< အခန်း(၁) ဖတ်ရှုရန်

အခန်း (၂)

ဘတ်ဂျတ်နှင့် မိတ်ဆက်ခြင်း

ဤအခန်းတွင် -
◉ မူဝါဒဆိုတာ ဘာလဲ။ ဘတ်ဂျတ်ဆိုတာ ဘာလဲ။ ဘတ်ဂျတ်ကို ဘယ်လို ကိုင်တွယ်သလဲ 
◉ ဘတ်ဂျတ်ဆိုတာ ခက်ခဲပွေလီတဲ့ အကြောင်းအရာလို့ မမှတ်ယူသင့်ကြောင်း 
◉  ဘတ်ဂျတ်တွေကို ပြည်သူတွေသိရှိဖို့ရာ  ဘယ်လိုလုပ်ရမလဲ၊ 
◉ ပြည်သူတွေနဲ့ ဘတ်ဂျတ် အကျွမ်းတဝင် တရင်းတနှီးဖြစ်အောင် ဘာတွေ နားလည်ထားရမလဲ စတာတွေကို ဖော်ပြထားပါတယ်။

ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အစိုးရတွေကို ရွေးကောက်ပွဲတွေက တင်မြှာက်စမြဲပါပဲ။ အစိုးရတာဝန်၊ အစိုးရအာဏာကို ထမ်းဆောင်ရယူချင်တဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေအတွက် ဘာတွေ လုပ်ပေးပါ့မယ်ဆိုပြီး ကတိကဝတ်တွေ ပေးတတ်ကြပါတယ်။ ယေဘုယျအားဖြင့် ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်တဲ့ ပါတီရဲ့ ကတိကဝတ်တွေဟာ အစိုးရရဲ့ မူဝါဒတွေ ဖြစ်လာပါတယ်။ အဲဒီ မူဝါဒတွေဟာ သူ့ချည်းသက်သက်ဆိုရင် စကားလုံးတွေပါပဲ။ ဒါပေမယ့် အဲဒီမူဝါဒတွေကို ဥပဒေတွေအဖြစ်၊ စီမံကိန်းတွေအဖြစ်၊ မဟာဗျူဟာတွေအဖြစ်၊ ဘတ်ဂျတ်တွေအဖြစ် ပြောင်းလဲ နိုင်မှသာ သူတို့ရဲ့ ကတိကဝတ်တွေဟာ လက်တွေ့ အကောင်အထည်ပေါ်လာမှာပါ။ ဒါ့ကြောင့် နိုင်ငံရေးပါတီတွေရဲ့ ကတိစကားတွေ၊ အစိုးရရဲ့ မူဝါဒတွေဟာ အသံသာရှိပြီး အဆံမရှိတဲ့ သင်္ကြန် အမြောက်တွေမဖြစ်စေဖို့ အရေးကြီးတာက ငွေပါပဲ။ ငွေမပါရင် ဘာမှမပြီးဘူး၊ ငွေကြောင့်သာ ကမ္ဘာကြီး လည်ပတ်နေ ပါသတဲ့။ ဒီလို ပြောကြဆိုကြတာတွေ ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ တိုးတက်မှုအတွက်ဆိုရင်လည်း ငွေဟာ အချက်အချာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာပါပဲ။ အထူးသဖြင့် ခုလို ခေတ်သစ်ကာလမှာ နိုင်ငံတစ်ခုအတွက် ပထမဆုံး အရေးကြီးတာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင် ဒုတိယ အရေးကြီးတာက ဘတ်ဂျတ်ပဲလို့ ဆိုနိုင်ပါတယ်။ ဘယ်အစိုးရမှ လုံလောက်တဲ့ ဘတ်ဂျတ်မရှိဘဲ မလည်ပတ်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိသမျှသော အစိုးရတွေဟာ သူတို့အတွက် အတည်ပြုပေးထားတဲ့ ဘတ်ဂျတ်ငွေတွေကို သုံးစွဲပြီး ပြည်သူ့ဘဝ တိုးတက်မြင့်မားလာစေရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒတွေကို လက်တွေ့အသွင်ပြောင်းကြရပါတယ်။ အစိုးရဘက်ကကြည့်ရင် သူတို့ရဲ့ မူဝါဒတွေအရ ဘတ်ဂျတ်ကို သုံးစွဲနိုင်ဖို့ ကြိုးစားသလို မဲဆန္ဒရှင် ပြည်သူတွေဘက်က ကြည့်ရင်လည်း ဒီဘတ်ဂျတ်တွေဟာ နိုင်ငံသားအားလုံးရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်းနိုင်ဖို့ လိုလားကြပါတယ်။ လိုရင်းဖြစ်တဲ့ ဘတ်ဂျတ်ဆိုတာ ဘာလဲဆီမသွားခင် မူဝါဒဆိုတာ ဘာလဲဆိုတာကို တစ်ချက် လေ့လာကြည့်ကြရအောင်ပါ။

မူဝါဒ/ပေါ်လစီဆိုတာ ဘာလဲ

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေပါတဲ့။ နိုင်ငံနဲ့ချီလာရင်တော့ ကိုင်တွယ်ဖြေရှင်းစရာ အများပြည်သူရဲ့ ပြဿနာ တွေက မနည်းပါဘူး။ အဲဒီတာဝန်တွေကို ဖြေရှင်းဆောင်ရွက်ဖို့ အဓိက တာဝန်ရှိတာက အစိုးရတွေ ဖြစ်ပါတယ်။ အစိုးရတွေ ဟာ ပြည်သူ့အရေး ပြည်သူ့ကိစ္စတွေကို ဖြေရှင်းရာမှာ ဥပဒေတွေပြုတာ၊ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တာ၊ ဆုံးဖြတ် ချက်ချတာ စသဖြင့် ဆောင်ရွက်ရပါတယ်။ ရာဇဝတ်ပြစ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ နိုင်ငံခြားဆက်ဆံရေး အစရှိတဲ့ ကိစ္စရပ်ပေါင်းများစွာကို ဖြေရှင်းတဲ့အခါ အစိုးရတွေဟာ နယ်ပယ်ကဏ္ဍအလိုက် မူဝါဒတွေ သတ်မှတ်ထားရပါတယ်။ မြန်မာလို မူဝါဒလို့ခေါ်ရင် စာတစ်တန် ပေတစ်တန် အသုံးအနှုန်းဆန်ပေမယ့် အင်္ဂလိပ်စကားလုံးကို အသံဖလှယ်ထားတဲ့ “ပေါ်လစီ” ဆိုတဲ့ ဝေါဟာရကို တော့ လူအများစုက ရင်းနှီးပြီးသားပါ။ ဝက်ဘ်စတားအဘိဓာန်ကြီးကတော့ ပေါ်လစီဆိုတာကို “ရွေးချယ်စရာတွေ အများကြီးရှိတဲ့ထဲကမှ လက်ရှိအနေ အထား ပေးထားချက်တွေရဲ့ ဘောင်အတွင်းကနေ ယခုအတွက်ရော နောင်အတွက်ပါ သတ်သတ်မှတ်မှတ် လုပ်ဆောင်နိုင်ဖို့ အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ်၊ လူတစ်ယောက်က ရွေးချယ်ထားတဲ့ လမ်းစဉ်” လို့ ဖွင့်ဆိုပါတယ်။ အတော်ရှုပ်ထွေးတာ ပဲလို့ ထင်စရာပါပဲ။ တွက်နည်းလေးနဲ့ ပြောရရင်တော့ အောက်ပါအတိုင်းပါပဲ။

“မူဝါဒ = စီစဉ်တကျ သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက် + နေ့စဉ်ဘဝတွေပေါ် သက်ရောက်မှု”

ဘယ်ကိစ္စကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ် ဆိုတာနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်ဘဝကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာကိုပါ ထည့်စဉ်းစားရပါတယ်။ သက်ရောက်မှုမရှိတဲ့ လုပ်ဆောင်ချက်တွေဟာ မူဝါဒကောင်း မမည်ပါဘူး။ သက် ရောက်မှုရှိပေမယ့် တစိုက်မတ်မတ် လုပ်ဆောင်ချက်တွေ မဟုတ်ဘူးဆိုရင်လည်း မူဝါဒရယ်လို့ မခေါ်နိုင်ပါဘူး။ မူဝါဒတွေ ထဲမှာ လက်တလော ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် တုံ့ပြန်တဲ့အနေနဲ့ ချမှတ်ရတဲ့ မူဝါဒတွေ (Reactive Policy) ရှိတတ်ပါတယ်။ ဥပမာပေးရရင် အိုးပိုင်အိမ်ပိုင်မရှိတဲ့ အခြေမဲ့အနေမဲ့တွေအတွက် အတည်တကျဖြစ်အောင် အလုပ် အကိုင်စီစဉ်ဖန်တီးပေးတာ၊ နေစရာ အိမ်ခန်းတွေ ငှားရမ်းပေးတာ စသဖြင့် လုပ်ဆောင်တာမျိုးပါ။ နောက်တစ်မျိုးကတော့ နောင်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုတင်စီမံထားတဲ့ မူဝါဒမျိုး (Proactive Policy) တွေပါပဲ။ ဥပမာ ပြရရင်တော့ လက်ရှိအသုံးပြုနေတဲ့ကားတွေဟာ အင်ဂျင်ကျပြီး မီးခိုးငွေ့တွေနဲ့ လေထုညစ်ညမ်းမှု ဖြစ်လာမယ်ဆိုရင် ပိုပြီး မော်ဒယ်မြင့်တဲ့ ကားတွေကို အစားထိုး ဝယ်ယူခွင့်ပြုတာမျိုးပါ။ မူဝါဒတွေ ပေါ်လစီတွေ ချမှတ်ရတဲ့လုပ်ငန်းက သုံးဆင့်ရှိပါတယ်။ ပထမဆုံးက ဘယ်အပိုင်းကို မူဝါဒချမှတ် ကိုင်တွယ်ရမယ်ဆိုတာ ရွေးချယ်ရတာပါ။ အင်္ဂလိပ်လို Agenda Setting လို့ခေါ်ပါတယ်။ နောက်တစ်ဆင့်ကတော့ ဘယ်လို ရွေးချယ်စရာတွေ ရှိမလဲဆိုတာကို ဖော်ထုတ်ရတာ (Option Formulation) လုပ်ရတာပါ။ နောက်ဆုံးအပိုင်းကတော့ ချမှတ်ရေးဆွဲလိုက်တဲ့ ပေါ်လစီအတိုင်း အကောင်အထည်ဖော်ရတာ (Implementation) ပါပဲ။ ဒီတော့ မူဝါဒတစ်ခု ဖြစ်လာ ဖို့ဆိုရင် ရက်သတ္တပတ်တချို့ ကြာတာ ဖြစ်နိုင်သလို၊ တချို့ပေါ်လစီတွေ ဖြစ်လာဖို့တော့ နှစ်ချီကြာမြင့်ပါတယ်။ မူဝါဒတစ်ခု ခုမှတ်တဲ့နေရာမှာ အမြဲတမ်း မပါမဖြစ် အစိတ်အပိုင်းသုံးခု ရှိပါတယ်။ အဲဒါတွေကတော့ “ပြဿနာ၊ ပါဝင်ပတ်သက်သူနဲ့ ပေါ်လစီ” ဆိုတဲ့ ပ,သုံးလုံး ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က ပေါ်လစီတွေ ချပြီဆိုရင် မဲဆန္ဒရှင် ပြည်သူတွေအတွက် ဖြစ်ဆဲ ဖြစ်လတ္တံ့သော ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။ ပေါ်လစီအလိုက် ပြည်သူတစ်ရပ်လုံး ယေဘုယျအားဖြင့် သက်ဆိုင်နေတဲ့ ပေါ်လစီတွေရှိသလို၊ အုပ်စုတစ်ခု၊ လူတန်းစားအလွှာတစ်ခုကို ပိုပြီး သက်ရောက်စေတဲ့ ပေါ်လစီများလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လစီတွေဟာ ပြည်သူတွေပေါ် အနည်းနဲ့အများ သက်ရောက်နေတာ ချည်းပါပဲ။ ဒါ့ကြောင့်မို့ နိုင်ငံသားပြည်သူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မူဝါဒတွေ၊ ပေါ်လစီတွေအဖြစ် ရောက်ရှိဖို့အတွက် အစိုးရဆီမှာ တိုက်တွန်းအရေးဆိုကြပါတယ်။ တိုက်ရိုက်အရေးဆိုတာ၊ သက်ဆိုင်ရာ ဒေသအလိုက် အစိုးရတာဝန်ရှိသူတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေကတစ်ဆင့် တင်ပြတာရှိသလို၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ မီဒီယာတွေ ကနေ အစိုးရနားပေါက်အောင် လုပ်ရတာတွေလည်း ရှိပါတယ်။ ဒါတွေဟာ အစိုးရရဲ့ ပေါ်လစီ/မူဝါဒတွေကို ဖန်တီးရေးဆွဲ ရာမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ပြည်သူတွေဟာ ပေါ်လစီတွေရဲ့ မြစ်ဖျားခံရာတွေထဲမှာ ပါဝင်သလို၊ မီဒီယာတွေဟာလည်း ပြည်သူတွေရဲ့ လိုလားတင်ပြချက်တွေ၊ တောင်းဆိုသံတွေကို ပိုမိုပြတ်သားစုံလင်အောင် ကူညီပံ့ပိုးရသူ တွေ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် မူဝါဒ/ပေါ်လစီတွေ ဘယ်လောက်အရေးပါတယ်ဆိုတာ ရှင်းလင်းသိသာလောက်ပါပြီ။ ဒါပေမယ့် ပေါ်လစီတစ်ခု ကောင်းဖို့၊ အလုပ်ဖြစ်ဖို့ဆိုတာက ရေးဆွဲမှုဖြစ်စဉ်မှာ ပါဝင်သူတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ပေါ်လစီ ရေးဆွဲသူတွေရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေကြောင့် တချို့ပေါ်လစီတွေဟာ ခုတ်ရာတခြား ရှရာတစ်လွဲ ဖြစ်နိုင်ကြပါတယ်။ (ဒါနဲ့ပတ်သက်လို့ ဖတ်ရှုလေ့လာ ဆွေးနွေးစရာအဖြစ် ဖြစ်ရပ်လေ့လာမှု (ဂ) ထဲမှာ နမူနာတစ်ခုကို ဖော်ပြထားပါတယ်)

ဖြစ်ရပ်လေ့လာမှု (ဂ)
အမေရိကန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒ
ဥပမာတစ်ခုအဖြစ် အမေရိကန်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒနဲ့ပတ်သက်လို့ အနည်းငယ် မိတ်ဆက်ပေး ပါရစေ။ ၁၉၉၃ ခုနှစ်က သမ္မတ ဘီလ်ကလင်တန်က အမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေအတွက် အမျိုးသားအဆင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ထူထောင်ဖို့ရာ မူဝါဒတစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါတုန်းက အမေရိကန်ဖက်ဒရယ်အစိုးရဟာ ကျန်းမာရေး အာမခံထားရှိသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့၊  အရည်အသွေးကောင်းမွန်တဲ့ ကျန်းမာရေးအာမခံတွေ ရရှိနိုင်အောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ကျန်းမာရေးအာမခံပေးတဲ့ ကုမ္ပဏီတွဘက်ကလည်း မျှတတဲ့ဈေးနှုန်းနဲ့ ကျန်းမာရေးအာမခံ အမျိုးအစားတွေ ထားရှိပေးဖို့ဆိုတဲ့အချက်တွေကို ဌာပနာထားပြီး မူဝါဒ ရေးဆွဲခဲ့ပါတယ်။

အဲဒီလို မူဝါဒရေးဆွဲရာမှာ လော်ဘီအဖွဲ့တွေနဲ့ နိုင်ငံရေးသမားတွေပါ ပါဝင်ခဲ့ပေမယ့် ဥပဒေပြုအမတ်တွေက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ဥပဒေတွေမှာ ပြဋ္ဌာန်းချက်တချို့ကို အပြောင်းအလဲလုပ်ခဲ့တာကြောင့် နောက်ဆုံးမှာ ဒီမူဝါဒဟာ အသက်မဝင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ သမ္မတ ဘားရက်အိုဘားမား ရွေးကောက်ခံရတဲ့နောက်မှသာ တန်ဖိုးသင့် ကျန်းမာရေး စောင့်ရှောက်မှုအက်ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။ အဲဒီ ဥပဒေအရ အမေရိကန် နိုင်ငံသား တိုင်း ကျန်းမာရေးအာမခံ ထားရှိဖို့အတွက် သူတို့လက်လှမ်းမီတဲ့ ငွေကြေးပမာဏ ဖြစ်လာပါတယ်။ အဲဒီအခါမှာ ကျန်းမာရေးအာမခံကုမ္ပဏီတွေဟာ အရင်တုန်းက ဘူးဆို ဖရုံမသီးဘဲ ငြင်းဆိုခဲ့တဲ့ နာမကျန်းဖြစ်နေတဲ့ ကလေး ငယ်တွေ၊ ပင်ကိုယ်ထဲက နာမကျန်းဖြစ်နေတဲ့သူတွေအတွက် ကျန်းမာရေးအာမခံတွေ ပေးလာရပါတော့တယ်။ ကလင်တန်လက်ထက်က စကြိုးစားခဲ့တဲ့ မူဝါဒတစ်ရပ်ဟာ နောက်ဆုံး ၂၀၁၄ ခုနှစ်ရောက်မှသာ လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ မူဝါဒတစ်ခုအဖြစ် အသက်ဝင်လာပါတယ်။
မူဝါဒတွေနဲ့ပတ်သက်လို့ ပညာရပ်ဆိုင်ရာအဆောက်အအုံအရ စနစ်တကျလေ့လာတာက ၁၉၂၂ ခုနှစ်မှ စတင်ခဲ့ တာပါ။ ချားလ်စ်မယ်ရီယမ်ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ယောက်က နိုင်ငံရေးသီဝရီတွေနဲ့ လက်တွေ့ဘဝကို ချိတ်ဆက် ထားတဲ့ သော့ချက်ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ ပြည်သူ့ရေးရာမူဝါဒ/ပေါ်လစီ တွေနဲ့ပတ်သက်လို့ ပညာရပ်ဆိုင်ရာ လေ့လာတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြည်သူ့ရေးရာ မူဝါဒတွေကို လေ့လာသူတွေဟာ အစိုးရတွေရဲ့ စီမံခန့်ခွဲပုံ၊ ကွပ်ကဲအုပ်ချုပ်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံတွေကို လေ့လာကြသလို၊ နယ်ပယ်အားဖြင့်တော့ စီးပွားရေး၊ စီမံကိန်း အကဲဖြတ်သုံးသပ်မှု၊ လူမှုဗေဒ၊ နိုင်ငံရေး ဘောဂဗေဒ၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု စသဖြင့် နယ်ပယ်စုံကို ချဉ်းကပ်သုံးသပ် ခဲ့ကြပါတယ်။ ဒါလောက်ဆိုရင် မူဝါဒလို့ခေါ်တဲ့ ပေါ်လစီတွေအကြောင်း စေ့ငုမိလောက်ပြီ ဖြစ်ပါတယ်။

ဘတ်ဂျတ်ဆိုတာ ဘာလဲ

မူဝါဒ/ပေါ်လစီဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းဖော်ပြခဲ့တာကတော့ ဘတ်ဂျတ်ဟာ ပေါ်လစီ/မူဝါဒတွေကို လက်တွေ့အကောင်အထည် ဘယ်လိုဖော်တယ်ဆိုတာ မြင်ရနိုင်တဲ့ နည်းလမ်းဖြစ်လို့ပါပဲ။ တိတိကျကျပြောရရင် အစိုးရ ဘတ်ဂျတ်ဆိုတာဟာ နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း နိုင်ငံတစ်ခုရဲ့အစိုးရက ကျခံသုံးစွဲမယ့် ငွေပမာဏ၊ ဝင်လမ်းရှိတဲ့ ငွေပမာဏတွေကို ခန့်မှန်းတွက်ချက်ထားသည့် ငွေစာရင်းပါပဲ။
ပုံမှန်အားဖြင့်တော့ နိုင်ငံတစ်နိုင်ငံအတွက် ဘတ်ဂျတ်ကို တစ်နှစ်တစ်ခါ တွက်ချက်လေ့ရှိကြပါတယ်။ အဲဒီ တစ်နှစ် ဆိုတဲ့ကာလကလည်း သာမာန်ပြက္ခဒိန်ထဲက နှစ်တစ်နှစ်လို ဇန်နဝါရီလမှာစပြီး ဒီဇင်ဘာလတွင် ဆုံးသွားတာလည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် ဒီနှစ် မေလမှာစပြီး နောက်နှစ် ဧပြီလမှာ ဆုံးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လမှာပဲစစ ဘတ်ဂျတ် တစ်ခုရဲ့ သက်တမ်းက ၁၂ လ ဒါမှမဟုတ် တစ်နှစ်ပါပဲ။ အဲဒီအပိုင်းအခြားကိုပဲ ဘဏ္ဍာနှစ် ဒါမှမဟုတ် ဘဏ္ဍာရေးနှစ်လို့ ခေါ်ကြပါတယ်။ ဘတ်ဂျတ်ဆိုတဲ့ စကားလုံးက မြန်မာစကားထဲမှာတောင် တွင်ကျယ်နေပြီးသားပါ။ ဘတ်ဂျတ်လို့ဆိုလိုက်ရင် မူလ အင်္ဂလိပ်ဝေါဟာရလို့ ထင်စရာရှိပေမယ့် တကယ်တမ်းကျတော့ ပြင်သစ်ဝေါဟာရ “Bougette” ဆိုသည့် စကားလုံးက စခဲ့တာဖြစ်ပါတယ်။ Bougette ဆိုတဲ့စကားလုံးရဲ့ မြန်မာလို အဓိပ္ပါယ်ကတော့ “အိတ်အကြီးကြီး” ပါတဲ့။ ဆိုလိုတာက သုံးစရာရှိရင်လည်း အိတ်အကြီးကြီးထဲက နှိုက်၍ သုံးရမယ်။ အဲဒီအိတ်အကြီးကြီးထဲကိုပဲ ထည့်စရာရှိတာတွေလည်း ထည့်ရမယ်ဆိုတဲ့ သဘောပါပဲ။ ဘယ်နိုင်ငံမဆို အစိုးရက အများပြည်သူကောင်းစားရေးအတွက် ကျခံသုံးစွဲရတဲ့ ဘဏ္ဍာငွေပမာဏတစ်ခုတော့ ရှိတာချည်းပါပဲ။ သမိုင်းတစ်လျှောက်မှာလည်း အဲဒီလို ဘဏ္ဍာငွေ သတ်သတ်မှတ်မှတ် ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ ဘဏ္ဍာတော်ကို ဘယ်သူကိုင်မလဲဆိုတဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲက ပုဂ္ဂိုလ် တွေနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ထဲက ပုဂ္ဂိုလ်တွေက ဘဏ္ဍာတော်ကို သူကိုင်သင့် ငါကိုင်သင့် အငြင်းပွားကြရာက ဒီနေ့ခေတ်လို အစိုးရဘတ်ဂျတ်နဲ့ပတ်သက်တဲ့ စနစ်ယန္တရားတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း ဇာတ်ကြောင်း နည်းနည်းငယ်လှန်ရရင်တော့ အင်္ဂလန်ပြည်မှာ မြေပိုင်ရှင်ခေတ်က ဘုရင်တွေ၊ မင်းညီ မင်းသားတွေက သူတို့ကို မြေပိုင်ရှင်ကြီးတွေ ဆက်သလာတဲ့ ပဏ္ဏာတော်တွေကို တိုက်ရိုက် လက်ခံနေရုံပါပဲ။ ဒါပေမယ့် မြေပိုင်ရှင်စနစ် နိဂုံးချုပ်သွားတဲ့အချိန်မှာ နိုင်ငံသားတွေက အခွန်တော်ထမ်းလာရပါတယ်။ အဲဒီအခွန်တော်ကို ဘုရင်နှင့် တကွ မင်းညီမင်းသား၊ နယ်စားနယ်ပိုင်တွေက သူတို့ ကောက်ချင်သလောက် ကောက်တယ်။ လွှတ်တော်ကလည်း နေပါလေ့စေဆိုပြီး မျက်နှာလွှဲထားပါတယ်။ ဒါပေမယ့် နောက်ဆုံး ၁၇ ရာစုအတွင်းမှာ တော်လှန်ရေးတစ်ခု ပေါ်လာခဲ့ ပြီးတော့ အခွန်ကောက်ခံမှုကိုရော၊ ကောက်ခံရရှိထားတဲ့ ဘဏ္ဍာတော် သုံးစွဲမှုကိုပါ စည်းနဲ့ဘောင်နဲ့လုပ်ဖို့ အဲဒီခေတ် လွှတ်တော် (ဥပဒေပြုရေး) က စပြီးတော့ တင်းကြပ်လိုက်ပါတော့တယ်။ ဒါ့ကြောင့်လည်း အစိုးရက စီမံကိုင်တွယ် ကောက်ခံ သုံးစွဲရမယ့် ငွေကြေးနဲ့ပတ်သက်လို့ အစိုးရနဲ့ လွှတ်တော်ကြား၊ တစ်နည်းပြောရရင် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြား အခြေအတင် အငြင်းပွားမှုလေးတွေက ပြင်သစ်၊ အမေရိကန် အစရှိတဲ့ နိုင်ငံတွေမှာ သူ့နည်းသူ့ဟန် ရှိခဲ့ကြ ပါတယ်။ အဲဒီလို ခေတ်အဆက်ဆက်မှာ ပြည်သူတွေရဲ့ အခွန်တွေကို အစိုးရက ကောက်ခံတာ၊ သုံးစွဲတာနဲ့ ပတ်သက်လို့ ရှိခဲ့တဲ့ သမိုင်းနောက်ခံတွေကြောင့် ဒီနေ့ခေတ် အစိုးရဘတ်ဂျတ်ကို ကြည့်လိုက်ရင် အင်မတန် ရှုပ်ထွေးများမြောင်တယ်လို့ ထင်စရာရှိတဲ့ အဆင့်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားပြီး၊ ထူးခြားဆန်းပြားတဲ့ အခေါ်အဝေါ်တွေနဲ့ ခြယ်မှုန်းထားတာ မြင်ရ မှာပါ။ ဒီတော့ ပြန်ချုပ်ရရင် ဘတ်ဂျတ်ဆိုတာဟာ အစိုးရတစ်ရပ်ရဲ့ မူဝါဒတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ဘယ်လို “လက်တွေ့” အကောင်အထည်ဖော်မယ်ဆိုတာ မြင်ရနိုင်တဲ့ စာရွက်စာတမ်းတစ်ခုပါပဲ။ အဲဒီလို ဘတ်ဂျတ်တစ်ခုကို နှစ်စဉ်အစိုးရက ရေးဆွဲတဲ့အခါ စဉ်းစားရတဲ့အပိုင်းနှစ်ခု ရှိပါတယ်။ ပထမ တစ်ပိုင်း ကတော့ နိုင်ငံရေးအပိုင်းပါပဲ။ ဘတ်ဂျတ်ကို ကိုင်တွယ်အသုံးပြုရမယ့် အစိုးရတွေဟာ နိုင်ငံသားပြည်သူတွေက တင်မြှောက် ထားတာဖြစ်လို့ ကိုယ်စားပြုမှုအရ သူတို့ အာမခံထားတဲ့ နိုင်ငံရေးကတိကဝတ်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ “နိုင်ငံရေး အရ” ချဉ်းကပ်စဉ်းစား ရေးဆွဲကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ အဲဒီလို နိုင်ငံရေးအရ လုပ်ချင်သော်လည်းပဲ လက်တွေ့ အစိုးရရဲ့ ဗျူရိုကရေစီယန္တရားကြီးမှာ လက်ခံထားပြီးသား လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအပ်စပ်ဖို့၊ လက်တွေ့နဲ့ မကင်းကွာဖို့အတွက်ကို သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်တဲ့ ပြည်သူ့ဝန်ထမ်းတွေက “နည်းနာပိုင်းအရ” ချဉ်းကပ် ပုံဖော်ရေးဆွဲကြရပါတယ်။ အဲဒီအခါမှာ အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ငံရေးသမားတွေက ဦးစားပေး ရွေးချယ်ထားတာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းတွေက ဘယ်ဟာကတော့ ဘယ်လောက် ကုန်ကျမယ်၊ ဘယ်နေရာတွေက ငွေဝင်လမ်း ဘယ် လောက်ရှိတယ်၊ ဘယ်နည်းလမ်းတွေ ရွေးချယ်လို့ ရနိုင်တယ်၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို အကြံပြု တင်ပြကြရပါတယ်။ သူတို့က နည်းနာပိုင်းအရ အကြံဉာဏ်ပေးကြဖို့သာ တာဝန်ရှိတာပါ။ တကယ်တမ်း ဘယ် အပိုင်းမှာ နိုင်ငံတော်ဘဏ္ဏာကို ဘယ်လောက်သုံးမယ်ဆိုတာကတော့ နိုင်ငံရေးရာထူးရှိသူတွေကသာ အဆုံးအဖြတ်ပေးကြ ရတာ ဖြစ်ပါတယ်။ အရာရှိတွေက ကျွမ်းကျင်ရာ လိမ္မာရာ ပေးကြတဲ့အကြံဉာဏ်တွေပေါ်မူတည်ပြီး ရွေးကောက်ခံ နိုင်ငံရေး သမားတွေက ဆုံးဖြတ်ကြရတာ ဖြစ်ပါတယ်။ (ဒီထက် ပိုပြီးအသေးစိတ်ကျတာတွေကိုတော့ နောက်လာမယ့်အပိုင်းများမှာ ဖတ်ရှုနိုင်ပါတယ်။)

ရည်ညွှန်းချက်များ