Posted in ဥပဒေရေးရာ သုတေသန on Jul 30, 2020

ဥပဒေကြမ်းကို ၁၅.၀၇.၂၀၂၀ ရက်စွဲနဲ့ အမျိုးသားလွှတ်တော် အင်တာနက်စာမျက်နှာမှာ တင်ထားတာကို တွေ့နိုင်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာမှာ အများပြည်သူ လေ့လာသိရှိအကြံပြုနိုင်ဖို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအခြေအနေ (၃၀.၀၇.၂၀၂၀) - ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို တောင်းခံထား။


(၁) ဥပဒေကြမ်းမိတ်ဆက်

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေဟာ ဗြိတိသျှကြည်းတပ်အက်ဥပဒေ နဲ့ အိန္ဒိယကြည်းတပ်အက်ဥပဒေတို့ကနေ ဆင်းသက်လာတာ ဖြစ်ပြီး မြန်မာ့ကြည်းတပ်အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံရေတပ် (စည်းကမ်း) အက်ဥပဒေ နဲ့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလေတပ် (စည်းကမ်း) အက်ဥပဒေ တို့ကို ပေါင်းပြီး ရေးဆွဲပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ် အက်ဥပဒေကို ပြင်ဆင်ခဲ့ရာမှာ ၅ ကြိမ် ရှိခဲ့ပြီး ၁၉၆၀၊ ၁၉၆၁၊ ၁၉၆၂၊ ၁၉၈၉ နဲ့ ၂၀၁၀ တွေမှာ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဥပဒေကြမ်းကိုတော့ Singapore Armed Forces Act, 1972 နဲ့ The Indian Army Act, 1950 တို့ကို ကိုးကားပြီး ရေးဆွဲတင်သွင်းလာတယ်လို့ သိရပါတယ်။ တင်သွင်းရတဲ့ အကြောင်းရင်းကတော့ အရေးယူထိုက်တဲ့ ပြစ်မှုကျူးလွန်သူ တပ်မတော်သားတွေကို အရေးယူခံရခြင်းမှ မကင်းလွတ်စေဖို့ နဲ့ စစ်စည်းကမ်းထိန်းသိမ်းဖို့အတွက်လို့ ဆိုပါတယ်။

စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်ဟာ နိုင်ငံတကာတပ်မတော် ဥပဒေတွေမှာ တပ်မတော်ရဲ့ လုပ်ငန်းသဘောသဘာဝအရ ထည့်သွင်းထားလို့ ဆိုပါတယ်။ ဥပမာ Royal Brunei Armed Forces Act, 1984 (Art 119)၊ Malaysian Armed Forces Act, 1972 (Art 144)၊ Singapore Armed Forces Act, 1972 (Art 111 (1))၊ American Armed Forces, 1956 (Art 43)၊ The Pakistan Army Act, 1952 (Art 91) နဲ့ The Indian Army Act, 1950 (Art 122 (1)) တို့ ဖြစ်ကြပါတယ်။

လက်ရှိအက်ဥပဒေမှာလည်း စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်ကို ပြဋ္ဌာန်းထားပေမယ့် ပြစ်မှုကျူးလွန်တဲ့ နေ့ရက်မှ ၃ နှစ် အတွင်းသာ စစ်တရားရုံးက စစ်ဆေးစီရင်နိုင်တယ်လို့ ဆိုတာကြောင့် ပြစ်မှုစတင်ကျူးလွန်ချိန် မသိရှိတဲ့ တချို့တပ်မတော်သားတွေအတွက် အရေးယူခံခြင်းမှ ကင်းလွတ်ခွင့်ရနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ၁၉၅၉ ခုနှစ် အက်ဥပဒေရဲ့ ပုဒ်မ ၇၂ အရဆိုရင် တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်တဲ့ အချိန်၊ နိုင်ငံပြင်ပတစ်နေရာကို ရောက်ရှိနေချိန် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကြော်ငြာစာဖြင့် သီးခြားဖော်ပြထားတဲ့ နယ်စပ်စခန်းကို ရောက်ရှိနေချိန်အတွင်း အရပ်သူ/အရပ်သားတွေအပေါ် ကျူးလွန်တဲ့ လူသတ်မှု၊ လူသတ်မှု မမြောက်တဲ့ ရာဇဝတ်ပြစ်ဒဏ်ထိုက်တဲ့ လူသေမှု နဲ့ မုဒိမ်းမှု တွေကိုသာ နယ်ဘက်ရုံးဆီ လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့်လည်း ကျူးလွန်ချိန် မသိရှိတဲ့ တပ်မတော်သားတွေဟာ ကင်းလွတ်ခွင့် ရရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ဥပဒေကြမ်းအနှစ်ချုပ်

ပြင်ဆင်ချက်ဥပဒေကြမ်းကို "အခန်း ၁၀- စစ်တရားရုံးများ" အခန်းရဲ့ "စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်" ခေါင်းစဉ်ခွဲထဲ ပြင်ဆင်ထည့်သွင်းမှာ ဖြစ်ပါတယ်။

ဒီအက်ဥပဒေကို လိုက်နာရသူတစ်ဦးဦးဟာ ပြစ်မှုကျူးလွန်ပြီး သုံးနှစ်ကုန်ဆုံးတဲ့အခါ ပြစ်မှုအတွက် စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ခြင်း မပြုလုပ်ရပါဘူး။ အဲ့ဒီသုံးနှစ်ကို

(က) ပြစ်မှုစတင်ကျူးလွန်တဲ့ နေ့ရက် ဒါမှမဟုတ်

(ခ) ပြစ်မှုကျူးလွန်မှုကို မသိရှိတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိတဲ့ နေ့ရက်တွေအနက်မှ အစောဆုံးနေ့ရက် ဒါမှမဟုတ်

(ဂ) ပြစ်မှုကျူးလွန်သူကို မသိရှိတဲ့အခါ မည်သူပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိတဲ့ နေ့ရက်တွေအနက်မှ အစောဆုံးနေ့ရက် တို့မှ စတင်ရေတွက်ရမှာ ဖြစ်ပါတယ်။

လင့်ခ်များ

ဥပဒေကြမ်:

Royal Brunei Armed Forces Act, 1984

Malaysian Armed Forces Act, 1972

Singapore Armed Forces Act, 1972

American Armed Forces, 1956

The Pakistan Army Act, 1952

The Indian Army Act, 1950

ဆက်သွယ်ရန်

မိုးအောင်၊ အာနန္ဒာ၊ moeaung@theananda.org