Posted in Legislative Analysis, Political Institutions on Jul 31, 2019

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့တဲ့ အရေးကြီးအဆိုမှတဆင့် ပေါ်လာခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။အစီရင်ခံစာကို မျှော်လင့်စောင့်စားနေတဲ့ နိုင်ငံသားတွေဟာ လွှတ်တော်မှာ အစီရင်ခံစာဆွေးနွေးမှုကို စောင့်ကြည့်နေခဲ့ကြပါတယ်။ပူးပေါင်းကော်မတီဖွဲ့စည်းစဉ်ကပင် ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဆွေးနွေးဖို့ အမည်စာရင်းတင်သွင်းထားတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပေမယ့် အစီရင်ခံစာ မဆွေးနွေးမီ တစ်ရက်အလိုမှာ မဆွေးနွေးတော့ဘူးလို့ သိရပါတယ်။အစီရင်ခံစာ စတင်ဆွေးနွေးတဲ့နေ့မှာ လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦး ဆွေးနွေးမယ်လို့ နာမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအစီအစဉ်မှာ ပါရှိပေမယ့် (၁၇)ဦး ဆွေးနွေးသွားခဲ့ပါတယ်။ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၁၀)ဦး၊ရခိုင်အမျိုးသားပါတီက (၂)ဦး၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ််ပါတီက (၂)ဦး၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က (၂)နဲ့ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက (၁)ဦးတို့ ဆွေးနွေးသွားပါတယ်။

ပါတီအလိုက် ဆွေးနွေးချက်တွေကို ချုံငုံသုံးသပ်ကြည့်ရင် ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်ခြင်းမရှိပေမယ့် ပူးပေါင်းကော်မတီဖွဲ့စည်းခြင်း၊ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ခြင်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွှတ်မှုမရှိဘူးလို့ ဆွေးနွေးသွားတဲ့ ပါတီဝင် ကိုယ်စားလှယ်အားလုံးက ထောက်ပြကြပါတယ်။ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံအတွက် အရေးကြီးလို့ ပြဌာန်းထားတဲ့ ပုဒ်မတွေနဲ့ ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့အချိန် မဟုတ်ဘဲ ပြင်ဆင်/ပယ်ဖျက်/အစားထိုးဖို့ တင်သွင်းထားတဲ့ အစီရင်ခံစာပါ အချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားခြင်းက နိုင်ငံအတွက် အန္တရာယ်များကြောင်းနဲ့ ကော်မတီဟာ ပေးအပ်ထားတဲ့ တာဝန်ပါ ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဖို့ မလုပ်ဆောင်ခဲ့ဘူးလို့လည်း ထောက်ပြဆွေးနွေးခဲ့ပါတယ်။၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတနဲ့ဒုတိယသမ္မတတို့အတွက် ပြဌာန်းထားတဲ့ပုဒ်မတွေကို ပြင်ဆင်/ပယ်ဖျက်ဖို့ သဘောမတူတဲ့ အကြောင်းကိုလည်း ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီကလည်း ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးခဲ့ပြီးတော့ ဆွေးနွေးမှုရှုထောင့်က အနည်းငယ် ကွဲပြားတာကို တွေ့ရပါတယ်။ ဦးဘရှိန်က ဖွဲ့စည်းပုံကို အသစ်ရေးဆွဲရမယ်ဆိုတာကို သဘောတူကြောင်း ထောက်ခံကြောင်း ဆွေးနွေးပေမယ်လို့ လွှတ်တော်အတွင်း ဆောင်ရွက်လို့မရကြောင်းနဲ့ လွှတ်တော်တွင်း ဆောင်ရွက်ပါက များရာမဲနဲ့ ဆုံးဖြတ်မှာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲလို့ မရနိုင်ဘူးလို့ ထောက်ပြဆွေးနွေးပါတယ်။ဒါအပြင် ပူးပေါင်းကော်မတီရဲ့လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာမှုမရှိတဲ့အတွက်လည်း ကော်မတီအစီရင်ခံစာကို ကန့်ကွက်ကြောင်း ဆွေးနွေးသွားပါတယ်။ ဒေါ်ထုမေကတော့ ဖွဲ့စည်းပုံကို ပြင်ဆင်ရန် လိုအပ်နေပြီး လက်ရှိလွှတ်တော်သက်တမ်းကာလအတွင်း ပြင်ဆင်ရေး ကြိုးပမ်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းက ပြဌာန်းချက်ပုဒ်မတွေကို အဓိကထား ပြင်ဆင်ဖို့ ဆွေးနွေးတိုက်တွန်းသွားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကိုယ်စားလှယ်နှစ်ဦးဆွေးနွေးခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက်ညှိနှိုင်းလုပ်ဆောင်ဖို့နဲ့ တိုင်းရင်းသားများရဲ့ လိုလားနေတဲ့ တန်းတူရေးနဲ့ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆွေးနွေးသွားပါတယ်။ဒါအပြင် ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တစ်ယောက်က အစီရင်ခံစာပါအရဆိုရင် နိုင်ငံရေး အင်အားကြီးတွေကြားထဲမှာ နိုင်ငံရေးဆိုင်ရာသဘောတူညီမှုကို ညှိနှိုင်းနိုင်မှုမရှိဘဲ သဘောထားကွဲလွဲနေမှုအပေါ်မှာ အပြန်အလှန် နားလည်မှုမရှိသေးတဲ့အကြောင်းကိုလည်း ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကိုယ်စားလှယ်နှစ်ယောက်ဆွေးနွေးခဲ့ပြီး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ထောက်ခံဆွေးနွေးကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲပြီး လွှတ်တော်မှာ တင်သွင်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားခဲ့ပါတယ်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဆွေးနွေးတဲ့ ကိုယ်စားလှယ်ကလည်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ထောက်ခံဆွေးနွေးပြီး၊ အစီရင်ခံစာဟာ မူကြမ်းပေါင်းချုပ်သဘောမျိုးဖြစ်ပြီး၊ ၎င်းမူကြမ်းပေါင်းချုပ်အား ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေမူကြမ်းဖြစ်လာစေရန် ဆက်လက်ဆောင်ရွက်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။

အချုပ်ဆိုရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပထမဆုံးဆွေးနွေးတဲ့နေ့မှာ ပါတီ (၅)ပါတီမှ ကိုယ်စားလှယ် (၁၇)ဦး ဆွေးနွေးခဲ့ပြီး၊ ပူးပေါင်းကော်မတီနဲ့ အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွှတ်လို့ ကန့်ကွက်တဲ့ ကိုယ်စားလှယ်တွေရယ်၊ ထောက်ခံဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရယ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာပါ ပြင်ဆင်ချက်တွေကို ဆွေးနွေးခဲ့တဲ့ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသဘောတူညီမှုလိုအပ်ကြောင်းကို ထည့်သွင်း ထောက်ပြဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေရယ်ဆိုပြီး ကွဲပြားခဲ့တာကို တွေ့ရပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအစီရင်ခံစာဆွေးနွေးမှုကို မနက်ဖြန် သြဂုတ် ၁ ရက်မှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။