Posted in ဥပဒေရေးရာ သုတေသန on Apr 29, 2020
ဥပဒေကြမ်းကို ၂၀.၁၂.၂၀၁၉ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ နဲ့ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နဲ့ ကြေးမုံသတင်းစာမှာ အများပြည်သူ လေ့လာသိရှိ အကြုံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီက တင်သွင်းထားတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေ (၂၉.၀၄.၂၀၂၀) – ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ စောင့်ဆိုင်းနေဆဲ။
(၁) ဥပဒေကြမ်းမိတ်ဆက်
မြန်မာနိုင်ငံဟာ ရေအရင်းအမြစ် ကြွယ်ဝပေါများတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အစီရင်ခံစာအချို့အရဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတွင်းရှိ ရေချိုပမာဏအားလုံးရဲ့ ၅ ရာခိုင်နှုန်း အောက်သာ သုံးစွဲနေတယ်လို့ သိရပါတယ်။ အဲဒီလို ပေါများတဲ့ ရေအရင်းအမြစ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံစီမံနိုင်ဖို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၆၅/၂၀၁၃ နဲ့ အမှတ် ၄၂/၂၀၁၆ ထုတ်ပြန်ပြီး အသီးသီး ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မတီကို ဒုတိယသမ္မတ (၂) က ဦးဆောင်ပြီး ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူပါတယ်။
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲက တချို့ကတော့ အမျိုးသားရေအရင်းအမြစ်ဆိုင်ရာ ဘက်စုံစီမံခန့်ခွဲရေး မဟာဗျူဟာနဲ့ အမျိုးသားရေအရင်းအမြစ်မူဝါဒတို့နဲ့အညီ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပေါ်ထွန်းလာရေး စီမံကွပ်ကဲဖို့၊ ရေအရင်းအမြစ်တွေကို စီးပွားရေးနဲ့ ဝန်ဆောင်မှု လုပ်ဆောင်တာကနေ တိုက်ရိုက်/သွယ်ဝိုက်နည်းတွေနဲ့ အခွန်ဘဏ္ဍာရရှိစေဖို့နဲ့ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ယုံကြည်အပ်နှံရန်ပုံငွေကို တည်ထောင်ပြီး ပြည်တွင်းပြည်ပမှ ရန်ပုံငွေတွေ ရှာဖွေစုဆောင်းပေးဖို့တို့ ဖြစ်ကြပါတယ်။
မြေအောက်ရေနဲ့ပတ်သက်ရင်တော့ မြန်မာနိုင်ငံဟာ အိမ်သုံး၊ စက်ရုံသုံး နဲ့ စိုက်ပျိုးရေးသုံးဆိုပြီး ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုနေပါတယ်။ အချို့သော အချက်အလက်တွေအရဆိုရင် စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုနေတဲ့ မြေအောက်ရေပမာဏက ၅၀ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း မြို့ပြနေရာတွေမှာ ရေပေးဝေရေးစနစ် ညံ့ဖျင်းတာ၊ မြို့ပြဧရိယာချဲ့တာနဲ့ ခေတ်မီတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထိန်းကျောင်းထားမှု မရှိတာတွေကြောင့် မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုတွေကို ဖြစ်ပေါ်စေပြီး အကျိုးဆက်အနေနဲ့ ဆားငံရည် စိမ့်ဝင်တာ၊ မြေမျက်နှာပြင် နိမ့်ကျလာတာနဲ့ မြေအောက်ရေ ညစ်ညမ်းမှုတွေကို ဖိတ်ခေါ်နေပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်ကို တင်သွင်းလာတဲ့ ဥပဒေကြမ်း အတည်ပြုခဲ့ရင် ၁၉၃၀ ပြည့်နှစ် မြေအောက်ရေ အက်ဥပဒေ The Underground Water Act (Burma Act No. IV) ကို အစားထိုး ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။
ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ်မှာ စတင် ရေးဆွဲခဲ့တယ်လို့ သိရှိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက Myanmar’s underground water resources အမည် နဲ့ (၇) ကြိမ် ပြင်ဆင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ပြည်သူ့လွှတ်တော်၊ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကို ဆက်လက်ရေးဆွဲဖို့ လွှဲပြောင်းပေးပို့ခဲ့ပါတယ်။
(၂) ဥပဒေကြမ်းအနှစ်ချုပ်
ဥပဒေကြမ်းမှာ မြေအောက်ရေ ထုတ်ယူသုံးစွဲဖို့ တူးဖော်ခွင့်ပြုမိန်နဲ့ သုံးစွဲခွင့်ပြုမိန့်တွေ လျှောက်တာ၊ လုပ်ငန်းလိုင်စင် လျှောက်ထားတာ၊ သက်တမ်းတိုးလျှောက်ထားတာနဲ့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။
- ဥပဒေကြမ်းဟာ မြေအောက်ရေတန်ဖိုးကို နားလည်သိရှိဖို့၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စနစ်တကျ ထုတ်ယူသုံးစွဲဖို့၊ မြေအောက်ရေရဲ့ ရေရှည်ထုတ်ယူသုံးစွဲနိုင်မှုနဲ့ အရည်အသွေးတွေကို ထိန်းသိမ်းဖို့ ရည်ရွယ်ထားပါတယ်။
- ပြည်ထောင်စုအစိုးရအဖွဲ့ဟာ မြေအောက်ရေစီမံခန့်ခွဲမှု ဗဟိုကော်မတီကို ဖွဲ့စည်းပေးရမှာ ဖြစ်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေ၊ သက်ဆိုင်ရာ ဦးစီးဌာနတွေက ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေက အဖွဲ့ဝင်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
- ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကတော့ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ မြေအောက်ရေ ကြီးကြပ်ခြင်း၊ ထိန်းသိမ်းခြင်းဆိုင်ရာ မူဝါဒ ချမှတ်ဖို့၊ အချက်အလက် စုဆောင်းခြင်း၊ မှတ်တမ်းပြုစုခြင်း၊ သုတေသနပြုခြင်းနဲ့ ပတ်သက်ပြီး ဦးစီးဌာနကို ကြီးကြပ်လမ်းညွှန်ဖို့၊ နဲ့ မြေအောက်ရေကို ထုတ်ယူသုံးစွဲရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများကို လိုက်နာခြင်း ရှိမရှိ စိစစ်ကြီးကြပ်ဖို့၊ အသိပညာ ဖြန့်ဖြူးဖို့ တို့ ဖြစ်ပါတယ်။ နောက်ပြီး ကော်မတီဟာ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ နဲ့ မြို့နယ်လုပ်ငန်းအဖွဲ့ကို ပြဋ္ဌာန်းချက်အတိုင်း ဖွဲ့စည်းနိုင်ပါတယ်။
- မြေအောက်ရေ ထုတ်ယူသုံးစွဲဖို့ စက်ရေတွင်းတူးဖော်လိုသူဟာ တူးဖော်ခွင့်ပြုမိန့် နဲ့ သုံးစွဲခွင့်ပြုမိန့်အတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို သတ်မှတ်နည်းလမ်းနဲ့အညီ လျှောက်ထားရပါမယ်။ လျှောက်ထားရာမှာ လိုအပ်ရင် ပြင်ဆင်ဆောင်ရွက်ခွင့်ရှိသလို ငြင်းပယ်ခံရရင်လည်း သတ်မှတ်နည်းလမ်းနဲ့အညီ အယူခံဝင်ခွင့် ရှိပါတယ်။ တူးဖော်ခွင့်ပြုမိန့် နဲ့ သုံးစွဲခွင့်ပြုမိန့် ရရှိသူဟာ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်ဆင့်ရဲ့ စစ်ဆေးခြင်းကို ခံယူရမှာ ဖြစ်သလို စက်ရေတွင်းကို ပိတ်သိမ်းချင်ရင်လည်း ခွင့်ပြုချက် ရယူရပါမယ်။
- မြေအောက်ရေ တူးဖော်ဖို့ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသူဟာ လုပ်ငန်းလိုင်စင်အတွက် အိမ်သုံးဆိုရင် မြို့နယ်လုပ်ငန်းအဖွဲ့၊ လုပ်ငန်းသုံးအတွက်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ကို လျှောက်ထားရပါမယ်။
- တူးဖော်ခွင့်ပြုမိန့် ရရှိသူဟာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တူးဖော်ရမှာ ဖြစ်ပြီး တူးဖော်နိုင်ခြင်း မရှိရင် တူးဖော်ခွင့်ပြုမိန့် သတ်မှတ်ကာလ တိုးပေးဖို့ လုပ်ငန်းအဖွဲ့ကို သတ်မှတ်ချက်နဲ့အညီ လျှောက်ထားရပါမယ်။ လုပ်ငန်းလိုင်စင်ရှိသူဟာ သက်တမ်းမကုန်မီ ရက် (၆၀) အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ကို သတ်မှတ်ချက်နဲ့အညီ လျှောက်ထားရပါမယ်။
- ဥပဒေကြမ်းမှာ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူတာနဲ့ အယူခံဝင်တာ၊ တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေလည်း ပါရှိပါတယ်။
- ရေလျှံတွင်း၊ ရေလျှံဇုန်တွေနဲ့ပတ်သက်ပြီး ဗဟိုကော်မတီမှ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရပါမယ်။ ဝန်ကြီးဌာနဟာ မြေအောက်ရေဆိုင်ရာ သတင်းအချက်အလက် ပိုခိုင်မာဖို့ သုတေသနလုပ်ငန်း၊ ဓာတ်ခွဲခန်း၊ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေအတွက် ဘဏ္ဍာရန်ပုံငွေကို အစိုးရအဖွဲ့ကို တင်ပြတောင်းခံနိုင်ပါတယ်။
ဆက်စပ်ဥပဒေ
၂၀၀၆ ခုနှစ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေ
လင့်ခ်များ
မြေအောက်ရေစီမံခန့်ခွဲမှု ဥပဒေကြမ်းအား လေ့လာခြင်း
ဆက်သွယ်ရန်
မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org