အခန်း (၁)
နိဒါန်း
ဤအခန်းတွင် -
◉ အချက်အလက်အခြေပြုသတင်းအတတ်ပညာနှင့် ဘတ်ဂျတ်တို့၏ ဆက်စပ်ပုံ
◉ ကိန်းဂဏန်းအချက်အလက်များကို ထိရောက်စွာ ကိုင်တွယ်အသုံးပြုနိုင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ဖြစ်ရပ်၊ အကြောင်းအရာတို့ကို ရှုထောင့်သစ်တစ်ခုမှ သတင်းများ၊ သတင်းဆောင်းပါးများအဖြစ် တင်ဆက်နိုင်ပုံ
◉ သတင်းသမားများအနေဖြင့် ကိန်းဂဏန်းအချက်အလက်များမှ သတင်းအကြောင်းရာများ ဖန်တီးထုတ်ယူနိုင်ခြင်း၏ အရေးကြီးပုံတို့ကို လေ့လာဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
အချက်အလက်အခြေပြု သတင်းရေးသားခြင်းဆိုတာ ဘာလဲ
အချက်အလက်အခြေပြု သတင်းရေးသားခြင်းဆိုမှတော့ သတင်းတွေကို ကိန်းဂဏန်းအချက် အလက်တွေသုံးပြီး ရေးသားတင်ဆက်ခြင်းလို့ပဲ ရိုးရိုးရှင်းရှင်း ပြောရတော့မှာပါပဲ။ ဒါပေမယ့် ဒီလိုပြောရုံနဲ့ မျက်စိထဲ သိပ်ပေါ်ဦးမယ်တော့ မဟုတ်ဘူးပေါ့။ ပြောရရင် “ကိန်းဂဏန်းအချက်အလက်”ဆိုတဲ့ စကားလုံးကရော၊ “သတင်းအတတ်ပညာ” ဆိုတဲ့ စကားလုံး နှစ်ခုလုံးက နက်နဲသိမ်မွေ့တဲ့ ဝေါဟာရတွေပါပဲ။ ယေဘုယျအားဖြင့် ကိန်းဂဏန်း အချက်အလက်လို့ ဆိုလိုက်ရင် သင်္ချာ ကိန်းဂဏန်းတွေ၊ နံပါတ်တွေ၊ ဒသမကိန်းတွေ၊ ရာခိုင်နှုန်းတွေ ပါဝင်တဲ့ ဇယားကွက်ကြီးတွေ မျက်စိထဲ ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် သတင်းတွေ ဖတ်တဲ့အခါ များသောအားဖြင့် တွေ့ရတတ်တဲ့ ကိန်းဂဏန်းတွေကတော့ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တစ်လျှောက် …”၊ “ပြစ်မှုကျူးလွန်သူ သုံးဦးအနက် တစ်ဦးသည် ...” စသဖြင့် သာမာန်ကိန်း ဂဏန်းတွေကိုပဲ ဖော်ပြ ကြတာပါ။ ဒါပေမယ့် ခေတ်ကြီးက ပြောင်းလဲလာခဲ့ပြီ။ ကွန်ပျူတာ၊ ဆက်သွယ်ရေး နည်းပညာနဲ့ ဒီဂျစ်တယ်နည်းပညာ တွေရဲ့ အကူအညီနဲ့ အရာရာကို အလွယ်တကူတွက်ချက်နိုင်၊ ကိန်းဂဏန်းစာရင်းဇယားတွေ တွက်ယူနိုင်စွမ်းဟာ အရင် ကထက် ပိုမိုလွယ်ကူ လာပါတယ်။ အချက်အလက် အခြေပြု သတင်းပညာနဲ့ပတ်သက်လို့ စကားဆက်ရရင်တော့ ဒီပညာက တခြားပုံမှန်တမ်း သတင်း အတတ်ပညာနဲ့ ဘယ်နေရာမှာ ကွာခြားသလဲလို့ မေးခွန်းပေါ်လာနိုင်ပါတယ်။ သတင်းသမားတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ သတင်းကို အနံ့ခံနေရပါတယ်။ ဘာတွေ ထူးသလဲ။ ဘာတွေ ဖြစ်ပျက်သွားပြီလဲဆိုပြီး သတင်းကို အနံ့ခံလိုက်ရာကနေ ရေးသားတင်ဆက်နိုင်တဲ့ သတင်းတွေက ယေဘုယျအားဖြင့် သိပ်ပြီး ကွဲပြားကြလေ့ မရှိပါဘူး။ အဲဒီလို သတင်းအနံ့ခံတဲ့ နေရာမှာ ကိန်းဂဏန်းအချက်အလက်တွေကို ထိထိရောက်ရောက် ထည့်သွင်းအသုံးပြုနိုင်မယ်ဆိုရင်တော့ တခြား သတင်း ရေးသားဖော်ပြ တင်ဆက်မှုတွေနဲ့ တစ်မူကွဲ ထူးကဲတဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။
ဖြစ်ရပ်လေ့လာမှု (က)
အန်ဒရီယန် ဟိုလိုဗတီဆိုတဲ့ ပုဂ္ဂိုလ်ဟာ ၁၉၈၁ ခုနှစ်မှာ ဖွားမြင်တဲ့ ယူကရိန်း-အမေရိကန်သွေးနှောတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်မှာ ကြီးပြင်းပြီး ၂၀၀၁ ခုနှစ်မှာ မစ်ဆိုရီ သတင်းစာပညာကျောင်းကို တက်ရောက်အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာ The Atlanta Journal-Constitution၊ Lawrence Journal-World နဲ့ The Washington Post သတင်းဌာနတွေမှာ သတင်း ထောက်အဖြစ်နဲ့ web developer အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ဟိုလိုဗတီဟာ chicagocrime.org ဆိုတဲ့ အင်တာနက်စာမျက်နှာတစ်ခုကို လွှင့်တင်ခဲ့ ပါတယ်။ ရည်ရွယ်ချက်ကတော့ ချီကာဂိုရဲဌာနမှာရှိတဲ့ မှုခင်းဆိုင်ရာသတင်းအချက်အလက်တွေကို Google မြေပုံပေါ်မှာ ပေါင်းထည့်ပြီး ဖော်ပြနိုင်ဖို့ပါပဲ။ ဒီအချက်အလက်တွေကြောင့် အဲဒီဒေသမှာနေထိုင်သူတွေက သတင်း အချက်အလက်တွေကို အလွယ်တကူ ကြည့်ရှုကိုးကားနိုင်လာကြပါတယ်။ ဒါ့ကြောင့်လည်း သူဟာ ၂၀၀၅ ခုနှစ် ဘတ်တန် သတင်းအတတ်ပညာ ဖန်တီးဆန်းသစ်မှုဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ နယူးယောက်တိုင်း သတင်းစာ ကြီးကလည်း သူ့ကြိုးစားမှုကို ၂၀၀၅ ခုနှစ်ရဲ့ အကောင်းဆုံးစိတ်ကူးအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Chicago Tribune နဲ့ the Chicago Sun-Times သတင်းဝက်ဘ်ဆိုက်တွေကပါ သူ့ရဲ့ ဝက်ဘ်ဆိုက်နဲ့ ပူးပေါင်းလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူ့ဝက်ဘ်ဆိုက်ကို EveryBlock လို့ခေါ်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုအဖြစ် တိုးချဲ့ခဲ့ပါတယ်။ ဒီအချက်အလက်အခြေပြု သတင်းအတတ်ပညာကို အသုံးပြုပြီး သာမာန်သတင်းအပိုင်း အစလေးတစ်ခုကစလို့ ကြီးမားဆက်စပ်နေတဲ့ သတင်းဝက်ဘ်ဆိုက်ကြီးတွေထိ အရွယ်အစား အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရေးသားနိုင်ပါတယ်။ ဥပမာ - အမေရိကန်လူမျိုးသတင်းသမားတစ်ဦး ဖြစ်တဲ့ အန်ဒရီယန် ဟိုလိုဗတီ ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ အားထုတ်မှုကို ဖြစ်ရပ်လေ့လာမှု (က) ထဲမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီလို ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံပြီး သတင်းတွေ ရေးသားတင်ဆက်ရာမှာ ပိုမိုထိရောက် မြင်သာစေဖို့ ရုပ်ပြပုံတွေ၊ ဂရပ်ဖ်တွေနဲ့ ဆင်ယင်ထားတဲ့ ကိန်းပုံကားချပ် (Infographics) တွေကိုလည်း သုံးစွဲကြပါတယ်။
ပုံ ၁
ပုံ (၁) ကိုကြည့်ရင် ၂၀၁၈ ခုနှစ်အတွင်းက အာရှနိုင်ငံတွေထဲမှာ တိုးပွားနေတဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို နှိုင်းယှဉ်မြင်ရနိုင်မှာ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး ဝေဆာ လှပအောင်လုပ်ထားတဲ့ ကိန်းပုံ ကားချပ်တွေကိုလည်း နိုင်ငံတကာမီဒီယာတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြု နေကြပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေကို ရုပ်ပုံသေတွေအနေနဲ့ ပုံဖော်ဖန်တီးနိုင်တဲ့အပြင် ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ တို့ထိကြည့်လိုက်ရုံနဲ့ လှုပ်ရှားသက်ဝင်တဲ့ဂရပ်ဖစ်ရုပ်ပုံတွအဖြစ် ဖန်တီးလို့လည်း ရနိုင်ပါတယ်။ အစိုးရအဖွဲ့တစ်ခုရဲ့ အသုံး စရိတ်နဲ့ အခွန်ကောက်ခံမှုတွေဟာ လူတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ဖို့ ဆိုရင်လည်း အချက်အလက်အခြေပြု သတင်းအတတ်ပညာက ကူညီနိုင်ပါတယ်။ ဒီလို ဆိုရင် ကိန်းဂဏန်းအချက်အလက်တွေဟာ အချက်အလက် အခြေပြု သတင်းအတတ်ပညာအတွက် အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကိန်းဂဏန်းအချက် အလက်တွေဟာ သတင်းအတတ် ပညာအတွက် နည်းလမ်းကိရိယာ လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တခြား သတင်းရင်းမြစ်တွေလိုပဲ ကိန်းဂဏန်းအချက်အလက်တွေကို သံသယစိတ်နဲ့ သတိနဲ့ ဆက်ဆံရမှာဖြစ်သလို၊ ကိန်းဂဏန်းအချက် အလက်တွေကို နည်းလမ်းကိရိယာတွေအနေနဲ့ အသုံးပြုမယ်ဆိုရင် လည်း သတင်းတွေကို ဘယ်လိုပုံဖော်မလဲ၊ သတင်းအကြောင်းအရာကို ဘယ်လို ဘောင်ကန့်မယ်ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်။
အချက်အလက်အခြေပြု သတင်းရေးသားခြင်းနဲ့ ဘတ်ဂျတ်ဆက်စပ်မှု
“ဘတ်ဂျတ်”ဆိုတဲ့ စကားလုံးက သာမန်ပြည်သူတွေ၊ သတင်းစာဖတ်သူတွေအတွက် သိပ်ပြီး တရင်းတနှီး မဟုတ်ဘူးဆိုရင်တောင် သိပ်ပြီး စိမ်းလှတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီစကားလုံးကိုပဲ မြန်မာစကားနှင့် “ရသုံးမှန်းခြေငွေစာရင်း”လို့ ပြောလိုက်ရင်တော့ အတော်လေး ငြီးငွေ့စရာ ဖြစ်သွားပါတယ်။ ကိန်းဂဏန်း အပြွတ်လိုက်နဲ့ ရာခိုင်နှုန်းတွေ အကြောင်းကို သတင်းတွေထဲမှာ ထည့်သွင်းရေးသားတဲ့အခါ ပရိသတ်တွေဟာ ငါးသိုင်းများ ဟင်းဟုန် ဆိုသလို အချက်အလက်တွေများလေ၊ မမှတ်မိနိုင်တော့လေဖြစ်ပြီး ကျော်သွား၊ ခွသွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အိတ်ကပ်ထဲမှာ တစ်နေ့တာအသုံးစရိတ် ဘယ်လောက်ထည့်လာမိလဲ၊ တစ်လစာ အသုံးစရိတ် အတွက် ငွေကျန်ဘယ်လောက် ရှိသေးသလဲ၊ ဘယ်သူ့ကို ဘယ်လောက် ပေးစရာရှိ၊ ဘယ်သူ့ဆီက ဘယ်လောက်ရဖို့ရှိပြီး၊ ဘာတွေဝယ်ခြမ်းရဦးမလဲ ဆိုတာကိုတော့ လူတိုင်းက သတိထားနေကြတာပါပဲ။ အိမ်ထောင်နှင့် မိသားစုနှင့် ဖြစ်နေသူတွေ အဖို့တော့ ဝင်ငွေထွက်ငွေကို မျှမျှတတ စီစဉ်နိုင်တာဟာ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်တာလို့ လက်ခံကြပါတယ်။ ဒီနည်းတူပါပဲ။ နိုင်ငံတစ်ခုမှာ အစိုးရက နိုင်ငံသားတွေအတွက် ဘယ်ကိစ္စတွေကို ကုန်ကျခံ သုံးစွဲသလဲ၊ အဲဒီအတွက် ဘယ်ကဏ္ဍတွေက ဝင်ငွေပမာဏ ဘယ်လောက်ရှိနေလဲဆိုတာ အရေးကြီး ပါတယ်။ အထူးသဖြင့် နိုင်ငံသားတွေကို နိုင်ငံတော် အာဏာရဲ့ မူလရင်းမြစ်၊ မူလပိုင်ရှင်တွေလို့ လက်ခံထားတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတော့ နိုင်ငံ့ဘတ်ဂျတ်ဆိုတာ ပြည်သူတွေ အသိသင့်ဆုံး အကြောင်းအရာတစ်ခုပါပဲ။ အချို့ပညာရှင်များကဆိုရင် နိုင်ငံတစ်ခုမှာ ပထမ အရေးအကြီးဆုံးက ဖွဲ့စည်းပုံ ဥပဒေဆိုရင် ဒုတိယအရေးအကြီးဆုံးက နိုင်ငံတော်ဘတ်ဂျတ်လို့ ဆိုကြပါတယ်။
ဒီတော့ သတင့်သမားတစ်ယောက်အနေနဲ့ မီဒီယာတစ်မျိုးမျိုးမှာ နိုင်ငံတော်ဘတ်ဂျတ် အကြောင်း၊ နိုင်ငံတော်ရဲ့ နှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းတွေကို ရေးသားတင်ပြဖို့ လိုအပ်လာလျှင်
- ဘယ်ကစပြီး ဘယ်လိုနားလည်နိုင်မလဲ။
- ဘတ်ဂျတ်နဲ့ပတ်သက်လို့ ဥပဒေလုပ်ထုံးလုပ်နည်းများက ဘယ်သို့ရှိသလဲ။
- ဘယ်ဝေါဟာရတွေကို ဘယ်လိုသုံးသလဲ။
- အဲဒီကိန်းဂဏန်းအချက်အလက်တွေကို ဘယ်လိုခွဲထုတ်နိုင်သလဲ။ ဘယ်လိုသုံးသပ် တင်ပြနိုင်သလဲ။
- ကိန်းဂဏန်းအချက်အလက်တွေကို ဘယ်ကရနိုင်မလဲ စတာတွေကို အခြေခံကျကျ နားလည်ထားပြီးဖြစ်ဖို့ လိုပါတယ်။
ဘတ်ဂျတ်နဲ့ပတ်သက်လို့ အခန်း(၂) မှာ အသေးစိတ်ဆက်လက်ရှင်းပြဖို့ ရှိသေးပေမယ့် ဘတ်ဂျတ်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေဟာ ခိုင်မာတဲ့ တရားဝင်တဲ့၊ ကိန်းဂဏန်းတွေ ဖြစ်တာသေချာတာမို့ ဘတ်ဂျတ်နဲ့ပတ်သက်တဲ့ သတင်းရေးသားတဲ့အခါ အချက်အလက် အခြေပြု သတင်းအတတ်ပညာနဲ့ဆိုရင် မဲဆန္ဒရှင်နိုင်ငံသား စာဖတ်ပရိသတ်တွေ အတွက် အများကြီး အကျိုးရှိမှာပဲ ဖြစ်ပါတယ်။
ဘတ်ဂျတ်သတင်းရေးသားခြင်းဓလေ့နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်း
နိုင်ငံတကာ မီဒီယာတွေမှာတော့ အစိုးရဌာနတွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်လို့ ဝေဖန် ရေးသားတာတွေ၊ နှိုက်နှိုက်ချွတ်ချွတ် သတင်းစုဆောင်းတင်ဆက်တာတွေကို မနားတမ်း တွေ့ရတတ်ပါတယ်။ အဲဒီသတင်း များကို ဖတ်ကြရသည့်အခါ သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံသူ၊ နိုင်ငံသားတွေဟာ သတင်းအကြောင်းအရာကိုလိုက်လို့ ကျေနပ်ကြတာရှိသလို လန့်ဖျပ်ကုန်ကြတာလည်း ရှိပါတယ်။ သတင်းပါ ကိန်းဂဏန်းအချက်အလက်တွေဟာ သာမန်သင်္ချာ ကိန်းတွေသာ မဟုတ်ပါဘူး။ ငွေကြေးတန်ဖိုးတွေ ဖြစ်ပါတယ်။ အဲဒီငွေကြေးတွေကလည်း တခြားသူတွေရဲ့ ငွေမဟုတ်ပါဘူး။ ရပ်ကွက်ထဲက အိမ်ရှင်မတွေ၊ စည်ပင်လုပ်သားတွေ၊ ဖန်သား နန်းတော်လိုလို ရုံးခန်းတွေထဲက စီအီးအိုတွေနဲ့ သတင်းစာ ဖတ်သူ တစ်ယောက်ချင်းတို့ရဲ့ ငွေကြေးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံသားပြည်သူ လူတန်းစားအလွှာစုံက သူတို့ငွေတွေကို အစိုးရက ဘယ်လိုနေရာတွေမှာ သုံးပစ်လိုက်ကြပြီလဲ၊ အဲဒီလို သုံးစွဲနေတာဟာ လုပ်ပိုင်ခွင့် ဘောင်ထဲက ဟုတ်ရဲ့လား၊ တရားဝင်သုံးတာဖြစ်ရဲ့လားလို့ စိုးရိမ်ကြ၊ တွေးတောပူပန် ကြပါတယ်။ ဘတ်ဂျတ်နဲ့ပတ်သက်တဲ့ သတင်းတွေကိုဖတ်ရင်း ခေါင်းတညိတ်ညိတ် ခေါင်းတခါခါ ဖြစ်ကြဖို့ ရေးသားဖော်ပြ တင်ဆက်မှုတွေဟာ အရေးကြီးပြီး၊ အခရာလည်း ကျပါတယ်။ မြန်မာစကားမှာတော့ “အပြောမတတ်တော့ ဆဲသလို” ဆိုတဲ့ စကားပုံရှိပါတယ်။ ဘတ်ဂျတ်အကြောင်း သတင်းရေးသားတင်ဆက်မှုတွေ မကောင်းရင်၊ မကျွမ်းကျင်ရင် ဆဲသလို ဖြစ်စရာတော့ မရှိပေမယ့် လူတွေက ကိန်းဂဏန်းတွေ၊ ရာခိုင်နှုန်းဖွဲ့တွေကိုကြည့်ရင်း မူးဝေသွားနိုင်ပါတယ်။ ပြီးတော့ ငါဖတ် လည်း နားလည်မှာမှ မဟုတ်ဘဲလို့ နောက်ထပ် သတင်းခေါင်းစဉ်တစ်ခု၊ နောက်စာမျက် နှာတစ်ရွက်ကို ကူးသွားမှာပါပဲ။ ဒီလိုဆိုရင် သတင်းတွေကို ကြိုးစားပမ်းစား ပြုစုရေးသားရတဲ့ စာနယ်ဇင်းသမားတွေ၊ သတင်းစာဆရာတွေအဖို့ ခံရခက်မှာ အမှန်ပါပဲ။ သတင်းတစ်ပုဒ် ရေးသားနိုင်လို့ အဲဒီသတင်းကို စာဖတ်သူတွေက သတိထားမိပြီး နိုးနိုးကြားကြားနဲ့ ပြောဆိုဝေဖန်ကြရင် စာနယ်ဇင်းသမားတွေအဖို့ ကျေနပ်မှုကို ခံစားရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ပိုပြီး ရရှိလာနိုင်ပါတယ်။ စာနယ်ဇင်းသမားတစ်ယောက်အဖို့ ကြိုးစားပမ်းစား ရေးသားတင်ဆက်ထားရတဲ့ သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို လျစ်လျူရှုခံရတာထက် ပိုပြီးခံရခက်တဲ့ဝေဒနာ များများရှိမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဘတ်ဂျတ်ဆိုင်ရာ သတင်းတွေထဲက နမူနာတစ်ခုကို ဖြစ်ရပ်လေ့လာမှု (ခ) မှာ ဖော်ပြထား ပါတယ်။
ဖြစ်ရပ်လေ့လာမှု (ခ)
အမေရိကန် အစိုးရယန္တရား တချို့ လည်ပတ်မှုရပ်ဆိုင်း
ဘီဘီစီ၊ ၂၂ ဒီဇင်ဘာ ၂၀၁၈
အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းဆောက်လုပ်ဖို့ အသုံးစရိတ်နဲ့ပတ်သက်ပြီး အမေရိကန်ကွန်ဂရက်မှာ သဘောတူညီချက်မရလို့ အမေရိကန် အစိုးရအဖွဲ့ရဲ့ ဌာနတချို့လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းလိုက်ပါတယ်။
ဒီလို ရပ်ဆိုင်းလိုက်တဲ့ ဌာနတွေထဲမှာ ပြည်တွင်းလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ နိုင်ငံခြားရေးနဲ့ တရားရေးဌာနတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသားပန်းခြံတွေနဲ့ဥယျာဉ်တွေလည်း ပိတ်လိုက်ပါတယ်။
အခုလို အစိုးရယန္တရားယာယီရပ်ဆိုင်းသွားတဲ့အတွက် ဗဟိုအစိုးရလက်အောက်က ၀န်ထမ်းသုံးသိန်းရှစ်သောင်း ဟာ ယာယီခွင့် ဒါမှမဟုတ် လစာမဲ့ခွင့်ယူရဖို့ ဖြစ်လာပါပြီ။ အရေးပါပြီး မဖြစ်မနေတာဝန်ထမ်းဆောင်ရတဲ့၊ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ပေးတဲ့ အစိုးရ၀န်ထမ်း လေးသိန်းနှစ်သောင်းလောက်ကတော့ လစာမရပေမယ့် အလုပ်ဆက်ဆင်းနေရမှာ ဖြစ်ပါတယ်။
မက္ကဆီကိုနယ်စပ်မှာ ဆောက်လုပ်မယ့် တံတိုင်းအတွက် ကုန်ကျစရိတ် ဒေါ်လာ ၅ ဘီလီယံကို သမ္မတထရမ့်က တောင်းခံထားတဲ့အပေါ် ဒီမိုကရက်တစ်တွေနဲ့ ညှိနှိုင်းမရခဲ့တာ ဖြစ်ပါတယ်။
အစိုးရယန္တရားရပ်သွားတာနဲ့ပတ်သက်ပြီး သမ္မတထရမ့်ကတော့ ကုန်ကျစရိတ်နဲ့ပတ်သက်လို့ ထောက်ခံ သဘော တူညီချက် မပေးခဲ့တဲ့ ဒီမိုကရက်တစ်တွေကို အပြစ်တင်လိုက်ပါတယ်။
အခုတော့ အစိုးရယန္တရားကို ပိတ်လိုက်တော့မှာပါ၊ ဒီအတွက် ကျနော့်အနေနဲ့ ဘာမှမတတ်နိုင်ပါဘူး ဒီမိုကရက်တွေ မဲပေးဖို့ လိုအပ်နေပါတယ်၊ အစိုးရယန္တရားပိတ်တာ သိပ်တော့မကြာပါဘူးလို့ သမ္မတထရမ့်က ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းမှာ ပြောသွားခဲ့ပါတယ်။
ကွန်ဂရက်ဆိုင်ရာ ဒီမိုကရက်တစ်ခေါင်းဆောင်တွေကတော့ နယ်စပ်လုံခြုံရေးဖြေရှင်းဖို့ အဖြေကို ရီပတ်ဘလီကင် တွေကို ကမ်းလှမ်းထားပြီးဖြစ်သလို တံတိုင်းဆောက်လုပ်ဖို့က ဈေးကြီးပြီး မထိရောက်ဘူးလို့ ပြောဆိုထားပါတယ်။
မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာဖို့ကိစ္စဟာ သမ္မတထရမ့် ရွေးကောက်ပွဲမဲဆွယ်ကတည်းကပြောနေတဲ့ ကတိ စကားတစ်ရပ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းအထိ အမေရိကန်လွှတ်တော်မှာ အမတ်တွေဟာ ဒီတံတိုင်း ကာဖို့ ဘတ်ဂျက်ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။
သဘောတူညီချက် တစုံတရာမရတာကြောင့် အမေရိကန်အစိုးရ ယန္တရားထဲမှာပါတဲ့ ဌာနအားလုံးရဲ့ လေးပုံ တစ်ပုံ လောက်ဟာ ဒီဇင်ဘာ ၂၁ရက် စနေ ညလယ်ကစလို့ လည်ပတ်မှု ရပ်သွားတာဖြစ်ပါတယ်။
အခုလို နောက်ဆုံးတွေ့ဆုံဆွေးနွေးမှုကနေ ဒီဇင်ဘာ ၂၁ သောကြာညအထိ ဆုံးဖြတ်ချက် တစုံတရာမရဘဲ ကွန်ဂရက်အမတ်တွေဟာ Capitol Hill အဆောက်အအုံကနေ ထွက်သွားကြရပါတယ်။
နောက်ရက် ဒီဇင်ဘာ ၂၂ ရက် စနေနေ့မှာ ပြန်လည်ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရပါတယ်။
ဆီးနိတ်လွှတ်တော်က ဒီမိုကရက်ခေါင်းဆောင် ချက်ခ်ရှူမာကတော့ ခုလို ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သမ္မတထရမ့် ကိုသာ ပြစ်တင်ထားပါတယ်။
အခုလို ထွက်ရပ်လမ်းမရှိတဲ့အခြေအနေမှာ ဆီးနိတ်က အမတ်အများစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်အနေနဲ့ သူ့အခေါ်အရ နျူကလီးယားလမ်းကြောင်းကို ရွေးချယ်သင့်တယ်လို့ သမ္မတထရမ့်က တိုက်တွန်းထားပါတယ်။
သူပြောတဲ့ နျူကလီးယားလမ်းကြောင်းဆိုတာကတော့ လွှတ်တော်မှာညှိမရတဲ့ ငြင်းခုံမှုတွေ အဆုံးသတ်သွားအောင် လက်ရှိကျင့်သုံးနေတဲ့ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမဲ ၆၀ ရမှ အတည်ပြုချက်ရတဲ့ အခြေအနေကို ဖျက်သိမ်းကာ ထောက်ခံမဲ ၅၁မဲ နဲ့ အတည်ပြုမှု ရယူဖို့ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် လွှတ်တော်မှာ ဥပဒေတစ်ရပ်ကိုပြင်မယ်ဆိုရင် ထောက်ခံမဲသုံးပုံနှစ်ပုံရမှ အတည်ပြုချက် ရယူနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုလို ဥပဒေအတည်ပြုမှုပိုင်းဆိုင်ရာအရ လွှတ်တော်မှာ အကျပ်အတည်းတွေ့တဲ့အခါမှာ ဒီလမ်း ကြောင်းကို သုံးဖို့ တိုက်တွန်းလာတိုင်း မစ္စတာမစ်ချ်မက်ကော်နယ်က ထပ်တလဲလဲ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တော့ ရီပတ်ဘလစ်ကန်တော်တော်များများကလည်း ဒီဘတ်ဂျတ်အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။
အခုလို အမေရိကန်အစိုးရ ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ရပ်ဆိုင်းသွားရတဲ့ အဖြစ်ဟာ အခု ၂၀၁၈ အတွင်း တတိယအကြိမ် ဖြစ်ပါတယ်။ တကယ်တမ်းလက်တွေ့မှာ အောက်ပါအခြေအနေအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
၁။ အကောက်ခွန်နဲ့ နယ်စပ်၀န်ထမ်းတွေ လခရဖို့ နှောင့်နှေးကြန့်ကြာမှုရှိနိုင်ပေမယ့် ဆက်လက် တာဝန် ထမ်းဆောင်ကြရမှာ ဖြစ်ပြီး လေဆိပ်တွေတော့ ဆက်လက်ဖွင့်ထားဦးမှာပါ။
၂။ အမျိုးသားပန်းခြံ၀န်ထမ်း ၈၀ ရာခိုင်နှုန်းကတော့ အလုပ်မဆင်းရတော့ဘဲ ပန်းခြံတွေပိတ်ထားမှာ ဖြစ်သလို မဖြစ်မနေထားရှိရမယ့် နေရာမှာဘဲ ဝန်ထမ်းချထားတော့မှာပါ။
၃။ အိုးအိမ်၀န်ထမ်း ၉၀ ရာခိုင်နှုန်းကတော့ လစာမဲ့ခွင့်ယူကြရမှာဖြစ်ပြီး နောက်ရမယ့်ခွင့်တွေနဲ့ ပြန်ချေမယ့် သဘောမှာ ရှိနေတာပါ။
၄။ အစားအသောက်နဲ့ ဆေးဝါးဌာနကတော့ ပုံမှန်စစ်ဆေးမှုရပ်ဆိုင်းထားမှာဖြစ်ပြီး အရေးပါတဲ့အခန်းကဏ္ဍ တွေကိုသာ ဆက်လက် လုပ်ဆောင်သွားမှာပါ။
၅။ နာဆာအာကာသဌာနက ၀န်ထမ်း ၉၀ ရာခိုင်နှုန်းဟာလည်း အလုပ်မဆင်းရဘဲ ရှိနေတော့မှာပါ။
အမေရိကန်ဗဟိုအစိုးရ၀န်ထမ်း လက်ကျန် ၇၅ ရာခိုင်နှုန်းကတော့ လာမယ့် ၂၀၁၉ စက်တင်ဘာအထိ လခ အပြည့် ရသွားမှာဖြစ်တဲ့အတွက် ကာကွယ်ရေး၊ စစ်မှုထမ်းဟောင်းဌာန၊ အလုပ်သမားရေးနဲ့ ပညာရေးဌာနတွေက ၀န်ထမ်းတွေအပေါ်မှာတော့ အခုဘတ်ဂျတ် ပြဿနာက သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မူလသတင်းဖော်ပြချက် - https://www.bbc.com/burmese/world-46660233
ဖြစ်စဉ်လေ့လာမှု (ခ) မှာပါရှိတဲ့ ဘတ်ဂျတ်ဆိုင်ရာသတင်းဆိုရင် နိုင်ငံသား တစ်ဦးချင်းစီအတွက် စိတ်ဝင်စား မှုတွေကို နှိုးဆွနိုင်တာ တွေ့ရမှာပါ။ အစိုးရရဲ့ ဘတ်ဂျတ်ဟာ နိုင်ငံသား တစ်ယောက်ချင်းစီအတွက် နေ့စဉ်ဘဝမှာ ဘယ်လို သက်ရောက်မှုတွေ ပေါ်လာမယ်ဆိုတဲ့ သိချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။
ဘတ်ဂျတ်သတင်းတွေကို ပိုင်ပိုင်နိုင်နိုင်ရေးသားနိုင်ရင် စာဖတ်သူနိုင်ငံသားတွေအတွက် အကျိုးရှိမှာ သေချာပါ တယ်။ အစိုးရတစ်ရပ်က ဒီနှစ်အတွက် ငွေကြေးတွေကို ဆင်းရဲနွမ်းပါးသူတွေ အကျိုးခံစားရဖို့ သုံးစွဲသလား၊ ချမ်းသာကြွယ်ဝ သူတွေအတွက် ပိုသုံးစွဲလိုက်သလားဆိုတာကို စာဖတ်သူတွေက ခွဲခြားသိနိုင်လာမှာပါ။ အစိုးရတစ်ရပ်ရဲ့ မူဝါဒတွေက ကျန်းမာရေး၊ ပညာရေးတွေပေါ် ပိုအလေးပေးနေသလား၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုတွေကို ပို၍ ဇောင်းပေးသလားလို့ စာဖတ်သူတွေက သုံးသပ်နိုင်လာမှာပါ။ မတူညီတဲ့ အစိုးရတွေရဲ့ ကွဲပြားတဲ့ မူဝါဒတွေကို နှိုင်းယှဉ် ကြည့်နိုင်မှာ ဖြစ်သလို၊ အစိုးရတစ်ရပ်တည်းရဲ့ နှစ်အလိုက် ပြောင်းလဲလာတဲ့ ဦးစားပေးကဏ္ဍတွေကိုလည်း အကဲခတ် နိုင်လာမှာပါပဲ။
ဒီကတစ်ဆင့် နိုင်ငံသားတွေဟာ အစိုးရရဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို အကဲခတ်ပြီး အထောက်အထားနဲ့တကွ၊ ကိန်းဂဏန်းအချက်အလက်တွေနဲ့တကွ ဝေဖန် ပြောဆိုလာမှာပါ။ အဲဒီလို လူ့အဖွဲ့အစည်းတစ်ခု အားကောင်းမောင်းသန် ဖြစ်လာဖို့ လုပ်ပိုင်ခွင့် အစိတ်အပိုင်းတစ်ခု ရနေတာကတော့ စာနယ်ဇင်းသမား၊ သတင်းစာဆရာ တွေ ဖြစ်ပါတယ်။
ခေတ်သစ်သတင်းမီဒီယာနဲ့ ကိန်းဂဏန်းအချက်အလက်ရဲ့ အခန်းကဏ္ဍ
အထက်မှာ ဖော်ပြခဲ့သလို နိုင်ငံတစ်ခုရဲ့ အစိုးရဘတ်ဂျတ်တွေကို နိုင်ငံသားပြည်သူတွေ သိရှိဖို့အရေးမှာ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍဟာ အခရာကျတဲ့အပိုင်းက ပါဝင်နေတယ်ဆိုပေမယ့် ဒီနေ့လို လူမှုကွန်ရက်မီဒီယာတွေ ထွန်းကားလာ တဲ့ ခေတ်အခါမှာ သမားရိုးကျမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ မကြာခဏ မေးခွန်းထုတ်ခံလာရပါတယ်။ အရင်တုန်းကဆိုရင် လူတွေဟာ ဒီနေ့ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ အရေးကိစ္စအဝဝကို တစ်ညသိပ်ပြီး နောက်တစ်နေ့နံနက်မှသာ သိရှိနိုင်ကြပါတယ်။ အဲဒီခေတ်ကာလတုန်းက ပုံနှိပ်ဖော်ပြခြင်းခံရမှသာ သတင်းတစ်ခု၊ ဖြစ်စဉ်တစ်ရပ်ဟာ သေချာခိုင်မာတယ်လို့ လူတွေက ယုံကြည်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီနေ့ခေတ်ကတော့ ခုဘာဖြစ်နေသလဲဆိုတာကို လူတိုင်းက လူမှုကွန်ရက်မီဒီယာပေါ်မှာ တင်ဆက်ဖော်ပြနိုင်လာကြပါပြီ။ ကိုယ်ဘယ်လိုရှုမြင်သုံးသပ်တယ်ဆိုတာကိုလည်း လွယ်လွယ်ကူကူ မျှဝေနိုင်လာကြပါပြီ။ မှတ်ချက်ပေးနိုင်လာကြပါပြီ။ အဲဒီအခါမှာ ကိန်းဂဏန်းအချက်အလက်တွေပေါ် အခြေခံတဲ့ သတင်းအတတ်ပညာဟာ ပိုလို့တောင် အရေးကြီး လာပါတယ်။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အခြင်းအရာတွေဟာ ကိန်းဂဏန်းတွေအဖြစ်နဲ့ တည်ရှိနေပါတယ်။ အဲဒီကိန်း ဂဏန်းတွေကို စုစည်းနိုင်၊ ကိုင်တွယ်နိုင်၊ ပုံဖော်နိုင်မှသာလျှင် နိစ္စဓူဝ ရရှိနိုင်နေတဲ့ လူမှုမီဒီယာ ဖော်ပြချက်တွေထက် အရည် အသွေးကောင်းမွန်တဲ့၊ တန်ဖိုးရှိတဲ့သတင်းတွေကို ထုတ်လုပ်နိုင်တော့မှာပါ။ လူတစ်ယောက်ဟာ မနက်ခင်းမှာ လက်ဖက်ရည် သောက်သလား၊ ကော်ဖီသောက်သလား၊ ထမင်းကြမ်းစားသလား ဆိုတာ သာမန် အသေးအမွှား အချက်အလက်ကလေးတွေ ဖြစ်ပေမယ့် ဒါတွေကို စုစည်းလိုက်နိုင်တဲ့အခါ လူ့အဖွဲ့အစည်းတစ်ခုရဲ့ လူမှုစီးပွားဘဝကြီးကို ကြွကြွရွရွ ပုံဖော်ပေးနိုင်ပါ တယ်။ အဲဒီလို စုစည်းဖို့ မဖြစ်မနေ လိုအပ်တာက ကိန်းဂဏန်းအချက်အလက်တွေပါပဲ။ အနေအထားတစ်ခုမှာ ဘာမှ အရေးမပါလှဘူးလို့ထင်ရတဲ့ အချက်အလက်လေးတွေဟာ မှန်ကန်တဲ့ရှုထောင့်နဲ့ ချဉ်းကပ် ရှုမြင်ဆင်ခြင်လိုက်တဲ့အခါ အင်မတန်မှ မင်သက်စရာ အရှိတရားတွေကို ဖော်ထုတ်နိုင်စေပါတယ်။ ပုံမှန်အားဖြင့် သတင်းထောက်တွေဟာ ကင်မရာရဲ့ ချောင်းကြည့်ပေါက်ကလေးတွေက တစ်ဆင့် ဖမ်းယူထားတဲ့ ပုံရိပ်တွေကို အထောက်အထားအဖြစ် သတင်းတွေနဲ့ တွဲဖက်ဖော်ပြခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ကိန်းဂဏန်းအချက် အလက်ကို ကိုင်တွယ်သရုပ်ခွဲနိုင်မှု စွမ်းရည်ဟာ ကင်မရာလို အရေးပါတဲ့ ကိရိယာတစ်ခု ဖြစ်လာပါပြီ။ အရင်တုန်းကဆိုရင် သတင်းတစ်ခုရဲ့ အရည်အသွေးကို တိုင်းတာတဲ့နေရာမှာ ဘယ်သူက အဦးဆုံး သတင်း ပေးပို့တင်ပြနိုင်သလဲ ဆိုတဲ့လျင်မြန်မှုနဲ့ တိုင်းတာခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ဘယ်သူဦးတယ်ဆိုတာထက် ဘယ်သူက တကယ့်ကို ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ တင်ပြနိုင်သလဲ ဆိုတာက ပိုလို့ အရေးကြီးလာပါတယ်။ ကိန်းဂဏန်း အချက်အလက် တွေနဲ့ ခိုင်ခိုင်မာမာ တင်ပြနိုင်ရင် ဘယ်သူမှ လွယ်လွယ်နဲ့ ခေါင်းမခါနိုင်ပါဘူး။ ဒါ့ကြောင့်မို့လည်း နိုင်ငံပေါင်းများစွာမှာ စာနယ်ဇင်းသမားတွေ၊ သတင်းစာဆရာတွေက ကိန်းဂဏန်းအချက် အလက်တွေကို အခွင့်အလမ်းသစ်အဖြစ် ရှုမြင်လာကြပါတယ်။ ကိန်းဂဏန်း တွေသာရှိနေရင် စိတ်ဝင်စားစရာ သတင်း တွေကို ဖန်တီးနိုင်မယ်။ ဥပမာတစ်ခု ပေးပါဦးမယ်။ လူတစ်ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နိုင်သလားဆိုတဲ့မေးခွန်းဟာ ဗေဒင်ဆရာတွေနဲ့သာ ဆိုင်သလို ရှိပါတယ်။ ဒါပေမယ့် အသက်အရွယ်၊ ပညာရေးအဆင့်၊ ကျား-မဖြစ်မှု၊ နေထိုင်အခြေချရာ အရပ်ဒေသ အစရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေကိုသာ ကိုင်တွယ်နိုင်ရင် သတင်းစာဆရာ တစ်ယောက်ဟာ အလုပ် လက်မဲ့ဖြစ်မှုအကြောင်း ကောင်းကောင်းရေးသား တင်ဆက်နိုင်ပါတယ်။ ကိန်းဂဏန်း အချက်အလက်တွေဟာ လူတွေကို ကောင်းကောင်းကြီး ကူညီနိုင်ပါတယ်။ ကားတစ်စီး ဝယ်ရမလား၊ အိမ်ငှားရင် ဘယ်လိုနေရာတွေက ပိုကောင်းသလဲ၊ ဘယ်လို ပညာရေးနဲ့ သက်မွေး ဝမ်းကျောင်းပညာဟာ ပိုပြီး သင့်လျော်သလဲ ဆိုတာတွေကို လူတွေက သာမန်ထင်ကြေးတွေထက် သတင်းသမားတွေ တင်ဆက်ဖော်ပြတဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုကြည့်ပြီး ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာနဲ့အဝှမ်းပေါ်ပေါက်နေတဲ့ ရေစီးကြောင်းကြီးတစ်ခုကတော့ ဧရာမ သတင်းစာတိုက်ကြီးတွေ ကနေ ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေက ပုံမှန်လည်ပတ်နိုင်ဖို့ အနိုင်နိုင် ကြိုးစားနေရတဲ့ သတင်းစာလေးတွေမှာပါ သတင်းခန်းထဲက လူဦးရေကို လျှော့ချနေရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ တချို့သော သတင်းမီဒီယာသမားတွေဟာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေဆီက ပြည်သူ့ဆက်ဆံရေးဌာနတွေဆီကို ပြောင်းရွှေ့လုပ်ကိုင်နေရတာတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းအချက်အလက်တွေကို ကိုင်တွယ်ပြီး သတင်းတွေ၊ သတင်းဆောင်းပါးတွေ ရေးသားနိုင်တဲ့ စာနယ်ဇင်းသမား၊ သတင်းစာဆရာတွေကိုတော့ ဘယ်မီဒီယာကမှ လက်လွတ်မခံပါဘူး။ မီဒီယာတွေတင်မက စီးပွားရေးလုပ်ငန်းကြီးတွေ ကလည်း အဲဒီလို ကျွမ်းကျင်သူတွေကို ပိုပိုပြီး လိုအပ်၊ ကြိုဆိုနေကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကိန်းဂဏန်းအချက်အလက်ကို ကိုင်တွယ်နိုင်နင်းဖို့ကျွမ်းကျင်မှု လိုအပ်ပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေဟာ အကိုင်အတွယ်မတတ်ရင် မျက်စိနောက်စရာ ခေါင်းမူးစရာ ဖြစ်နိုင်ပေမယ့်၊ ကိုင်တွယ် တတ်တဲ့အလျောက်၊ ကျွမ်းကျင်လာတဲ့အလျောက် ပုန်းကွယ်နေတဲ့ အမှန်တရားတွေ၊ အရှိတရားတွေကို ခိုင်မာတဲ့သတင်း အဖြစ် ရေးသားတင်ဆက် စေနိုင်မှာပါပဲ။ ဒါနဲ့ပတ်သက်လို့ ဥရောပသတင်းသမားများစင်တာက စာနယ်ဇင်းသမားတွေ လိုလိုလားလား လေ့ကျင့်သင်ယူ ချင်တဲ့ ကျွမ်းကျင်မှုနယ်ပယ်တွေကို ၂၀၁၁ ခုနှစ်အတွင်းက စစ်တမ်း ကောက်ယူခဲ့တာ ရှိပါတယ်။ အဲဒီစစ်တမ်းအရဆိုရင် အချက်အလက်အခြေပြု သတင်းအတတ် ပညာကို လေ့လာ လိုက်စားဖို့ စိတ်ပြင်းပြတဲ့ သတင်းသမားတွေက စစ်တမ်း တစ်လျှောက် ဖြေဆိုခဲ့သူပေါင်းရဲ့ ၇၁.၉ ရာခိုင်နှုန်းရှိတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့အတွက် အခက်အခဲက ဘယ်လို စလို့ စရမှန်းမသိတာပါပဲ။ ကိန်းဂဏန်းအချက်အလက်တွေ ရပါပြီတဲ့၊ ဘယ်လိုကိုင်တွယ် ရမှန်းမသိရင် ဘာမှမထူးပါဘူး။ ပြီးတော့ အချက်အလက်အခြေပြု သတင်းအတတ်နဲ့ ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို သတင်းခန်းအကြီး အမှူးတွေက နေရာမပေးရင်၊ အယ်ဒီတာတွေက မျက်နှာသာမပေးရင်၊ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေက အဖက် မလုပ်ရင်လည်း မလွယ်ပါဘူး။ ကျော်ကြားတဲ့ the Guardian တို့၊ the New York Times တို့လို သတင်းဌာနကြီး တွေကတော့ အချက်အလက်အခြေပြု သတင်းနဲ့ သတင်းဆောင်းပါးတွေကို ရေးသားနိုင်တဲ့ သတင်းထောက်တွေကို ပိုပြီး တန်းမြှင့်ဆက်ဆံတာ၊ အကျိုးခံစားခွင့် ပိုပေးတာ စတဲ့ နည်းတွေနဲ့ မွေးမြူယူကြပါတယ်။ အချက်အလက်အခြေပြု သတင်းအတတ်ပညာနဲ့ပတ်သက်လို့ ဒီလောက်အရိပ်ပြရင် စာဖတ်သူအနေနဲ့ အကောင် မြင်လောက်ပြီ ဖြစ်မှာပါ။ အဲဒီအတွက် မြန်မာနိုင်ငံလို အသွင်ကူးပြောင်းဆဲ နိုင်ငံတစ်ခုမှာ အချက်အလက်ကိန်းဂဏန်းတွေ ဝေဝေဆာဆာရနိုင်တာက အစိုးရဘတ်ဂျတ်လို့ လည်းခေါ်၊ နိုင်ငံတော်ဘတ်ဂျတ်လို့လည်းခေါ်၊ နှစ်အလိုက်ရသုံးမှန်းခြေ ငွေစာရင်းလို့လည်း ခေါ်ကြတဲ့ ဘတ်ဂျတ်တွေပါပဲ။ နိဒါန်းအခန်းကို ဒီမျှနဲ့ အဆုံးသတ်ပါရစေတော့။ ဆက်လက်ဖော်ပြမယ့် အခန်းတွေမှာ ဘတ်ဂျတ်တွေရဲ့ သဘော သဘောဝ၊ ဘတ်ဂျတ်သတင်းတွေကို အချက်အလက်အခြေပြု ချဉ်းကပ်မှုလုပ်နိုင်မယ့် နည်းလမ်းတွေနဲ့ ရနိုင်တဲ့ရင်းမြစ် တွေပါမကျန် ဆီလျော်ရာ ကြိုးစားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရည်ညွှန်းချက်များ
- Covering budgets: Tips for putting faces to the numbers by Sherry Ricchiardi, IJNET, May 31 2019
- What Is Data Journalism? by Paul Bradshaw, Birmingham City University, Data Journalism Handbool 1.0 BETA
- Why Journalists Should Use Data by Mirko Lorenz, Deutsche Welle, Data Journalism Handbool 1.0 BETA