Posted in Political Institutions on Jun 19, 2019

ဥပဒေကြမ်းကို လေ့လာကြည့်ရင် ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ အပ်နှင်းပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်နဲ့ သင်တန်းကျောင်းတွေ ဥပဒေပြဋ္ဌာန်းသတ်မှတ်နိုင်ဖို့နဲ့ သူတို့ရဲ့ အရည်အသွေးကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ချမှတ်ထားတဲ့ အမျိုးသားပညာရေး၊ ကျန်းမာရေးမူဝါဒတွေနဲ့ ကိုက်ညီစေဖို့အတွက်နဲ့ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေကို အလွဲအသုံးမပြုစေဖို့ အတွက်လည်း ရည်ရွယ်ထားပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကြီးကြပ်မှုအောက်မှာ ဆေးတက္ကသိုလ်နဲ့ ဆေးဘက်ဆိုင်ရာတက္ကသိုလ် (၁၅)ခု၊ သူနာပြု၊ သားဖွားနဲ့ နှီးနွှယ်တဲ့ သင်တန်းကျောင်း (၅၀) ကျောင်းရှိပြီး ဘွဲ့ကြိုသင်တန်းများနဲ့ ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (၁၁)ခု၊ ဆေးဘက်ဆိုင်ရာ မဟာသိပ္ပံသင်တန်း (၅၈) ခု၊ ပါရဂူဘွဲ့သင်တန်း (၁၄) ခု၊ ဆေးလက်တွေ့ပါရဂူဘွဲ့သင်တန်း(၄၃) ခုတို့ကို ဖွင့်လှစ်သင်ကြား ပို့ချပေးနေပါတယ်။

တက္ကသိုလ်၊ သင်တန်းကျောင်းတွေကနေ အောင်မြင်တဲ့ ကျောင်းသူ၊ကျောင်းသားတွေအပြင် ဝန်ကြီးဌာန ခွင့်ပြုချက်ရရှိထားတဲ့ အဖွဲ့အစည်းတွေက သင်တန်းသူသင်တန်းသားတွေကို ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ် အပ်နှင်းခြင်း စနစ်တကျဖြစ်စေဖို့အတွက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်းကို တင်သွင်းလာပါတယ်။ ဥပဒေ အတည်ဖြစ်လာခဲ့ရင် ၁၉၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ The Burma Medical Degrees Act (India Act VII, 1916) ဟာ ရုပ်သိမ်းပြီးသား ဖြစ်သွားပါမယ်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၂၁)

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အခြေခံကျတဲ့ မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေ (Basic Essential Package of Health Services: BEPHS) ကို ငွေကြေးကုန်ကျမှု နည်းနည်းနဲ့ နေရာမရွေး ဒေသမရွေး ပေးနိုင်ဖို့ ရည်ရွယ်ပြီး အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ လက်တွေ့ အကောင်အထည်ဖော်ရမယ့် ဒေါက်တိုင်လေးခုကို သတ်မှတ်ထားပြီး ၎င်းဒေါက်တိုင်တွေအနက် တစ်ခုကတော့ ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ခြင်း ဆိုတာကို တွေ့နိုင်ပါတယ်။

တစ်ဖက်မှာလည်း ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ဖို့အတွက် ကျန်းမာရေးလုပ်သားဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၂-၂၀၁၇) ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ ကျွမ်းကျင်မှုပိုင်းလိုအပ်မှုနဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့ပြနဲ့ ကျေးလက်ဒေသတွေကြား ကျန်းမာရေးစောင့်ရှောက်မှုကွာဟမှု စတဲ့ အရေးတကြီးဖြေရှင်းရမယ့် စိန်ခေါ်ချက်တွေကို ကိုင်တွယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၂၁) ဆိုပြီး ထပ်မံရေးဆွဲ အကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်းအရ လူတိုင်းလက်လှမ်းမီ ကျန်းမာရေးပေးနိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ဖို့နဲ့ ကျွမ်းကျင်မှု အဆင့်မြှင့်တင်ဖို့ ပညာရေးဆိုင်ရာနဲ့ သင်တန်းစနစ်တွေ အထောက်အကူပြုပေးရမယ်လို့ ပါရှိပါတယ်။

၂၀၁၆ နိုဝင်ဘာလ စာရင်းဇယားအရ မြန်မာနိုင်ငံမှာ ပြည်သူနဲ့ ကျန်းမာရေးလုပ်သား(ဆရာဝန်၊ သူနာပြုနဲ့ သားဖွား) အချိုးက ၁.၃၃ ဦးပဲ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်တဲ့ လူဦးရေတစ်ထောင်အတွက် ကျန်းမာရေးလုပ်သားအချိုးဟာ ၂.၃ ဦး ရှိဖို့လိုအပ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြည့်မှီဖို့ဆိုရင် အမျိုးသားကျန်းမာရေးစီမံကိန်းနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံတော်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဖော်ဆောင်နေတဲ့ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals: SDGs) ထဲကတစ်ခုဖြစ်တဲ့ လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage: UHC) ကို ပြည့်မီနိုင်မှာ ဖြစ်ပါတယ်။

The Burma Medical Degrees Act (India Act VII, 1916)

အဆိုပါအက်ဥပဒေအရ အနောက်တိုင်းဆေးပညာရပ်များဆိုင်ရာဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်နဲ့ လိုင်စင်တွေကို ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကသာ ပေးပိုင်ခွင့်ရှိပြီး အခြားအဖွဲ့အစည်းတစ်ခုခုက ပေးအပ်ပိုင်ခွင့် မရှိပါဘူး။ ပေးအပ်ပိုင်ခွင့်မရှိတဲ့အဖွဲ့အစည်းက ဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်နဲ့ လိုင်စင်ကို ပေးအပ်ခဲ့ရင် ချမှတ်ရမယ့် ငွေဒဏ်ကို သတ်မှတ်ထားပါတယ်။ ပေးအပ်ပိုင်ခွင့်မရှိတဲ့ အဖွဲ့အစည်းပေးတဲ့ ဘွဲ့၊ ဒီပလိုမာ၊လက်မှတ်နဲ့ လိုင်စင်ကို တစ်ဦးဦးက မှားယွင်းပြီးဖြစ်စေ၊ တမင်ရည်ရွယ်ပြီးဖြစ်စေ မမှန်မကန် လိမ်လည်ကိုင်ဆောင်ထားပါက ချမှတ်ရမယ့် ငွေဒဏ်ကိုလည်း သတ်မှတ်ထားပါတယ်။ ၁၉၆၂ ပြင်ဆင်ချက်မှာတော့ မမှန်မကန် ပြုလုပ်သည့် အဖွဲ့အစည်းကော၊ သုံးစွဲသူတွေအပေါ် သတ်မှတ်ထားတဲ့ ငွေဒဏ်တွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာကို တွေ့နိုင်ပါတယ်။

လက်ရှိလွှတ်တော်ကို ပေးပို့ထားတဲ့ ဥပဒေကြမ်းအရ ရန်ကုန် တက္ကသိုလ်တစ်ခုတည်းက ပေးအပ်ပိုင်ခွင့်ရှိတဲ့ ဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီပလိုမာနဲ့ လက်မှတ်တွေကို ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေအရ တည်ထောင်တဲ့ တက္ကသိုလ်တွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းတွေအပြင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိတဲ့ ပုဂ္ဂလိကတက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေကပါ ပေးအပ်ပိုင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။