Posted in ဥပဒေရေးရာ သုတေသန on May 22, 2020
ဥပဒေကြမ်းကို ၂၃.၀၃.၂၀၂၀ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁၊ ၂၂ နဲ့ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နဲ့ ကြေးမုံသတင်းစာမှာ အများပြည်သူ လေ့လာသိရှိ အကြံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။
လက်ရှိအခြေအနေ (၂၂.၀၅.၂၀၂၀) – ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားပြီး ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ပါသည်။
(၁) ဥပဒေကြမ်းမိတ်ဆက်
၀၈.၁၂.၂၀၁၆ ရက်နေ့က လှိုင်မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ဆင့်ပွားကွန်ရက် စျေးရောင်းလုပ်ငန်း (Multi-Level Marketing – MLM) နဲ့ ပတ်သက်ပြီး တားမြစ်ကန့်သတ်ပိတ်ပင်ဖို့ အစီအစဉ် ရှိမရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းဟာ အခြေခံ လူတန်းစား အများစုရဲ့ လုပ်အားကို ခေါင်းပုံဖြတ် အကျိုးအမြတ်ယူနေသလိုမျိုးဖြစ်ပြီး ခေါင်းပုံဖြတ်ခံရသူတွေ တဖြည်းဖြည်း များလာတာ နဲ့ ပြည်ပကုမ္ပဏီတွေလည်း ဝင်ရောက်လုပ်ကိုင်လာတာကြောင့် မြန်မာ့ငွေကြေးစျေးကွက်ကို သက်ရောက်မှု ရှိလာနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးရဲ့ အဖြေအရ အဲ့ဒီလုပ်ငန်းကို ထိန်းချုပ်ကန့်သတ်ဖို့ လုပ်ဆောင်ရာမှာ အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ၁၉၉၃ ခုနှစ်၊ စင်ကာပူနိုင်ငံမှာ ၂၀၀၀ ခုနှစ်၊ ထိုင်းနိုင်ငံမှာ ၂၀၀၂ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၀၄ ခုနှစ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၄ ခုနှစ် စသဖြင့် အသီးသီး ဥပဒေပြဋ္ဌာန်းထားကြောင်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ သီးခြားဥပဒေမရှိသေးတာကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေနဲ့သာ အရေးယူနိုင်ပြီး အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ တားမြစ်မိန့်စည်းကမ်း သတ်မှတ်ချက် ထုတ်ပြန်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
၁၈.၀၉.၂၀၁၈ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ်၊ ၄၆/၂၀၁၈ ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် တားမြစ်လိုက်ပါတယ်။ တားမြစ်ချက်ကို ဖောက်ဖျက်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ ထောင်ဒဏ် ၆ လမှ ၃ နှစ် အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ ငွေဒဏ်လည်း ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကိုတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ် နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေရဲ့ ဥပဒေတွေကို လေ့လာပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရေးဆွဲထားတယ်လို့ ဆိုပါတယ်။
(၂) ဥပဒေကြမ်းအနှစ်ချုပ်
ဥပဒေကြမ်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန တို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ၊ မှတ်ပုံတင်အရာရှိ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတာဝန်တွေ နဲ့ အရောင်းကိုယ်စားလှယ်ရဲ့ တာဝန်နဲ့ အခွင့်အရေးတွေ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါသည်။
- ဥပဒေကြမ်းဟာ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းကို ဥပဒေနဲ့အညီ ဖြစ်လာစေဖို့၊ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အသိပညာပေးလုပ်ငန်းနဲ့ သတင်းအချက်အလက် ဖြန့်ဝေတာတွေ လုပ်ဖို့ နဲ့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူဖို့ ရည်ရွယ်ထားပါတယ်။
- စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ မူဝါဒချမှတ်တာ၊ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲတာ၊ လိုအပ်တဲ့ အစီအမံချမှတ်တာ နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေနဲ့ အယူခံမှုတွေကို ဆုံးဖြတ်ပေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။
- စားသုံးသူရေးရာဦးစီးဌာနရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကတော့ မှတ်ပုံတင်အရာရှိခန့်အပ်တာ၊ တိုက်ရိုက်ရောင်းချခြင်းအတွက် လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေ သတ်မှတ်တာ၊ မှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း/ငြင်းပယ်ခြင်း၊ သက်တမ်းတိုး ထုတ်ပေးခြင်း/ငြင်းပယ်ခြင်း၊ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တွေကို ပြောင်းလဲဖို့ ခွင့်ပြုခြင်း/ငြင်းပယ်ခြင်း၊ မှတ်ပုံတင်အရာရှိက တရားစွဲဆိုဖို့ တင်ပြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုခြင်း၊ တရားစွဲဆိုနေစဉ်ကာလအတွင်း မှတ်ပုံတင်လက်မှတ်ကို ယာယီပိတ်သိမ်းခြင်း/ကာလအကန့်အသတ်နဲ့ ပိတ်သိမ်းခြင်း/အမြဲတမ်းပိတ်သိမ်းခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အရောင်းကိုယ်စားလှယ်ကြေးနဲ့ သင်တန်းကြေး တွေကို သတ်မှတ်တာ နဲ့ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့တွေ ဖွဲ့စည်းဖို့ အားပေးတာ တွေ ဖြစ်ပါတယ်။
- မှတ်ပုံတင်အရာရှိရဲ့ လုပ်ငန်းတာဝန်တွေကတော့ မှတ်ပုံတင်လက်မှတ်နဲ့ ပတ်သက်ပြီး လျှောက်ထားတာ၊ သက်တမ်းတိုးလျှောက်တာနဲ့ အချက်အလက် ပြောင်းဖို့ လျှောက်တာတွေကို စိစစ်ပြီး ဦးစီးဌာနကို တင်ပြတာ၊ စီးပွားရေးလုပ်ငန်းရှင် တင်ပြတဲ့ အစီရင်ခံစာကို ကြီးကြပ်ကွပ်ကဲတာ နဲ့ တိုက်ရိုက်ရောင်းချခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး မမှန်မကန်ဆောင်ရွက်နေတာတွေကို အရေးယူနိုင်ဖို့ ဦးစီးဌာနကို တင်ပြတာတွေ ဖြစ်ပါတယ်။
- စီးပွားရေးလုပ်ငန်းရှင်ရဲ့ တာဝန်တွေက
- အရောင်းကိုယ်စားလှယ်နဲ့ အရောင်းစာချုပ်ချုပ်တာ
- ကုန်စည်ပြန်လည်အပ်နှံခြင်းဆိုင်ရာ သတ်မှတ်ချက်တွေကို အရောင်းကိုယ်စားလှယ်ကို ရှင်းလင်းအသိပေးတာ
- လုပ်ငန်းရဲ့ ဖွဲ့စည်းပုံ၊ ဝင်ငွေရရှိမှု အခြေအနေနဲ့ အရောင်းကိုယ်စားလှယ် ဖြန့်ရှိထားမှုပုံစံတွေကို အရောင်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူတွေကို ကြိုတင်အသိပေးတာ
- ကုန်စည်အမျိုးအစား၊ အရည်အသွေး၊ ရောင်းချရငွေနဲ့ အခွန်အခပေးဆောင်ထားတဲ့ အရောင်းကိုယ်စားလှယ်ရဲ့ စာရင်းမှတ်တမ်းထားရှိတာ
- အရောင်းကိုယ်စားလှယ်ကို အရေးယူဆောင်ရွက်လိုရင် ဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူတာ
- လုပ်ငန်းပိတ်သိမ်းလိုရင် အရောင်းကိုယ်စားလှယ်တွေကို စာရင်းရှင်းလင်းပေးပြီး ပိတ်သိမ်းခွင့်ရဖို့ ဦးစီးဌာနကို လျှောက်ထားတွေ ဖြစ်ပါတယ်။
- အရောင်းကိုယ်စားလှယ်တွေဟာ ကုန်စည်/ဝန်ဆောင်မှုတွေကို ရောင်းချဖို့ ကမ်းလှမ်းကြော်ငြာရာမှာ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာ၊ ကုန်စည်/ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးနဲ့ ထပ်မံကုန်ကျနိုင်တဲ့ စရိတ်တွေကို စားသုံးသူဆီ မရောင်းချမီ ကြိုတင်ရှင်းလင်းတာ၊ ရောင်းချတာတွေကို စာရင်းမှတ်တမ်းထားရှိတာ နဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ အရေးယူမှုတွေကို မကျေနပ်ရင် ဦးစီးဌာနကို တင်ပြတာတွေ စတဲ့ တာဝန်နဲ့ အခွင့်အရေးတွေ ရှိပါတယ်။
- ဥပဒေကြမ်းမှာ စီမံခန့်ခွဲနည်းလမ်းအရ အရေးယူတာ၊ အယူခံတာ နဲ့ ပြစ်မှုပြစ်ဒဏ်တွေလည်း ပါဝင်ပါတယ်။ ပြစ်မှုတွေက ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။ ပြစ်မှုတစ်ရပ်ရပ်ကို ကုမ္ပဏီ/အဖွဲ့တစ်ခုခုက ကျူးလွန်ရင် တာဝန်ရှိသူကို အရေးယူရပါမယ်။
ဆက်စပ်ဥပဒေများ
ကုန်စည်ရောင်းချခြင်း အက်ဥပဒေ (၁၉၃၀)
အမျိုးသားဆေးဝါး ဥပဒေ (၁၉၉၂)
အမျိုးသားအစားအသောက် ဥပဒေ (၁၉၉၇)
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ (၂၀၁၂)
စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)
လင့်ခ်များ
World Federation of Direct Selling Association
ဆက်သွယ်ရန်
မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org