Posted in ဥပဒေရေးရာ သုတေသန on Apr 08, 2020

ဒီဥပဒေကြမ်းကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ (၁၉၉၅) နေရာမှာ အစားထိုး ရုပ်သိမ်းဖို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အခု စာစုမှာတော့ ဥပဒေကြမ်းပါ တည်ဆဲဥပဒေထက် ကောင်းလာတဲ့ အချက်အချို့နဲ့ အားနည်းချက်တွေကို သုံးသပ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အားသာချက်များ

ကော်မတီပါရှိခြင်း

တည်ဆဲဥပဒေကို ကြည့်ရင် ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းတာဝန်တွေကို လမ်းညွှန်ကြီးကြပ်ပေးမယ့် ဗဟိုအဖွဲ့အစည်းလို ကော်မတီ မပါရှိပါဘူး။ ဒါဟာ ကူးစက်ရောဂါ၊ ကူးစက်မြန်ရောဂါနဲ့ သတင်းပို့တိုင်ကြားရမယ့် ကူးစက်ရောဂါတွေ ဖြစ်ပွားလာချိန်မှာ တုန့်ပြန်ဆောင်ရွက်ဖို့ နှေးကွေးစေနိုင်ပြီး၊ ကော်မတီအသစ်တစ်ခု ဖွဲ့စည်းမှုက အချိန်ကြန့်ကြာစေပြီး အစီအစဉ်တကျမဖြစ်ရင် ထပ်တလဲလဲ ပြောင်းလဲဖွဲ့စည်းနေရတာနဲ့တင် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေကို ဖြစ်စေတတ်ပါတယ်။ လက်ရှိ ဥပဒေကြမ်းမှာတော့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ ဗဟိုကော်မတီ ဖွဲ့စည်းဖို့ ပါရှိတဲ့အတွက် ကူးစက်ရောဂါ ဖြစ်လာခဲ့ရင် အချိန်နဲ့ တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်မှာ ဖြစ်လို့ တည်ဆဲဥပဒေပါ အားနည်းချက်ကို ကုစားနိုင်စေမှာ ဖြစ်ပါတယ်။

အထူးဥပဒေဖြစ်ခြင်း

ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေဟာ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေကို လွှမ်းမိုးနိုင်တယ် ပါရှိပါတယ်။ ဒီ့အတွက် တခြား ဥပဒေတွေ (ဥပမာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ) ကို လွှမ်းမိုးနိုင်ခြင်း ရှိ-မရှိ သေချာမှုမရှိတာကြောင့် လုပ်ပိုင်ခွင့်ထပ်တာမျိုး ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းရဲ့ ပုဒ်မ ၄၄ ဟာ ကူးစက်ရောဂါနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေကို ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူရမယ်လို့ ဆိုထားတာကြောင့် တခြားဥပဒေတွေအားလုံးကို လွှမ်းမိုးနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါဟာ တခြားသော ဥပဒေတွေနဲ့ ပဋိပက္ခဖြစ်တာ၊ လုပ်ပိုင်ခွင့်ထပ်တာတွေကို ရှောင်ရှားစေနိုင်ပြီး လုပ်ပိုင်ခွင့်ထပ်တာရဲ့ အကျိုးဆက်တစ်ခုဖြစ်တဲ့ သင့်ရာ ဥပဒေကို အသုံးချတာမျိုးတွေကို တားဆီးစေနိုင်ပါတယ်။

အားနည်းချက်များ

စောင့်ကြပ်ခြင်းယဉ်ကျေးမှုလား

ကူးစက်မြန်ရောဂါဖြစ်ပွားတာ ဒါမှမဟုတ် ဖြစ်ပွားတယ်လို့ သံသယရှိရင် အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ထောင်စုဝင်၊ လုပ်ငန်းရှင် ဒါမှမဟုတ် တာဝန်ခံပုဂ္ဂိုလ် တို့ဟာ သတ်မှတ်ထားတဲ့ ဌာနတွေကို ချက်ချင်း သတင်းပို့ တိုင်ကြားရမယ်လို့ ဥပဒေကြမ်းက ဆိုထားတဲ့အပြင် တိုင်ကြားဖို့ ပျက်ကွက်ရင်လည်း ငွေဒဏ်ကိုပါ သတ်မှတ်ထားတာကို တွေ့နိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပြည်သူ့ကျန်းမာရေးနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ရပိုင်ခွင့်ကို မျှချေရှိစေဖို့ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးက အရေးကြီးပေမယ့် တခြားတစ်ဖက်မှာလည်း ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်မှုကို စောင့်ကြပ်နေရမယ်ဆိုတာက စောင့်ကြပ်ထိန်းချုပ်ခြင်းကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့ရာကနေ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် မဖြစ်သင့်ပါဘူး။ သံသယဖြစ်စရာတွေကို သတင်းပို့ဖို့ ပြည်သူတွေကို အတင်းအကျပ် လုပ်ဆောင်စေတာက ရိုးရိုးနာမကျန်းသူကို တရားခံဖြစ်စေဖို့ အန္တရာယ်နဲ့ အစွဲအလမ်းတစ်ခုပေါ် အခြေခံပြီး အုပ်စုတစ်ခုအပေါ် တိုင်ကြားစေဖို့ အန္တရာယ်တွေ ရှိနေပါတယ်။ နောက်ပြီး ဒါဟာ တကယ့်ကိစ္စရပ်ဖြစ်တဲ့ ပြည်သူတွေကို ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးဖို့နဲ့ လိုအပ်ရင် ဆေးဝါးစောင့်ရှောက်မှုကို ခံယူရန် အားပေးဖို့ ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ကို ရှောင်လွှဲတာလည်း ဖြစ်နေပါတယ်။

ကျန်းမာရေးဗဟုသုတ နဲ့ ကူးစက်ရောဂါကို ပြန့်ပွားစေခြင်း

ဥပဒေကြမ်းဟာ ကူးစက်ရောဂါကို သိသိနဲ့ ပြန့်ပွားစေတာကို တားမြစ်ထားပြီး ပြစ်မှု ပြစ်ဒဏ်လည်း သတ်မှတ်ထားပါတယ်။ ဒါဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင် မှန်ကန်ပေမယ့် “သိသိနဲ့” ဆိုတဲ့ စကားရပ်က ဘာကို ဆိုလိုတယ်ဆိုတာ မရှင်းလင်းပါဘူး။ ကျန်းမာရေးသတင်းအချက်အလက်ကို လက်လှမ်းမမီနိုင်တဲ့ ဆင်းရဲနွမ်းပါးသူတွေအနေနဲ့ဆိုရင် ကျန်းမာရေးဗဟုသုတ နည်းပါးနေနိုင်ပြီး စားဝတ်နေရေးကြောင့် မလွှဲသာ မရှောင်သာ အသွားအလာ တားမြစ်ချက်ကို ချိုးဖောက်မိတာမျိုးတွေ ရှိလာနိုင်သလို ရှိလည်း ရှိနေပါတယ်။ ဒီလို ကျန်းမာရေးအသိ နည်းတာနဲ့ အခြေခံလိုအပ်ချက်တွေ ရှိနေတာတွေအတွက် အစိုးရဟာ ပြည်သူလူထုကို အပြစ်မတင်သင့်ပါဘူး။ အဲဒီအစား ပြဋ္ဌာန်းမယ့် ဥပဒေသစ်ဟာ အစိုးရတစ်ရပ်ရဲ့ တာဝန်ကို တိတိပပ သတ်မှတ်ပေးသင့်ပြီး ကူးစက်မြန်ရောဂါဖြစ်ပွားစဉ်အတွင်း ပြည်သူတွေ ကျန်းမာရေးအသိပညာရှိဖို့နဲ့ သူတို့ရဲ့ အခြေခံလိုအပ်ချက်ကို ပြည့်မီဖို့ အစိုးရကို တာဝန်ပေးသင့်ပါတယ်။ ဒါဟာလည်း အစိုးရရဲ့ အခြေခံကျတဲ့ မူလတာဝန်ပဲ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းလား

ဥပဒေကြမ်းရဲ့ ပုဒ်မ ၂၀ ဟာ ကူးစက်ရောဂါ ဒါမှမဟုတ် ကူးစက်မြန်‌ရောဂါနဲ့ ဆက်စပ်တဲ့ နေရာ၊ လူပုဂ္ဂိုလ်၊ ပစ္စည်း၊ တိရိစ္ဆာန်၊ ယာဉ်၊ အချက်အလက်၊ လုပ်ငန်းဆောင်ရွက်မှုတွေကို သုံးပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်မယ့် သတင်းရယူ၊ ပြောဆို၊ ရေးသား၊ ထုတ်ပြန်တာတွေကို ကာလသတ်မှတ်ပြီး တားမြစ်ပိတ်ပင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဖောက်ဖျက်ရင် ငွေဒဏ်နဲ့ ထပ်မံဖောက်ဖျက်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်ကိုပါ သတ်မှတ်ထားပါတယ်။ ဒီလိုပုဒ်မမျိုးအတွက် ချင့်ချိန်စဉ်းစားသင့်တဲ့ နောက်ခံအခြေအနေကတော့ အစိုးရဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိကထောက်တိုင်ဖြစ်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ဥပဒေအမျိုးမျိုး သုံးပြီး ဖိနှိပ်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အစိုးရဟာ ဆက်သွယ်ရေးဥပဒေ၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ အခြား ဥပဒေတွေကို ကိုင်ပြီး သူတို့ကို ဝေဖန်‌ရေးသားကြတဲ့ သတင်းသမားနဲ့ သတင်းစာတိုက်တွေအပေါ် သုံးစွဲနေကြပါတယ်။ အထက်ပါ ပုဒ်မမျိုးဟာ အစိုးရကနေ ဝေဖန်သူတွေကို ဖိနှိပ်ဖို့ အသုံးပြုတဲ့ နောက်ထပ် ဥပဒေတစ်ခု ဖန်တီးပေးသလို အန္တရာယ်မျိုး ရှိနေပါတယ်။ ဒေသန္တရဆေးရုံတစ်ခုမှာ ဆေးပစ္စည်းကိရိယာတွေ အလွန် ပြတ်တောက်နေတာကို သတင်းစာတစ်ခုက ရေးတယ်ဆိုတဲ့ ဖြစ်စဉ်ကို စဉ်းစားသင့်ပါတယ်။ ဒါဟာ ပြည်သူတွေကို ထိတ်လန့်စေတာကြောင့် အပြစ်ပေးတာတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုသတင်းဟာ ပြည်သူတွေ သိခွင့်ရှိတဲ့ အခွင့်အရေး ဖြစ်တယ်ဆိုတာ သိပ်ကို ရှင်းလင်းပါတယ်။

ပြည်သူကို အထိတ်တလန့် ဖြစ်စေတယ်လို့ ဆိုတာဟာ အဓိပ္ပာယ်အရ ဝေဝါးနေပြီး အလွန်ကျယ်ပြန့်တာကြောင့် အစိုးရရဲ့ မီဒီယာအပေါ် ဖိနှိပ်တဲ့ မှတ်တမ်းကို ကြည့်ရင် ဒါဟာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ထိန်ချန်ဖို့ အသုံးပြုလာတာမျိုး ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်ပြောရရင် နိုင်ငံတော်တော်များများကို ကြည့်ရင်လည်း အစိုးရက မထုတ်ပြန်တဲ့ ဒါမှမဟုတ် ထုတ်ပြန်ဖို့ နောက်ကျတဲ့ သတင်းကို ဖွင့်ချသူ (Whistleblower) ကို ကာကွယ်ပေးထားတာပဲ ရှိပြီး အပြစ်ပေးအရေးယူတာမျိုး မရှိပါဘူး။

ဖော်ပြပါ ပုဒ်မကို ထည့်မယ်ဆိုရင်လည်း အထိတ်တလန့် ဖြစ်စေရင် ဆိုတဲ့ စကားရပ်ကို ဖယ်ရှားပြီး သတင်းတု သတင်းမှားတွေကို တိုက်ဖျက်ဖို့အတွက်ပဲ အဓိက ရည်ရွယ်သင့်ပါတယ်။ ဥပမာဆိုရရင် ရပ်ရွာအကြီးအကဲ တစ်ယောက် ဒါမှမဟုတ် ဘာသာရေးခေါင်းဆောင်တစ်ဦးကနေ အရွက်တစ်မျိုးမျိုးကို လက်မောင်းအောက်မှာ ထည့်ရင် ဒါမှမဟုတ် အစေ့တစ်မျိုးမျိုးကို လျှာအောက်မှာ ထားရင် ရောဂါကင်းဝေးနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လွန်စွာမှ အန္တရာယ်ကြီးလှပါတယ်။ ဒီလို သိပ္ပံနည်းမကျတဲ့ သတင်းအချက်အလက်တွေက ပြည်သူလူထုကို လွဲမှားစွာ ယုံကြည်မှု ဖြစ်စေပြီး ရောဂါကနေ ကင်းဝေးပါတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ လိုအပ်တဲ့ အကာအကွယ်ကို မလုပ်ဆောင်မိတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ပြည်သူလူထုကို အသိဉာဏ်ဖွင့်ပေးဖို့ မနားမနေ လုပ်ဆောင်နေကြတဲ့ သတင်းသမားတွေကို အပြစ်ပေးမယ့်အစား လူထုကို အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းအချက်အလက် ဖြန့်ဝေနေသူတွေကိုပဲ အာရုံထား အရေးယူတဲ့ ပြဋ္ဌာန်းချက်မျိုးသာ ဖြစ်သင့်ပါတယ်။

တိကျပြီး အချိန်နဲ့တစ်ပြေးညီ ဖြစ်တဲ့ သတင်းအချက်အလက်ကို ‌ကူးစက်ရောဂါဖြစ်နေစဉ်အတွင်း ရရှိဖို့ဆိုတာ အစိုးရရဲ့ တာဝန်တစ်ရပ် ဖြစ်ပြီး အဲဒီလို လုပ်ဆောင်ရာမှာလည်း ပြည်သူလူထုရဲ့ အခွင့်အရေးကို ထိပါးတာမျိုးတွေ ရှောင်ကြဉ်ရပါမယ်။ ဒါကြောင့် ဥပဒေသစ်ဟာ ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း ပြည်သူလူထုအားလုံးအတွက် အသက်တမျှ အရေးကြီးလှတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ သေချာစေတဲ့ ပြဋ္ဌာန်းချက်မျိုး ပါရှိသင့်ပြီး နိုင်ငံအဝန်းမှာ ချမှတ်ထားပြီး ဖြစ်တဲ့ အင်တာနက်၊ သတင်းမီဒီယာ ကန့်သတ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားသွားသင့်ပါတယ်။