Posted in ဥပဒေရေးရာ သုတေသန on Apr 07, 2020

ဥပဒေကြမ်းကို ၂၄.၁၂.၂၀၁၉ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပါတယ်။

လက်ရှိအခြေအနေ (၀၇.၀၄.၂၀၂၀) - လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

ဓာတ်ခွဲခန်းတွေနဲ့ ပတ်သက်လို့ ပထမဆုံး ဥပဒေ တစ်ခု ဖြစ်လာမှာဖြစ်ကာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလလောက်တည်းက စတင်ရေးဆွဲခဲ့တယ်လို့ သိရပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဦးဆောင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုပြီးခဲ့ရင်တော့ လက်ရှိ တည်ဆဲ ဥပဒေတွေဖြစ်တဲ့ အမျိုးသားဆေးဝါး ဥပဒေ၊ အမျိုးသားအစားအသောက် ဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေစတာတွေနဲ့ ဆက်စပ်လာမှာ ဖြစ်ပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ဥပဒေကြမ်းထဲမှာ ဓာတ်ခွဲခန်းဖွင့်ခွင့် လိုင်စင်လျှောက်ထားခြင်း၊ လိုင်စင်ရရှိသူတွေရဲ့ တာဝန်၊ အုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းခြင်း၊ ဓာတ်ခွဲခန်းတာဝန်ခံ၊ အရည်အသွေး အာမခံအရာရှိတွေ ခန့်အပ်ခြင်းနဲ့ သူတို့ရဲ့ တာဝန်အပါအဝင် ဓာတ်ခွဲစစ်ဆေး အဖြေထုတ်ခြင်းတွေနဲ့ တားမြစ်ချက်၊ ပြစ်ဒဏ်တွေကို ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

  • ဥပဒေကြမ်းက အရည်အသွေးပြည့်မီတဲ့ ဓာတ်ခွဲခန်းတွေ တိုးပွားဖို့၊ ဓာတ်ခွဲခန်းမှတ်ပုံတင်စနစ် ပေါ်ပေါက်လာဖို့နဲ့ စားသုံးသူတွေနဲ့ သုံးစွဲသူတွေကို ဘေးအန္တရာယ်ဖြစ်စေခြင်းကနေ ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
  • ပြည်ထောင်စု ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဓာတ်ခွဲခန်းများ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးရမှာ ဖြစ်ပြီး ဝန်ကြီးဌာနရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူစေကာ ဆက်စပ်တဲ့ ဌာနဆိုင်ရာက ဒုတိယညွှန်ကြားရေးမှူးချုပ်တွေနဲ့ ညွှန်ကြားရေးမှူးတွေအပါအဝင် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်တွေကိုလည်း ထည့်သွင်းထားပါတယ်။
  • ကော်တီဟာ ဓာတ်ခွဲခန်း ကျင့်စဉ်/ကျင့်ဝတ် ဆိုင်ရာ၊ ဓာတ်ခွဲခန်းရဲ့ စွန့်ပစ်အမှိုက် ဆိုင်ရာ မူဝါဒ၊ စည်းကမ်းချက်တွေ ချမှတ်ခြင်း၊ ဓာတ်ခွဲခန်းဆိုင်ရာ အရည်အသွေး တူညီမှုရှိစေရေး၊ ဓာတ်ခွဲအဖြေ တိကျမှန်ကန်စေရေးတွေကို ကြပ်မတ်ခြင်းနဲ့ အယူခံဓာတ်ခွဲခန်း သတ်မှတ်ပေးခြင်းတွေအပါအဝင် လိုင်စင်လျှောက်ထားတဲ့ ဓာတ်ခွဲခန်းကို နိုင်ငံတကာအဆင့်မီ အိုင်အက်(စ်)အို/အိုင်အီးစီ ၁၇၀၂၅ အသိအမှတ်ပြုလွှာ ရရှိထားတဲ့ ဓာတ်ခွဲခန်းတွေက လေ့ကျင့်သင်ကြားပေးနိုင်ရေးတွေကိုပါ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
  • ဓာတ်ခွဲခန်းတည်ထောင်ဖွင့်လှစ်လိုတဲ့ အစိုးရဌာန/အဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်ဟာ လိုင်စင်အတွက် ကြီးကြပ်ရေးကော်မတီကို စည်းကမ်းချက်နဲ့ အညီ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းဖွင့်လှစ်ခွင့် လိုင်စင်ရရှိသူဟာ ဓာတ်ခွဲခန်းရဲ့ စွမ်းဆောင်ရည်မြင့်မားစေရေးနဲ့ ဓာတ်ခွဲအဖြေ တိကျစေရေးအတွက် ဓာတ်ခွဲခန်းတွင်းနဲ့ ဓာတ်ခွဲခန်းပြင်ပ အရည်အသွေး ထိန်းချုပ်မှုစနစ် ထူထောင်ထားရှိရမှာဖြစ်ပြီး အဲဒါနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းနဲ့ အကြောင်းအရာတွေကို ဓာတ်ခွဲခန်းဝန်ထမ်းတွေ အလွယ်တကူမြင်တွေ့နိုင်တဲ့ နေရာမှာ ထားရှိထားရမှာ ဖြစ်ပါတယ်။
  • လိုင်စင်ရရှိသူဟာ ဓာတ်ခွဲ ခန်းအတွက် အုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး အုပ်ချုပ်မှုအဖွဲ့ဟာ ဓာတ်ခွဲခန်းတာဝန်ခံ၊ အရည်အသွေးအာမခံအရာရှိနဲ့ ကျွမ်းကျင်ဓာတ်ခွဲဝန်ထမ်းတွေအတွက် အရည်အချင်းသတ်မှတ်ခြင်းနဲ့ ခန့်အပ်တာဝန်ပေးခြင်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ခွဲခန်းရဲ့ ဝန်ဆောင်မှုတွေ အရည်အသွေး ပြည့်မီရေးအတွက် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းတွေနဲ့ အများပြည်သူအတွက် ကျန်းမာရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ခြင်း၊ ဓာတ်ခွဲခန်းရဲ့ ဝန်ဆောင်မှုအမျိုးအစား ပြောင်းလဲခြင်းနဲ့ နေရာ ပြောင်းရွှေ့ခြင်းတွေအတွက် ကြီးကြပ်ရေးကော်မတီကို သတင်းပို့ခြင်းတွေကိုပါ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
  • အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းကိရိယာနဲ့ အလှကုန်ပစ္စည်းတွေကို ဓာတ်ခွဲစစ်ဆေးလိုသူဟာ လိုင်စင်ရ ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်ပြီး သတ်မှတ်ထားတဲ့ အချက်အလက်တွေ အပြည့်အစုံပါရှိရမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲစစ်ဆေးလိုသူက သတ်မှတ်ချက်တွေကို လိုက်နာမှု မရှိဘူးဆိုရင် ဓာတ်ခွဲခန်းတွေအနေနဲ့ နမူနာပစ္စည်းကို လက်ခံ စစ်ဆေးခြင်း မပြုရပါဘူး။ ဓာတ်ခွဲအဖြေကို ပိုမိုတိကျမှုရှိစေဖို့အတွက် လိုအပ်ရင် နမူနာပစ္စည်းတွေကို လိုင်စင်ရ ဓာတ်ခွဲခန်းချင်း ပေးပို့စစ်ဆေးနိုင်ပါတယ်။
  • ဓာတ်ခွဲခန်းအဖြေကို မကျေနပ်သူဟာ နမူနာတွေကို ထပ်မံစစ်ဆေးပေးဖို့ ဓာတ်ခွဲအဖြေရတဲ့နေ့ကနေ ခုနှစ်ရက်အတွင်း သတ်မှတ်ချက်နဲ့အညီ အယူခံဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးနိုင်ပါတယ်။ အယူခံဓာတ်ခွဲခန်းက တစ်လအတွင်း ဓာတ်ခွဲအဖြေထုတ်ပေးရမှာဖြစ်ပြီး အယူခံဓာတ်ခွဲခန်းရဲ့ ဓာတ်ခွဲအဖြေက အပြီးအပြတ်ဖြစ်ပါတယ်။
  • ကြီးကြပ်မှုကော်မတီဟာ ဓာတ်ခွဲခန်းတွေကို ကြီးကြပ်စစ်ဆေးနိုင်ဖို့အတွက် သတ်မှတ်အရည်အချင်းတွေနဲ့ ပြည့်မီသူတွေကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးရမှာ ဖြစ်ပါတယ်။ စစ်ဆေးရေးမှူးတွေဟာ ဓာတ်ခွဲခန်းတွေကို ပုံမှန်စစ်ဆေးခြင်းနဲ့ ရှောင်တခင် စစ်ဆေးခြင်းတွေကို သတ်မှတ်ချက်တွေနဲ့ အညီ လုပ်ဆောင်နိုင်ပါတယ်။ စစ်ဆေးရေးမှူးတွေဟာ စည်းကမ်း၊ သတ်မှတ်ချက်တွေကို မလိုက်နာတဲ့ ဓာတ်ခွဲခန်းတွေအတွက် မိမိရဲ့ သဘောထားမှတ်ချက်နဲ့ အတူ ကြီးကြပ်မှုကော်မတီကို တင်ပြရမှာဖြစ်ပြီး ကော်မတီက စီမံခန့်ခွဲရေးပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။
  • ကော်မတီက ချမှတ်တဲ့ စီမံခန့်ခွဲရေးပြစ်ဒဏ်ကို မကျေနပ်သူဟာ ဆုံးဖြတ်ချက် ချမှတ်တဲ့နေ့မှစပြီး ရက်ပေါင်း (၆၀)အတွင်း ဝန်ကြီးဌာနကို အယူခံဝင်ခွင့်ရှိပြီး စီမံခန့်ခွဲရေးနည်းလမ်းနဲ့ ချမှတ်တဲ့ ပြစ်ဒဏ်အတွက် ဝန်ကြီးဌာနရဲ့ အဆုံးအဖြတ်က အပြီးအပြတ် ဖြစ်ပါတယ်။
  • တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေလည်းပါရှိပြီး သုတေသနပြုလုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ဒါမှမဟုတ် မိမိကိုယ်ပိုင် အသုံးပြုဖို့ ရည်ရွယ်တဲ့ ဒါမှမဟုတ် စီးပွားရေးအတွက် ရည်ရွယ်ထားခြင်း မရှိတဲ့ ဓာတ်ခွဲခန်းတွေနဲ့ အဲဒီဓာတ်ခွဲခန်းတွေရဲ့ ဓာတ်ခွဲအဖြေတွေဟာ ဒီဥပဒေနဲ့ သက်ဆိုင်ခြင်း မရှိစေရလို့လည်း ဥပဒေကြမ်းထဲမှာ ပါရှိပါတယ်။

ဆက်စပ်ဥပဒေများ

၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ

အမျိုးသားဆေးဝါးဥပဒေ (၁၉၉၂)

အမျိုးသားအစားအသောက် ဥပဒေ (၁၉၉၇)

စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org