Posted in ဥပဒေရေးရာ သုတေသန on Mar 18, 2020

ဥပဒေကြမ်းကို ၁၀.၀၂.၂၀၂၀ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်အင်တာနက် စာမျက်နှာမှာ တင်ထားတာဖြစ်ပြီး ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ (၁၉၉၅) ကို အစားထိုးဖို့ ဖြစ်ပါတယ်။

လက်ရှိအခြေအနေ (၁၈.၀၃.၂၀၂၀) – လွှတ်တော်တစ်ရပ်ရပ်မှာ ဆွေးနွေးဖို့ ဆောင်ရွက်နေဆဲ။


(၁) ဥပဒေကြမ်းမိတ်ဆက်

ပြဋ္ဌာန်းခဲ့ပြီး ဥပဒေများ

The Epidemic Diseases Act, 1897 (၉၅ တွင် ရုပ်သိမ်း)

The Vaccination Act, 1909 (၉၅ တွင် ရုပ်သိမ်း)

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ (၁၉၉၅) (ယခုဥပဒေဖြင့် ရုပ်သိမ်းမည်)

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၁) (ယခုဥပဒေဖြင့် ရုပ်သိမ်းမည်)

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ဥပဒေကြမ်းက ကူးစက်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်တာ၊ စောင့်ကြပ်စစ်ဆေးတာနဲ့ တုံ့ပြန်ဆောင်ရွက်တာ၊ ရောဂါဖြစ်ပွားမှုကို တိုင်ကြားစေတာ၊ အသွားအလာ တားမြစ်ကန့်သတ်တာနဲ့ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေမှာ ရောဂါကာကွယ်နှိမ်နင်းတာ စတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

  • ဥပဒေကြမ်းဟာ ကူးစက်ရောဂါ ဖြစ်ပွားပျံ့နှံ့တာနဲ့ “ကပ်” အသွင်ဖြစ်ပွားတာကို ကာကွယ်ဖို့၊ ရောဂါထိန်းချုပ်တာတွေကို ထိရောက်စေဖို့နဲ့ အဲဒီလို လုပ်ဆောင်ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။
  • ပြည်ထောင်စုအစိုးရအဖွဲ့ဟာ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမှာ ဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဥက္ကဋ္ဌ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးနဲ့ အခြားဝန်ကြီးဌာန၊ အစိုးရဌာနတွေက ပုဂ္ဂိုလ်တွေလည်း အဖွဲ့ဝင်အနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြင်ပကျွမ်းကျင်ပညာရှင်တွေကို ဖြည့်စွက်ဖွဲ့စည်းနိုင်ပါတယ်။ ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေက ကူးစက်ရောဂါနဲ့ပတ်သက်ပြီး မူဝါဒ ချမှတ်တာ၊ ဦးစီးဌာနကို ကြီးကြပ်တာ၊ အခြား အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းတာနဲ့ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးတာတို့ ဖြစ်ပါတယ်။
  • ဦးစီးဌာနဟာ ကလေးသူငယ်နဲ့ အရွယ်ရောက်သူတွေကို ကာကွယ်ဆေးထိုး/တိုက်တာ၊ ကူးစက်ရောဂါဆိုင်ရာ ကျန်းမာရေးပညာ‌ပေးတာ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်တာ၊ ဖျော်ဖြေရေးလုပ်ငန်း၊ စားသောက်ဆိုင်၊ ခရီးသွားလုပ်ငန်းနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကာကွယ် ကြည့်ရှု တုံ့ပြန်တာ စတာတွေ လုပ်ဆောင်ရပါမယ်။ ဖြစ်ပွားတဲ့ ကူးစက်ရောဂါက တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးစက်ပြန့်ပွားနိုင်ရင် ဒါမှမဟုတ် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ပေါ်နေတယ်ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
  • ကျန်းမာရေးအရာရှိဟာ ကူးစက်/ ကူးစက်မြန်ရောဂါ၊ သတင်းပို့ တိုင်ကြားရမယ့် ကူးစက်ရောဂါ ဒါမှမဟုတ် ကူးစက်‌ရောဂါ “ကပ်” အသွင် ဖြစ်ပွားမှုနဲ့ ပတ်သက်ရင် ဝင်ရောက်စစ်ဆေးခြင်း၊ ရောဂါပိုးသန့်စင်ခြင်းနဲ့ ယာယီပိတ်သိမ်းခြင်း စတဲ့ ညွှန်ကြားမှုတွေ လုပ်ဆောင်ခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားသူနဲ့ အခြားလိုအပ်တဲ့သူတွေကို ကျန်းမာရေးစစ်ဆေးတာတွေ လုပ်‌ဆောင်ရပါမယ်။ လုပ်ဆောင်ရာမှာလည်း မိတ်ဖက်အဖွဲ့အစည်း၊ လူထုအခြေပြု ပရဟိတ ဒါမှမဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းတွေအနေနဲ့အတူ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ကူးစက်မြန်ရောဂါ ဒါမှမဟုတ် ကူးစက်‌ရောဂါ “ကပ်” အသွင် ဖြစ်ပွားမှုတို့ရဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ ဦးစီးဌာနနဲ့ ဝန်ကြီးဌာနကို အမြန်ဆုံး တင်ပြအစီရင်ခံရပါမယ်။
  • တိရစ္ဆာန်တွေ အစုလိုက် အပြုံလိုက် သေဆုံးတာ၊ ကြွက်ကျတာ၊ ကူးစက်မြန်ရောဂါဖြစ်ပွားတာ ဒါမှမဟုတ် သံသယ ရှိတာ၊ သတင်းပို့တိုင်ကြားရမယ့် ကူးစက်ရောဂါ ဖြစ်ပွားတာတွေ ဖြစ်ပွားရင် အိမ်ထောင်ဦးစီး ဒါမှမဟုတ် အိမ်ထောင်စုဝင်တစ်ဦးဦး၊ လုပ်ငန်းရှင် ဒါမှမဟုတ် တာဝန်ခံတစ်ဦးဦးဟာ အနီးဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ အစိုးရကျန်းမာရေးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရှိ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို ချက်ချင်း သတင်းပို့ တိုင်ကြားရပါမယ်။ ကျန်းမာရေးဝန်ထမ်းနဲ့ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေဟာ သတင်းပို့တိုင်ကြားရမယ့် ကူးစက်ရောဂါကို စမ်းသပ်တွေ့ရှိရင် အနီးဆုံး အစိုးရကျန်းမာရေးဌာနကို အမြန် သတင်းပို့ တိုင်ကြားရပါမယ်။
  • ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပေးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ကျန်းမာရေးအရာရှိဟာ သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး သတ်မှတ်နေရာမှ ထွက်ခွာသွားလာတာ၊ ဝင်ရောက်တာ၊ ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေကို ကျင်းပတာ၊ သံသယရှိ တိရစ္ဆာန် ဒါမှမဟုတ် ၎င်းတို့ကို သယ်ဆောင်တဲ့ ယာဉ်တွေ ဝင်ထွက်သွားလာတာ စတာတွေကို လိုအပ်တဲ့ အချိန်တစ်ခုထိ တားမြစ်ပိတ်ပင်/ကန့်သတ်မိန့်တွေကို ထုတ်ပြန်နိုင်ပါတယ်။ လုပ်ဆောင်ရာမှာ ဆောင်ရွက်တဲ့ ကိစ္စတွေကို ဦးစီးဌာနကနေတစ်ဆင့် ဝန်ကြီးဌာနကို တင်ပြအစီရင်ခံရပါမယ်။
  • အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေ ဖြစ်တဲ့ လေဆိပ်၊ ဆိပ်ကနဲ့ နယ်စပ် ဝင်ပေါက်တွေမှာ တာဝန်ကျတဲ့ ကျန်းမာရေးအရာရှိဟာ ခရီးသည်ရဲ့ ကာကွယ်ဆေးထိုးထားမှု မှတ်တမ်းကို တောင်းယူစစ်ဆေးတာ၊ ကာကွယ်ဆေးထိုး/တိုက်တာတွေကို ဆောင်ရွက်တာ၊ ယာဉ်နဲ့ ကုန်ပစ္စည်းတွေမှာ ရောဂါပိုး ကင်းစင်မှုကို စစ်ဆေးတာ၊ ယာဉ်တစ်မျိုးမျိုးမှာ ကူးစက်ရောဂါဖြစ်ပွားသူ ဒါမှမဟုတ် သံသယလူနာ ဒါမှမဟုတ် ခြင်၊ ယင်၊ ပိုးမွှား၊ ကြွက်နဲ့ တိရစ္ဆာန်တွေ ပါရှိတယ်လို့ သံသယ ရှိရင် သတ်မှတ်နေရာမှာသာ ဆိုက်ကပ်စေတာတွေ လုပ်ဆောင်ရပါမယ်။ သက်ဆိုင်ရာ ယာဉ်တာဝန်ခံတွေဟာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကူးစက်ရောဂါ ဖြစ်ပွားသူ ဒါမှမဟုတ် သံသယလူနာ ဒါမှမဟုတ် တိရစ္ဆာန် တွေ ပါရှိတယ်လို့ သံသယ ရှိခဲ့ရင် ယာဉ်မဆိုက်ရောက်မီ သက်ဆိုင်ရာ ကျန်းမာ‌ရေးအရာရှိကို ကြိုတင် အကြောင်းကြားရပါမယ်။
  • ဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပေးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ကျန်းမာရေးအရာရှိဟာ ကူးစက်/ ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်တဲ့ ‌နေရာ၊ ပုဂ္ဂိုလ်၊ ပစ္စည်း၊ တိရစ္ဆာန်၊ ယာဉ်၊ အချက်အလက်နဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အများပြည်သူ အထိတ်တလန့် ဖြစ်စေနိုင်မယ့် သတင်းရယူခြင်း၊ ပြောဆိုရေးသားခြင်းနဲ့ သတင်းထုတ်ပြန်ခြင်းတွေကို ကာလသတ်မှတ် ပိတ်ပင်နိုင်ပါတယ်။ သတင်းပိတ်ပင်ထားတာကို ချိုးဖောက်ခဲ့ရင် ချမှတ်ရမယ့် ပြစ်မှုပြစ်ဒဏ်တွေလည်း ပါရှိပါတယ်။ လိုက်နာရမယ့် အမိန့်တွေ ညွှန်ကြားချက်တွေကို ဖောက်ဖျက်တာတွေနဲ့ ပတ်သက်ရင်လည်း ပြစ်မှုပြစ်ဒဏ်တွေ ပါရှိပြီး ပြစ်မှုတွေဟာ ရဲအရေးယူပိုင်ခွင့် ရှိတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်။

ဆက်စပ်ဥပဒေများ

တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ (၁၉၉၃)

အမျိုးသားအစားအသောက် ဥပဒေ (၁၉၉၇)

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈)

လင့်ခ်

ဥပဒေကြမ်း

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org