Posted in ဥပဒေရေးရာ သုတေသန on Mar 12, 2020

အမျိုးသားလွှတ်တော်မှာ လက်ရှိရောက်နေတဲ့ ဒီဥပဒေကြမ်းတွင် ရှေ့နေမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်နဲ့ပတ်သက်ပြီး အရင် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေနဲ့ မတူတဲ့ ဖြစ်ပေါ်တိုးတက်မှုကို တွေ့ရှိရပါတယ်။ အရင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လုပ်ဆောင်နေရတဲ့ ကိစ္စရပ်အချို့ကို လက်ရှိဥပဒေကြမ်းအရ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ ဒေသဆိုင်ရာရှေ့နေများကောင်စီတွေရဲ့ လုပ်ပိုင်ဆောင်ရွက်ခွင့်အဖြစ် တည်ရှိစေမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လွှတ်တော်ထဲ မဆွေးနွေးမီကာလမှာ အရင်က ရှိခဲ့ဖူးတဲ့ The Bar Council Act, The Legal Practitioners Act တို့နဲ့ လက်ရှိဥပဒေကြမ်းကို နှိုင်းယှဉ်သုံးသပ်တာ၊ ဥပဒေကြမ်းထဲက ပြင်ဆင်ပြောင်းလဲသင့်တဲ့ ပုဒ်မတွေနဲ့ အကြံပြုချက် စတာတွေကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

(၁) ရှေ့နေတွေကို ကိုယ်စားပြုမှု တိုးမြှင့်လာခြင်း

၁၉၂၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အိန္ဒိယအက်ဥပဒေမှာတုန်းက တရားလွှတ်တော်ကောင်စီဖွဲ့စည်းရာမှာ အဖွဲ့ဝင် (၁၅) ဦး ပါရှိပြီး (၁၀) ဦးဟာ ရွေးကောက်တင်မြှောက်ခံ တရားလွှတ်တော်ရှေ့နေတွေ ဖြစ်ပါတယ်။ ဥက္ကဋ္ဌက ရှေ့နေချုပ် ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌကတော့ ကောင်စီကနေ ရွေးချယ်တင်မြှောက်သူ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ပြင်ဆင်တဲ့ ဥပဒေမှာတော့ အဖွဲ့ဝင်အရေအတွက် (၁၁) ဦးထိ လျှော့ချလိုက်ပြီး ရွေးကောက်တင်မြှောက်ခံ တရားလွှတ်တော်ရှေ့နေတွေ မပါဝင်တော့ပါဘူး။ ၂၀၁၉ ခုနှစ် ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမှာတော့ ရွေးကောက်တင်မြှောက်ခံ တရားလွှတ်တော်ရှေ့နေ (၁၁) ဦး ပြန်လည်ပါဝင်လာပြီး ကောင်စီဝင် (၁၅) ဦး ဖြစ်လာပါတယ်။

လက်ရှိ တင်သွင်းထားတဲ့ ဥပဒေကြမ်းကို ကြည့်ရင် ကောင်စီဝင်အရေအတွက်က ရှင်းရှင်းလင်းလင်း မရှိပေမယ့် ရွေးကောက်တင်မြှောက်ခံ တရားလွှတ်တော်ရှေ့နေအရေအတွက်ကို ထပ်မံတိုးချဲ့ ဖွဲ့စည်းလာပါတယ်။ ဒါဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ရှေ့နေလိုက်သူတွေကို ကိုယ်စားပြုမယ့် တရားလွှတ်တော်ရှေ့နေတွေ ပါဝင်တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီမှာ တရားလွှတ်တော်ရှေ့နေ အရေအတွက်ကို တိုးမြှင့်ဖို့ အဆိုပြုလိုက်ခြင်း ဖြစ်ပါတယ်။

(၂) မှတ်ပုံတင်ခြင်းဆိုင်ရာနဲ့ အရေးယူခြင်းဆိုင်ရာ

တည်ဆဲဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေမှာ တရားလွှတ်တော်ရှေ့နေတွေဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ မှတ်ပုံတင်စာရင်းတင်သွင်းမထားရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တွေမှာလည်း အမှုလိုက်ပါ ဆောင်ရွက်ခွင့် မရှိပါဘူး။ အထက်တန်းရှေ့နေတွေကတော့ လက်ရှိအခြေအနေမှာ ခရိုင်တရားရုံးတွေမှာ မှတ်ပုံတင်အမည်စာရင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ လက်ရှိ ဥပဒေကြမ်းထဲမှာတော့ အလုပ်သင်ရှေ့နေအဖြစ် လျှောက်ထားလိုသူဟာ ဒေသဆိုင်ရာရှေ့နေများကောင်စီမှာ လျှောက်ထားရမှာဖြစ်ပြီး အထက်တန်းရှေ့နေအဖြစ် သက်သေခံ မှတ်ပုံတင်လက်မှတ်အတွက်ကိုလည်း ဒေသဆိုင်ရာကောင်စီမှာပဲ လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေတွေကတော့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတစ်ဦးဦးကို အကျင့်သိက္ခာ ပျက်ယွင်းခြင်းဆိုင်ရာနဲ့ ပတ်သက်လို့ တိုင်ကြားလာခဲ့ရင် တည်ဆဲ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေအရဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ စုံစမ်းစစ်ဆေးဖို့အတွက် တရားလွှတ်တော်ရှေ့နေများကောင်စီကို လွှဲပြောင်းခြင်း ဒါမှမဟုတ် ကောင်စီနဲ့ တိုင်ပင်ပြီး ခရိုင်တရားရုံးကို လွှဲပြောင်းပေးခြင်း ပြုရမှာဖြစ်ပါတယ်။

လက်ရှိဥပဒေကြမ်းအရဆိုရင်တော့ တရားလွှတ်တော်ရှေ့နေတွေအတွက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှာ တိုင်ကြားရပါမယ်။ ကောင်စီဟာ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်ခြင်း တိုင်ကြားချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး အရေးယူဖို့အတွက် တရားလွှတ်တော်ရှေ့နေများကျင့်ဝတ်သိက္ခာနဲ့ စည်းကမ်းထိန်းသိမ်းရေး(လုပ်ငန်းကော်မတီ ဒါမှမဟုတ် ခုံရုံး) ကို တာဝန်ပေးနိုင်သလို ဒေသဆိုင်ရာကောင်စီကိုလည်း စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက်နဲ့ သဘောထားအမြင် တင်ပြစေဖို့ တာဝန်ပေးနိုင်ပါတယ်။ အထက်တန်းရှေ့နေတွေအတွက်တော့ ဒေသဆိုင်ရာကောင်စီကို တိုင်ကြားရမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်နဲ့ သဘောထားအမြင် တင်ပြစေဖို့အတွက် အထက်တန်းရှေ့နေများ ကျင့်ဝတ်သိက္ခာနဲ့ စည်းကမ်းထိန်းသိမ်းရေး(လုပ်ငန်းကော်မတီ ဒါမှမဟုတ် ခုံရုံး) ကို တာဝန်ပေးရပါမယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာတွေအတွက် အယူခံခွင့်တွေကိုလည်း ထည့်သွင်းထားပါတယ်။

(၃) အထက်တန်းရှေ့နေတွေ အမှုလိုက်နယ်မြေ ကန့်သတ်ခံရခြင်း

ပုဒ်မ (၃၃) နဲ့ (၃၄) တို့ရဲ့ ပြဋ္ဌာန်းချက်က အထက်တန်းရှေ့နေတွေဟာ မိမိအမှုလိုက်ပါဆောင်ရွက်နေတဲ့ တိုင်းဒေသကြီး/ပြည်နယ်ကနေ အခြား တိုင်းဒေသကြီး/ပြည်နယ်တစ်ခုခုကို အမှုလိုက်ပါ ဆောင်ရွက်မယ်ဆိုရင် အထက်တန်းရှေ့နေ မှတ်ပုံတင်စာရင်း လွှဲပြောင်းပေးဖို့အတွက် မှတ်ပုံတင်စာရင်း ရေးသွင်းထားတဲ့ ဒေသဆိုင်ရာကောင်စီကို တင်ပြရမယ်လို့ ဆိုထားပါတယ်။ ဒေသဆိုင်ရာကောင်စီက တင်ပြလာတဲ့ ပုဂ္ဂိုလ်ရဲ့ အမည်စာရင်းကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ပြီး အဲဒီ ပုဂ္ဂိုလ် ပြောင်းရွှေ့လိုတဲ့ ဒေသဆိုင်ရာကောင်စီကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

အဲဒီလိုပြဋ္ဌာန်းချက်တွေက ဒေသတစ်ခုကနေ တစ်ခုကို အမြဲတမ်း ပြောင်းရွှေ့လိုတာ မဟုတ်ဘဲ အမှုသည်ရဲ့ ယုံကြည်အားကိုးမှုကြောင့် အမှုတစ်ခုအတွက် ငှားရမ်းခြင်းခံရတဲ့ အထက်တန်းရှေ့နေတွေအတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒီ့အတွက် အဲဒီပြဋ္ဌာန်းချက်တွေကို တိုင်းဒေသကြီး/ပြည်နယ်တစ်ခုမှာ မှတ်ပုံတင်ထားတဲ့ အထက်တန်းရှေ့နေတွေဟာ မိမိအမှုလိုက်ပါ ဆောင်ရွက်နေတဲ့ ဒေသတစ်ခုကနေ အခြားဒေသတစ်ခုကို အမှုလိုက်ပါ ဆောင်ရွက်ဖို့ ဖြစ်ပေါ်လာခဲ့ရင် မိမိမှတ်ပုံတင်ထားတဲ့ ဒေသဆိုင်ရာကောင်စီထံ အသိပေးရန်သာ လိုအပ်တယ်လို့ ပြင်ဆင်သင့်ပြီး အဲဒီလို အကြောင်းကြားလာပါကလည်း သက်ဆိုင်ရာ ဒေသကောင်စီဟာ အထက်တန်းရှေ့နေ အမှုလိုက်ပါ ဆောင်ရွက်မယ့် တိုင်းဒေသကြီး/ပြည်နယ်ရဲ့ ဒေသဆိုင်ရာကောင်စီကို အကြောင်းကြားရမယ်လို့ ပြင်ဆင်သင့်ပါတယ်။

(၄) နိုင်ငံခြားတရားရုံးတွင် ရှေ့နေအဖြစ် လိုက်ပါလုပ်ဆောင်ခွင့် မရှိခြင်း

ဥပဒေကြမ်းပါ ပုဒ်မ ၄၂ အရ ဆိုရင် "နိုင်ငံခြားရှိ တရားရုံးတစ်ခုခုတွင် ရှေ့နေအဖြစ် စာရင်းသွင်းထားခြင်း" ရှိပါက ရှေ့နေလိုက်သူတွေကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်တယ်ဆိုတဲ့အချက်က ရှေ့နေပညာရပ်ဆိုင်ရာနဲ့ အသက်မွေးဝမ်းကျောင်းမှုပြုတဲ့ ရှေ့နေတွေအတွက် ကန့်သတ်ခံထားရသလို ဖြစ်နေပါတယ်။ ဥပဒေကြမ်းပါ ရည်ရွယ်ချက်ဖြစ်တဲ့ "ရှေ့နေပညာနိုင်ငံတကာ အဆင့်မီ တိုးတက်ရေးအတွက် ဆောင်ရွက်ရန်" ဆိုတဲ့ အချက်နဲ့လည်း သွေဖယ်နေသလို ဖြစ်နေပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ထည့်သွင်းထားရတဲ့ အကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်း ရှိစေဖို့ လိုအပ်ပြီး ရှေ့နေပညာရပ်နဲ့ နိုင်ငံတကာ တရားရုံးတွေမှာ အမှုလိုက်ပါ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက်သဖွယ် မဖြစ်ဖို့ အရေးကြီးပါတယ်။

(၅) အမှုပွဲစားနဲ့ ပတ်သက်သမျှ

သက်ဆိုင်ရာ တရားရုံးတစ်ရုံးဟာ အမှုပွဲစားအဖြစ် ကျော်ဇော်သတင်းရှိတဲ့ ပုဂ္ဂိုလ်ကို အမှုပွဲစားအဖြစ် အမည်စာရင်း ထည့်သွင်းနိုင်ပြီး စာရင်းမသွင်းမီမှာ အဲဒီပုဂ္ဂိုလ်ကို ထုချေခွင့်ပေးရမှာ ဖြစ်ပါတယ်။ ယုံကြည်လောက်သော အထောက်အထားရှိတဲ့အတွက် အမှုပွဲစားစာရင်းမှာ ထည့်သွင်းပြီးရင် သက်ဆိုင်ရာ ရှေ့နေများကောင်စီကို အမည်စာရင်း ပေးပို့ရမယ်။ အမှုပွဲစားအဖြစ် ကြေညာခြင်းခံထားရသူဟာ အမှုပွဲစားအဖြစ် လုပ်ကိုင်ရင် ၃ လထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ကျပ် ၁ သိန်းမှ ၅ သိန်းအထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဒီပြဋ္ဌာန်းချက်တွေမှာလည်း အားနည်းချက်တွေကို တွေ့နိုင်ပါတယ်။ အမည်စာရင်းထည့်သွင်းမှာက တရားရုံးဖြစ်ပြီး လက်ရှိ ရှိနေတဲ့ တရားရုံးအရေအတွက်၊ အမှုအခင်းအရေအတွက်တွေက တရားရေးဝန်ထမ်းတွေကို ဝန်ပိနေတာကြောင့်ရယ်၊ အမှုပွဲစားတွေက တရားရေးစနစ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ကျက်စားနေတာတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် လက်တွေ့ကျရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီ့အပြင် လက်ရှိ ရှိနေတဲ့ တရားစီရင်ရေးစနစ်အတွင်းက အဂတိလိုက်စားမှုတွေကလည်း အမှုပွဲစား နာမည်စာရင်းသွင်းခြင်းကိစ္စရပ်မှာ မှန်ကန်တဲ့ရလဒ် ထွက်ရှိဖို့အတွက် ခက်ခဲပါလိမ့်မယ်။ နောက်ပြီး အမှုပွဲစားလို့ အမည်စာရင်း ထည့်သွင်းခံရမယ့် ပုဂ္ဂိုလ်ကို ဘယ်လို စုံစမ်းအတည်ပြုမယ်၊ အဲဒီပုဂ္ဂိုလ်တွေအတွက် တရားမျှတမှုနည်းလမ်းကို ရှာဖွေနိုင်စေမယ့် အယူခံခွင့်ကို ဘယ်လိုစီမံထားမယ် ဆိုတာတွေကို လက်ရှိဥပဒေကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။

(၆) အစိုးရအဖွဲ့တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ လွှမ်းမိုးလာနိုင်မှု

လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ အဖွဲ့အစည်းတွေဖြစ်ဖို့ဆိုရင် ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုရှိဖို့ကလည်း လိုအပ်တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။ ဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ ဒေသဆိုင်ရာကောင်စီတွေဟာ ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်ထားရှိပြီး ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့အညီ သုံးစွဲခြင်းနဲ့ စီမံခန့်ခွဲခြင်းတွေ လုပ်ဆောင်နိုင်ပါတယ်။ ရန်ပုံငွေကို နိုင်ငံတော်က ထောက်ပံ့ငွေတွေနဲ့ အခြား ထောက်ပံ့ငွေ၊ လှူဒါန်းငွေ စတာတွေနဲ့ ထူထောင်ထားရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်ဘဏ္ဍာငွေမှ ထောက်ပံ့ငွေအတွက်ကတော့ ပြည်ထောင်စုအစိုးရရဲ့ အတည်ပြုချက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ ပြည်နယ်နေပြည်တော်ကောင်စီတို့ရဲ့ အတည်ပြုချက်တို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အတည်ပြုချက် ထုတ်ပေးရမယ့် အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှု ရှိလာနိုင်တဲ့အချက်ကို ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပြီး ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်မှုကို ရရှိစေဖို့အတွက် အခြားနည်းလမ်းတစ်ခုကိုလည်း ရှာဖွေသင့်ပါတယ်။

(၇) ထပ်တူဖြစ်နေတဲ့ အခွင့်အာဏာတွေ

မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နည်းဥပဒေတွေကို ထုတ်ပြန်နိုင်တယ်လို့ ဥပဒေကြမ်းက ဆိုပါတယ်။ ဒီနေရာမှာ စဉ်းစားဖို့ လိုတာက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက် လိုအပ်သလား ဆိုတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဥပဒေကို ကောင်းမွန်စွာ ပြဋ္ဌာန်းရေးဆွဲထားခဲ့ရင် နည်းဥပဒေတွေဟာလည်း တိကျကောင်းမွန်မှာဖြစ်ပြီး နည်းဥပဒေတွေနဲ့ ပတ်သက်လို့ ဥပဒေကို ကျော်လွန်တယ်လို့ ယူဆရင် ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်တွေကနေ ပြန်လည် စိစစ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက် ရယူရမယ် ဆိုတဲ့ အချက်ကို ပြန်လည် ဆန်းစစ်သင့်ပါတယ်။

နောက်ပြီး ဥပဒေကြမ်းမှာ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ဖို့ အာဏာကို မြန်မာနိုင်ငံရှေ့နေများကောင်စီနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဆိုတဲ့ ဌာနနှစ်ခုစလုံးကို ပေးသင့်သလားဆိုပြီး စဉ်းစားရပါမယ်။ တကယ်လို့ နေရာနှစ်ခုကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်နှစ်ခုဟာ အငြင်းပွားစရာ ဖြစ်လာခဲ့ရင် ဘယ်ဌာနရဲ့ ထုတ်ပြန်ချက်က အတည်လဲ ဆိုတာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ ဥ‌ပဒေကို အကောင်အထည်ဖော်ဖို့ နည်းဥပဒေတွေ နဲ့ အမိန့်တွေကို ထုတ်ပြန်ရာမှာ ဘယ်ဌာနကို ထုတ်ပြန်ခွင့်အာဏာပေးတာဟာ အဖြစ်သင့်ဆုံးဆိုပြီး စဉ်းစားကာ တိတိကျကျ ပြဋ္ဌာန်းသင့်ပါတယ်။