငံတကာမှာတော့ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်းနဲ့ ဥပဒေအရထိန်းချုပ်ခြင်း ဆိုပြီး သုံးမျိုးနဲ့ ဖြေရှင်းကြပါတယ်။ ပြီးတော့ မလုပ်ကိုင်ဘဲ ရယူထားတဲ့ မြေတွေအတွက်လည်း တိတိကျကျ ဖြေရှင်းဖို့ နည်းလမ်းကိုပါ တစ်ခါတည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

စက်မှုဇုန်အသစ်တည်ထောင်ရေးနဲ့ ပတ်သက်ရင်တော့ စက်မှုလုပ်ငန်းမူဝါဒမှာ ဖော်ပြထားသလို လုပ်ငန်းတူ၊ ဒေသတူ၊ ထုတ်ကုန်ရည်မှန်းချက်တူ စက်မှုလုပ်ငန်းများ စုပေါင်းနိုင်ရေးကို အားပေးရမှာ ဖြစ်ပြီး၊ အစုအဖွဲ့အနေဖြင့် နည်းပညာ၊ ငွေကြေး၊ ဈေးကွက်၊ တီထွင်ဆန်းသစ်မှုနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး စတာတွေ စုပေါင်းလုပ်ကိုင်နိုင်ဖို့ ကူညီပေးရပါမယ်။ ဒါ့အပြင် ဇုန်အလိုက် ပြည်တွင်းပြည်ပ ဈေးကွက်လေ့လာရေးနှင့် မြှင့်တင်ရေးအဖွဲ့တွေ ပေါ်ထွန်းလာရေးအတွက် အကောင်အထည် ဖော်ဆောင်နိုင်မယ့် ပြဌာန်းချက်မျိုးတွေ ဥပဒေထဲမှာ တိတိကျကျ ထည့်သွင်းထားနိုင်ရင် စက်မှုလုပ်ငန်းရှင်တွေအတွက် အကျိုးများစေနိုင်ပါတယ်။

စက်မှုဇုန်ဥပဒေကို မပြဌာန်းခင်မှာ ရှိပြီးသား ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၁၉၉၀ ခုနှစ်က စက်မှုဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ၂၀၁၅ ခုနှစ်က ရေးဆွဲပြဌာန်းခဲ့တဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွေနဲ့ လိုက်လျောညီထွေရှိဖို့ကလည်း အရေးကြီးပါတယ်။