Posted in ဥပဒေရေးရာ သုတေသန on Jan 22, 2020
၂၀၁၉ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စရပ်က လွှတ်တော်တွင်း ကြီးစိုးနေပြီး အငြင်းပွားမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD က ဦးဆောင်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီဖွဲ့စည်းခြင်းနဲ့အတူ တစ်ချိန်တည်းလိုမှာပဲ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - USDP နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းပေါင်း ငါးခု တင်သွင်းခဲ့ပါတယ်။ မကြာခင် ပြန်လည်စတင်တော့မယ် ပြန်ထောင်စုလွှတ်တော်ရဲ့ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတင်သွင်းမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီ
ပြင်ဆင်ရေးပူးပေါင်းကော်မတီဟာ NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ကော်မတီကို ၂၀၁၉ ဖေဖော်ဝါရီ ၁၉ ရက်မှာ အဖွဲ့ဝင် ၄၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီကနေ ပြင်ဆင်ဖို့အတွက် ပြင်ဆင်/ပယ်ဖျက်/အသစ်ထည့်ရမယ့် အကြံပြုချက်ပေါင်း (၃၇၆၆) ချက် ရရှိခဲ့ပါတယ်။ ရရှိတဲ့ အကြံပြုချက်တွေကို ဥပဒေကြမ်းအနေနဲ့ တင်သွင်းနိုင်ရေးအတွက် ကော်မတီက ဆက်လက်ဆောင်ရွက်ရာမှာ အဖွဲ့ဝင်အချို့ နုတ်ထွက်ခဲ့ကြပါတယ်။
နုတ်ထွက်ခဲ့တဲ့ ကိုယ်စားလှယ်အချို့ ပြောကြားချက်အရ ပြင်ဆင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ကော်မတီအတွင်း မဲခွဲဆုံးဖြတ်ခြင်းပုံစံကြောင့် သူတို့ ပြင်ဆင်လိုတဲ့အချက်တွေဟာ ရှုံးနိမ့်ဖို့သာရှိတဲ့အတွက် နုတ်ထွက်ရခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဖွဲ့ဝင်အချို့ နုတ်ထွက်သွားပေမယ့် ပြင်ဆင်ရေးပူးပေါင်းကော်မတီက လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို မကြာမီ ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလာတော့မှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းတွေ
၂၀၁၉ ခုနှစ်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်းပေါင်း ငါးခု တင်သွင်းခဲ့ပြီး ပြည်သူ့နဲ့ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီတို့က အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ" က လေ့လာစိစစ်ခဲ့ပါတယ်။ ကော်မတီက ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေတဲ့ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းလုပ်ဆောင်ဖို့ အစီရင်ခံစာတွေ တင်သွင်းခဲ့ပါတယ်။
လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာတွေကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့လုပ်ငန်းစဉ်မှာ ထည့်သွင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဥပဒေကြမ်းငါးခုစလုံးကို လွှတ်တော်မှာ ဆွေးနွေးခြင်း မရှိခဲ့ပါဘူး။
အခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်းခဲ့သူများ | ထောက်ခံဆန္ဒမဲ | ကန့်ကွက်ဆန္ဒမဲ | ကြားနေဆန္ဒမဲ |
---|---|---|---|
ဦးသိန်းထွန်း(ကျောင်းကုန်း၊ မဲဆန္ဒနယ်) နှင့် လွှတ်တော်ကိုယ်စားလှယ် (၁၄၃) ဦး | ၃၈၀ | ၁၉၈ | ၆ |
ဒေါက်တာမောင်သင်း(မိတ္ထီလာ၊မဲဆန္ဒနယ်) နှင့် လွှတ်တော်ကိုယ်စားလှယ် (၁၄၅) ဦး | ၃၇၆ | ၂၀၃ | ၄ |
ဗိုလ်မှူးချုပ် မောင်မောင်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦး | ၃၆၂ | ၁၉၂ | ၀ |
ဗိုလ်မှူးချုပ် အောင်ဆန်းချစ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦး | ၃၄၇ | ၁၉၇ | ၄ |
စိုင်းသန်းနိုင်(ကရင်ပြည်နယ်၊ မဲဆန္ဒနယ် ၅) နှင့် လွှတ်တော်ကိုယ်စားလှယ် (၁၄၅) ဦး | ၃၅၇ | ၂၀၀ | ၇ |
ဇယား။ ။ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် မဲခွဲဆုံးဖြတ်မှုအခြေအနေ။
ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းမည့် ဥပဒေကြမ်း ၂ ခု
ပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းလာမယ့် ဥပဒေကြမ်း (၂) ခုဟာ ကော်မတီ စတင်ဖွဲ့စည်း ဆောင်ရွက်မှုကတစ်ဆင့် ရရှိလာတဲ့ အကြံပြုချက် (၃၇၆၆) ချက်တွေကနေ ထွက်ပေါ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ကော်မတီက အကြံပြုချက်တွေကို ၂၀၁၉ ဇူလိုင်လ ၁၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အဲဒီ အကြံပြုချက်တွေထဲမှာ NLD ပါတီရဲ့ အကြံပြုချက် (၁၁၄) ချက် ပါရှိပြီး ကျန်အချက်တွေကတော့ အခြားပါတီတွေရဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။
ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနဲ့ ပတ်သက်တဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၉) အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းနိုင်ဖို့အတွက် ဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။ ကော်မတီက အစည်းအဝေး (၇၄) ကြိမ် လုပ်ဆောင်ခဲ့ပြီး (၃/၂၀၂၀) အစည်းအဝေးမှာ ဥပဒေမူကြမ်းနှစ်ခု တင်သွင်းမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၄၃၆ (က) ပြဋ္ဌာန်းချက်တွေနဲ့ စပ်လျဉ်းတဲ့ ဥပဒေကြမ်းတစ်ခုနဲ့ ပုဒ်မ ၄၃၆(ခ) အတွက် ဥပဒေကြမ်းတစ်ခုကို တင်သွင်းမှာ ဖြစ်ပါတယ်။
လုပ်ဆောင်ရဦးမည့် လုပ်ငန်းစဉ်
ကော်မတီက ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းရမှာဖြစ်ပြီး အဆိုကို အတည်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၀) ရာခိုင်နှုန်း လက်မှတ်ရေးထိုးထားတဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေထဲမှာ ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်မှာ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာဖို့ လိုအပ်ပါက ဥပဒေကြမ်းပူးပေါင်းကော်မတီကို လေ့လာစိစစ်စေပြီး လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်ကို ဥပဒေကြမ်းနဲ့အတူ တင်ပြဆောင်ရွက်စေခြင်း ပြုနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ငါးခုကိုလည်း ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက လေ့လာစိစစ်ပြီး သဘောထားမှတ်ချက်အစီရင်ခံစာ တင်သွင်းခဲ့ဘူးပါတယ်။
ကျန်လွှတ်တော်သက်တမ်းမှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ပါ့မလား
ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို လက်ရှိလွှတ်တော်သက်တမ်းအတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ လွှတ်တော်အစည်းအဝေးမှာ ကတိပြုထားပါတယ်။ လွှတ်တော်ရဲ့ အင်တာနက်စာမျက်နှာမှာ ဆက်လက်ကျင်းပမယ့် ပုံမှန်အစည်းအဝေးတွေရဲ့ အချိန်ဇယားကို ထုတ်ပြန်ထားရာမှာ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇန်နဝါရီလ (၂၇) ရက်ကနေ မတ်လ (၂၆) ရက်ထိ၊ (၁၆) ကြိမ်မြောက်ကို ဧပြီလ (၂၇) ရက်ကနေ ဇွန်လ (၅) ရက်ထိနဲ့ (၁၇) ကြိမ်မြောက်ကို ဇူလိုင်လ (၁၃) ရက်ကနေ စက်တင်ဘာလ (၄) ရက်အထိ လျာထားပါတယ်။
ဒီ ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခု တင်သွင်းလာခဲ့ရင် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက လေ့လာစိစစ်ပြီး အစီရင်ခံစာ တင်သွင်းရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် (၁၅) ကြိမ်မြောက်မှာ ကိုယ်စားလှယ်တွေအနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေကို စတင်ဆွေးနွေးနိုင်ဖို့ မလွယ်ကူပါဘူး။ အဲဒီအတွက် (၁၆) ကြိမ်မြောက် အစည်းအဝေးကာလထဲမှသာ စတင်ဆွေးနွေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
(၁၆) ကြိမ်မြောက် အစည်းအဝေးကျင်းပနိုင်မယ့် ခန့်မှန်းခြေရက်ဟာ ရက်ပေါင်း (၂၀) ဝန်းကျင် ရှိနိုင်ကာ အဲဒီရက်တွေအတွင်းမှာ အခြားကိစ္စရပ်တွေကို လျှော့ချပြီး အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ ဆွေးနွေးမယ်ဆိုရင်တောင် ပြီးစီးအတည်ပြုနိုင်ဖို့ရာ မလွယ်ကူပါဘူး။ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ထပ်တိုးဘက်ဂျက်လို့ခေါ်တဲ့ ပြည်ထောင်စုရဲ့ နောက်ထပ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးဖို့ရှိပြီး မပြီးပြတ်သေးတဲ့ ဥပဒေကြမ်းတွေကိုလည်း ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။
(၁၇) ကြိမ်မြောက် အစည်းအဝေးမှာလည်း ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေနဲ့ အမျိုးသားစီမံကိန်းဆိုင်ရာ၊ အခွန်ဆိုင်ရာ ဥပဒေကြမ်းတွေ ဆွေးနွေးဖို့ ရှိနေပြီး (၁၆) ကြိမ်မြောက်မှာ အခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းတွေ မပြီးပြတ်သေးရင် ဆက်လက်ဆွေးနွေး အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးပြီးရင် ရွေးကောက်ပွဲ ကျင်းပဖို့အတွက် လွှတ်တော်တွေ ရပ်နားထားမှာဖြစ်ပြီး ရွေးကောက်ပွဲကာလကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး သက်တမ်းအကူးအပြောင်းမှာ ဆောင်ရွက်မယ့် အစည်းအဝေးမှာ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နိုင်ခြေ နည်းတဲ့အတွက် လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်မယ်ဆိုရင်တော့ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း အပြီးသတ်ဆွေးနွေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး နောက်ခံသမိုင်းကြောင်း
ပထမအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခဲ့ပြီး "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ" ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှာ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလွှတ်တော်သက်တမ်းကာလက ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်တာမှာ အဆင့်နှစ်ဆင့်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ပထမအဆင့်အဖြစ် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှာ " ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ”ကို ဖွဲ့စည်းခြင်းနဲ့ ဒတိယအဆင့်အနေနဲ့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှာ“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ”ကို ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီရဲ့ ကနဦးအစီရင်ခံစာကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်မှာတော့ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ထပ်မံတင်သွင်းခဲ့ပါတယ်။ ကော်မတီ အစီရင်ခံစာအတွက် လွှတ်တော်ကိုယ်စားလှယ် (၁၄၀) ဦးက မူနဲ့ ဥပဒေသဘောတရားတွေကို အစည်းအဝေးရက်ပေါင်း (၈) ရက် ဆွေးနွေးခဲ့ပါတယ်။
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာတော့ ကော်မတီဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးနိုင်ရေးအတွက် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းပါတယ်။ အဆို အတည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှာ လွှတ်တော်ကိုယ်စားလှယ် (၂၈၉) ဦး လက်မှတ်ရေးထိုးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်း နှစ်ခုကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ ဥပဒေကြမ်းပူးပေါင်းကော်မတီက ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အစီရင်ခံစာ ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်မှာ ပုဒ်မ ၄၃၆ (ခ) နဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်တဲ့ဥပဒေကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
အခြေခံဥပဒေပုဒ်မ ၄၃၆(က) နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅)ရာခိုင်နှုန်းကျော် သဘောတူထောက်ခံခဲ့တဲ့ ပုဒ်မ ၅၉ (ဃ) ပြင်ဆင်နိုင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ဆောင်ရမှာ ဖြစ်ပြီး အခုအချိန်ထိတော့ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။
ပထမအကြိမ်လွှတ်တော်မှာ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း နှစ်ခုကို ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၈၇) ဦးအထိ ရှိခဲ့ပါတယ်။
လှမျိုးကျော် ရေးသားသည်။
အမှားပြင်ဆင်ချက်။ ။မူရင်းဆောင်းပါးမှာ ထပ်တိုးဘတ်ဂျက်တင်သွင်းမယ့်ကာလကို (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးလို့ ဖော်ပြခဲ့တာကို (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးလို့ပြန်လည်ပြင်ဆင်ထားပါတယ်။ မှားယွင်းမှုအတွက် တောင်းပန်အပ်ပါတယ်။ ~အယ်ဒီတာ