Posted in ဥပဒေရေးရာ သုတေသန on Jun 11, 2020

ဥပဒေကြမ်းကို ၀၁.၀၆.၂၀၂၀ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၂၀ ခုနှစ်၊ မေလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာလည်း အများပြည်သူ လေ့လာသိရှိ အကြံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအခြေအနေ (၁၁.၀၆.၂၀၂၀) – လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

မတ်လ ၄ ရက် ၂၀၁၉ ခုနှစ်မှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ အကူအညီနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေး အစီအစဉ် တစ်ရပ်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ စေ့စပ်ဖြေရှင်းရေးဆိုတာ တရားရုံးကြားနာခြင်းတွေရဲ့ ပြင်ပမှာ ပြုလုပ်တဲ့ အငြင်းပွားမှုဖြေရှင်းရေး နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ ဆိုခဲ့ပါ စမ်းသပ်အစီအစဉ်ဟာ ငွေကြေးဆိုင်ရာ ကိစ္စ၊ မိသားစုဆိုင်ရာ ကိစ္စနဲ့ ကူးသန်း‌ရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို စေ့စပ်ဖြေရှင်းရေး နည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ဒက္ခိဏသီရိခရိုင် တရားရုံး (နေပြည်တော်)၊ တပ်ကုန်းမြို့နယ် တရားရုံး (နေပြည်တော်)၊ တောင်ငူခရိုင် တရားရုံး (ပဲခူး) နဲ့ တောင်ငူမြို့နယ် တရားရုံး (ပဲခူး) တွေမှာ စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။ အစီအစဉ် စတင်ချိန်မှ တစ်နှစ်တာ ကာလအတွင်း အမှုပေါင်း ၄၉၈ မှု ထိ ကိုင်တွယ်ခဲ့ရပြီး ၂၉၁ မှုက ငွေကြေးချေးငှားမှု ကိစ္စရပ်နဲ့ သက်ဆိုင်ကာ ၁၀၇ မှုကတော့ မိသားစုနဲ့ ဆက်နွယ်တဲ့ အမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေးအစီအစဉ်ဟာ တရားမကြောင်းအရ တရားစွဲဆိုတာနဲ့ များစွာ ကွာခြားပြီး တင်းကျပ်တဲ့ တရားရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မပါတဲ့အပြင် သက်သေစစ်ဆေးမှုတွေလည်း မလိုအပ်ဘူးလို့ ဆိုပါတယ်။ စေ့စပ်ဖြေရှင်းရေးအစီအစဉ်ဟာ အချက်အလက်တွေကို လုံခြုံစွာ လျှို့ဝှက်ထားနိုင်ခြင်း၊ အမှုသည်တွေ ကိုယ်တိုင် လွယ်ကူစွာ ပါဝင်နိုင်ခြင်း၊ အချိန်တိုအတွင်း ဖြေရှင်းနိုင်ခြင်း၊ အမှုသည်တွေကို စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အမှုသည်တွေအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်စေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေတယ်လို့လည်း ဆိုပါတယ်။ (တကယ်တော့ ဒီလို လက္ခဏာရပ်တွေက တရားရုံးစနစ်တွေထဲမှာ ရှိနေရမှာ ဖြစ်ပါတယ်။)

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာအရ ၂၀၂၀ ခုနှစ် အတွင်း မြို့နယ်တရားရုံး (၆) ရုံးတို့မှာလည်း တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

အခု ပြင်ဆင်ချက်ဟာ အထက်ပါ တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေး အစီအစဉ် နဲ့ ဆက်စပ်နိုင်ပြီး ဥပဒေရဲ့ ပဉ္စမပိုင်းဖြစ်တဲ့ “အထူးအမှုများ” အောက်ရှိ “အနုညာတစီရင်ဆုံးဖြတ်ခြင်း” အခန်းမှာ အသစ် ထည့်သွင်းတာ ဖြစ်ပါတယ်။ တရားမကျင့်ထုံးဥပဒေကို ၁၉၀၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ ၁၉၈၉၊ ၂၀၀၀၊ ၂၀၀၈ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ အသီးသီး ပြင်ဆင်ခဲ့ပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

‌ဥပဒေကြမ်းမှာ စေ့စပ်ဖြေရှင်းရေး ဆိုတဲ့ စကားရပ်ကို ရှင်းလင်းချက် ပေးထားပြီး တရားရုံးက ဘယ်လို အမှုတွေကို စေ့စပ်ဖြေရှင်းပေးနိုင်တယ်၊ ဘယ်လို စေ့စပ်ဖြေရှင်းပေးရမယ် ဆိုတာနဲ့ ရရှိလာတဲ့ သဘောတူညီချက်တွေကို ဘယ်လို အတည်ပြုပေးရမယ် ဆိုတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။

  • စေ့စပ်ဖြေရှင်းရေးဆိုတာ တရားရုံးကနေ တာဝန်ပေးထားတဲ့ စေ့စပ်ဖြေရှင်းပေးသူတစ်ဦး ပါဝင်တဲ့ အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အမှုသည်တွေအကြား အပြန်အလှန် သဘောတူနိုင်တဲ့ ဖြေရှင်းချက်တစ်ခုကို ရရှိဖို့ ညှိနှိုင်းပေးမှာ ဖြစ်ပါတယ်။
  • တရားရုံးဟာ တရားမမှုနဲ့ဆိုင်တဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းပေးဖို့ လုပ်ဆောင်နိုင်ပါတယ်။
  • စေ့စပ်ဖြေရှင်းပေးနိုင်တဲ့ အမှုတွေထဲမှာ ဥပဒေက ဖော်ပြထားတဲ့ အမှု ဒါမှမဟုတ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာပါ စေ့စပ်ဖြေရှင်းပေးနိုင်တဲ့ အမှု တွေ ပါဝင်ပြီး စေ့စပ်ဖြေရှင်းပေးဖို့ အမှုသည်တွေက စိတ်ဆန္ဒရှိတဲ့ အမှုတွေလည်း အကျုံးဝင်ပါတယ်။
  • စေ့စပ်ဖြေရှင်းတာကို လျှို့ဝှက်လုပ်ဆောင်ရမှာ ဖြစ်ပြီး စေ့စပ်ဖြေရှင်းစဉ်အတွင်း ပြုလုပ်တဲ့ ဆက်သွယ်ပြောကြားမှုတွေနဲ့ ဝန်ခံမှုတွေဟာ နောက်ဆက်တွဲ တရားစွဲမှုတွေနဲ့ အခြားတရားစွဲမှုတွေ အတွက် သက်သေခံ မဝင်ပါဘူး။
  • အမှုသည်တွေက အငြင်းပွားမှုကို ဖြေရှင်းဖို့ သဘောတူညီချက်တစ်ရပ်ရရှိတဲ့အခါ တရားရုံးဟာ တရားမကျင့်ထုံးဥပဒေပါ သက်ဆိုင်ရာ ပုဒ်မနဲ့ လျော်ကန်တယ်လို့ ယူဆရင် သဘောတူညီချက်ကို အတည်ပြုဖို့ အမိန့် ဒါမှမဟုတ် ဒီဂရီ ချမှတ်ရပါမယ်။
  • ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ လိုအပ်ရင် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း နဲ့ ဥပဒေလက်စွဲတွေကို ထုတ်ပြန်နိုင်ပါတယ်။

ဆက်စပ်ဥပဒေများ

‌ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ (၂၀၁၀)

အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေ (၂၀၁၆)

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင် ၊ အာနန္ဒာ၊ moeaung@theananda.org