Posted in Budget Transparency on Aug 27, 2019
လွှတ်တော်ကို တင်ပြထားတဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ခန့်မှန်းခြေအဆိုပြုတင်ပြချက်အရ နိုင်ငံ့စီးပွားရေးမြို့တော်လို့ သုံးနှုန်းခံရတဲ့ ရန်ကုန်တိုင်းဒေသကြီးဟာ ပြည်ထောင်စုက တိုင်းနဲ့ ပြည်နယ်တွေကို ခွဲဝေပေးမယ့် အခွန်ဝေစုအားလုံးရဲ့ ၇၀ % ကျော်ကို ရရှိမှာ ဖြစ်ပါတယ်။
ခွဲဝေပေးမယ့် အခွန်ဝေစုဟာ ကျပ်သန်းပေါင်း ၃၄၉၈၄၁.၂၂ သန်း ရှိမယ်လို့ လျာထားပြီး ဒီထဲကမှ ရန်ကုန်တိုင်းဟာ ကျပ်သန်းပေါင်း ၂၄၈၀၄၇.၆၂၉ သန်း ရရှိမှာဖြစ်ကာ ဒီပမာဏဟာ စုစုပေါင်းရဲ့ ၇၁ % ရှိပါတယ်။
ပြည်ထောင်စုက အခွန်ခွဲဝေမှုအဖြစ် တံဆိပ်ခေါင်းခွန် ၂ %၊ လူပုဂ္ဂိုလ်တစ်ဦးကျ ဝင်ငွေခွန်ရဲ့ ၅%၊ သွင်းကုန်တင်သွင်းမှုအပေါ် ကျပ်ငွေနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရငွေရဲ့ ၁၅ % နဲ့ အထူးကုန်စည်ခွန်တွေကို ပြည်ပက တင်သွင်းခြင်းအတွက် ကောက်ခံရငွေမှအပ ဖြစ်သော အထူးကုန်စည်ခွန် ကောက်ခံရငွေရဲ့ ၁၅% ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြန်လည်ခွဲဝေပေးတာ ဖြစ်ပါတယ်။
အခွန်ဝေစုခွဲထားမှု လျာထားချက်အရ စုစုပေါင်းရဲ့ ၁% သာ ရရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခု ရှိပြီး ကယား၊ တနင်္သာရီနဲ့ မွန်တို့ ဖြစ်ပါတယ်။ ၂ % ရတဲ့ တိုင်းနဲ့ ပြည်နယ် ၈ ခု ရှိပြီး ကချင်၊ ကရင်၊ ချင်း၊ ပဲခူး၊ မကွေး၊ ရခိုင်နဲ့ ဧရာဝတီတို့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကတော့ ပြည်ထောင်စုအခွန်ဝေစုရဲ့ ၄% နဲ့ တတိယအများဆုံး လျာထားခံရပြီး ဧရာ၀တီတိုင်းကတော့ ဒုတိယအများဆုံးအဖြစ် ၈% ရရှိမှာ ဖြစ်ပါတယ်။
လာမယ့်ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၀င်ငွေ (ပြည်ထောင်စုက ရရှိမယ့် အခွန်ဝေစု + အခွန်အကောက်ရငွေ) ဟာ ကျပ်သန်းပေါင်း ၃၁၈၀၄၀ ကျော် ရရှိဖို့ မှန်းထားပြီး တိုင်းဒေသကြီးအစိုးရက ကောက်ခံခွင့်ရှိတဲ့ ကိုယ်ပိုင် အခွန်အကောက်ရငွေဟာ ကျပ်သန်းပေါင်း ၆၉၉၉၃ သန်း ကျော် ရှိဖို့ မှန်းထားပါတယ်။ ဒါဟာ တိုင်းဒေသကြီးတစ်ခုလုံး လျာထား၀င်ငွေရဲ့ ၂၂ % ကိုသာ ကိုယ်ပိုင်အခွန်အကောက်ကနေ ရမယ်ဆိုတဲ့သဘောဖြစ်ပြီး ကျန် ၇၈ % ဟာ ပြည်ထောင်စုက ခွဲဝေပေးမယ့် အခွန်ဝေစုကနေ ရမယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။
ကိုယ်တိုင်ကောက်ခံတဲ့ အခွန်အကောက်ဝေစု အချိုးအစား
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တိုင်းနှင့် ပြည်နယ်အလိုက် ရငွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၅) အရ ကိုင်တိုင်ကောက်ခံတဲ့ အခွန်အကောက်ရငွေ အများဆုံးလျာထားတာကတော့ မန္တလေးတိုင်း ဖြစ်ပါတယ်။ မန္တလေးဟာ ပြည်ထောင်စုကနေ ခွဲဝေပေးမယ့် အခွန်ဝေစုနဲ့ ကိုယ်တိုင်ကောက်ခံတဲ့ အခွန်အကောက်ရငွေ စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၆၇၅၇၀.၂၄၅ ရှိမယ်လို့ မှန်းထားပြီး စုစုပေါင်းရဲ့ ၅၉ % ဖြစ်တဲ့ ကျပ်သန်းပေါင်း ၃၉၇၆၆.၅၇၇ သန်းကို တိုင်းဒေသကြီးကိုယ်တိုင်ကောက်ခံခွင့်ရှိတဲ့အခွန်အကောက်ကနေ ရရှိဖို့ မျှော်လင့်ထားပါတယ်။ ဒုတိယမြောက် ကိုယ်ပိုင်အခွန်ငွေ အများဆုံး ရှာနိုင်ဖို့ မှန်းထားတာကတော့ ဧရာဝတီတိုင်းဖြစ်ပြီး စုစုပေါင်း အခွန်အကောက်ရငွေ ၁၆၇၃၈ သန်းရဲ့ ၅၈ % ကို အခွန်အကောက်အနေနဲ့ ရရှိဖို့ မှန်းထားပါတယ်။ တတိယမြောက် ကိုယ်ပိုင်ဝင်ငွေ အများဆုံးရှာနိုင်မယ့် တိုင်းဒေသကြီးကတော့ ပဲခူးဖြစ်ပြီး စုစုပေါင်းအခွန်အကောက်ရငွေရဲ့ ၅၆ % ဖြစ်တဲ့ ကျပ်သန်းပေါင်း ၇၈၆၅.၇၇၅ ကို ကိုယ်တိုင်အခွန်အကောက်ရငွေကနေ ဖြည့်တင်းမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ အခွန်အကောက်ရငွေစုစုပေါင်းဖြစ်တဲ့ ကျပ်သန်းပေါင်း ၃၁၈၀၄၀.၉၇ ရဲ့ ၂၂ % ဖြစ်တဲ့ ကျပ်သန်းပေါင်း ၆၉၉၉၃.၃၄၁ သန်းကို ကိုယ်ပိုင်ဝင်ငွေအဖြစ် အခွန်အကောက်ကနေ ရရှိဖို့ လျာထားပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပိုင် အခွန်အကောက်ရငွေအချိုးအစားများတဲ့ မန္တလေး၊ ဧရာ၀တီနဲ့ ပဲခူးတိုင်း သုံးခုက ရမယ့် အခွန်အခ စုစုပေါင်းဟာ ရန်ကုန်တိုင်းတစ်ခုတည်းက ကောက်ခံမယ့် ကိုယ်ပိုင်အခွန်အကောက်ရငွေထက် နည်းနေသေးပါတယ်။ ဒါက အခွန်ထမ်းကြီးတွေဟာ ရန်ကုန်မှာ အခြေစိုက်တာ၊ အခြေစိုက်ရုံးတွေရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အခွန်အကောက်ကနေ ကိုယ်ပိုင်ဝင်ငွေ ရှာဖွေနိုင်မှု အနည်းဆုံး တိုင်းနဲ့ ပြည်နယ်တွေကတော့ ချင်း (၉ %)၊ ကရင် (၁၁ %)၊ ကယား (၁၃ %) နဲ့ ရခိုင်ပြည်နယ်က (၁၅ %) ပဲ ရှာဖွေနိုင်မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက် (အနှစ်ချုပ်) မှာ ဖော်ြပထားပါတယ်။
ကျန်လိုငွေတွေကို ဘယ်လိုဖြည့်ဆည်းသလဲ
တိုင်းဒေသကြီး/ပြည်နယ်အလိုက် လာမယ့် ဘဏ္ဍာနှစ်မှာ ရငွေ သုံးငွေ လျာထားချက်တွေအလိုက် အကုန်လုံးမှာ လိုငွေ ရှိပါတယ်။ လက်ရှိစနစ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေရဲ့ လိုငွေတွေကို ပြည်ထောင်စုက ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးရာမှာလည်း ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက် သုံးချက်နဲ့ ဘဏ္ဍာရေးလိုအပ်ချက် သုံးချက်ကို ကြည့်ပြီး တွက်ချက်တဲ့ ဖော်မြူလာတစ်ခုနဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လွှဲပြောင်းပေးတာဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတွေဟာ အခြားဝင်ငွေရလမ်းမရှိတဲ့အတွက် ပြည်ထောင်စုရဲ့ ထောက်ပံ့ငွေကို ဘတ်ဂျက်ရငွေထဲ ထည့်ဆွဲပြီး လိုငွေ၊ ပိုငွေမရှိတဲ့ ဘတ်ဂျက်ကို လျာထားကြရပါတယ်။
ဘဏ္ဍာရေးလိုအပ်ချက် | ဖွံ့ဖြိုးရေးလိုအပ်ချက် |
---|---|
လူတစ်ဦးကျGDP (ခန့်မှန်း) | လူဦးရေ(သန်းခေါင်စာရင်း) |
လူတစ်ဦးကျ အခွန်ရရှိမှု(အမှန်စာရင်း) | ဆင်းရဲမွဲတေမှုအညွှန်းကိန်း(နေထိုင်မှုစစ်တမ်း ၂၀၁၀) |
ပြည်နယ်/တိုင်းမြို့ပြလူဦးရေ | မြေဧရိယာ |
စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်တိုင်းဟာ ကျပ်သန်းပေါင်း ၁၂၆၄၃၂ ကျော်ကို ပြည်ထောင်စုထောက်ပံ့ငွေအနေနဲ့ လွှဲပြောင်းရရှိမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုထောက်ပံ့ငွေပမာဏ အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်ပြီး ကျပ်သန်းပေါင်း ၆၅၀၁၉ ရှိပါတယ်။ ထောက်ပံ့ငွေ ရရှိမှု အများဆုံးကတော့ ရှမ်းပြည်နယ်ပါ။ ပြည်နယ်ရဲ့ ၀င်ငွေဟာ ကျပ်သန်း ၄၅၃၀၀ ကျော်သာရှိပြီး သုံးငွေဟာ ၂၉၅၉၉၅ သန်းကျော်ရှိတဲ့အတွက် ပြည်ထောင်စုထောက်ပံ့ငွေ ရရှိမှုဟာ သန်းပေါင်း ၂၅၀၀၀၀ ကျော် ရှိနေပါတယ်။
နောက်ထပ် ကျပ်သန်းပေါင်း ၂၀၀၀၀၀ ကျော် ထောက်ပံ့ငွေရရှိတာကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး၊ မကွေးတိုင်းကတော့ ကျပ်သန်း ၁၇၇၅၅၂ သန်းနဲ့ တတိယမြောက် ထောက်ပံ့ငွေရရှိမှု အများဆုံး ဖြစ်ပါတယ်။ ကျန်တိုင်းဒေသနဲ့ ပြည်နယ်တွေရဲ့ ထောက်ပံ့ငွေ ရရှိမှုပမာဏက ကျပ်သန်းပေါင်း ၁၇၀၀၀၀ ကနေ ၁၂၀၀၀၀ ကျော်အထိ ဖြစ်ပြီး ကျပ်သန်း ၁၀၀၀၀၀ အောက်ပဲ ပြည်ထောင်စုထောက်ပံ့ငွေ ရရှိတာက ကယားအပါအ၀င် ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဖြစ်ပါတယ်။
ဘီလျံ ၇၀၀၀ ကျော် လိုငွေပြမယ့် ဘက်ဂျက်နှစ်
ပြည်ထောင်စုအစိုးရအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လိုငွေပြမှုဟာ ကျပ် ၇၀၂၇.၃၆၄ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ထောင်စုရဲ့ အသုံးစရိတ်ထဲမှာ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လိုငွေဖြည့်ပေးတာနဲ့ ထောက်ပံ့တာတွေအတွက် ကျပ် ၂၁၁၄.၃၈၆ ဘီလီယံ ပါ၀င်ပါတယ်။
ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနအလိုက် အသုံးစရိတ်တွေထဲမှာ အများဆုံး သုံးစွဲဖို့ လျာထားခံရတဲ့ ၀န်ကြီးဌာနတွေကတော့ လျှပ်စစ်နှင့် စွမ်းအင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနတို့ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုဘတ်ဂျက် အကျဉ်းချုပ်ကို ဒီမှာ ဖတ်ရှူနိုင်ပါတယ်။
လွှတ်တော်တွေက အတည်ပြုရဦးမယ်
အခု ဖော်ပြထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ ခန့်မှန်းခြေဘက်ဂျက် အဆိုပြုတင်ပြချက် (အနှစ်ချုပ်) ပါ အချက်အလက်တွေ ဖြစ်ပါတယ်။ လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ဒီဘတ်ဂျက်ကို ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ လွှတ်တော်က စိစစ်တာ၊ ဖြတ်တောက်တာတွေ လုပ်ပြီတဲ့အခါကျမှသာလျှင် နောက်လာမယ့် ဘက်ဂျက်နှစ်အတွက် ပြည်ထောင်စုအသုံးစရိတ်တွေက အတည်ဖြစ်လာမှာဖြစ်ပါတယ်။ ပြည်ထောင်စုအသုံးစရိတ်ထဲပါတဲ့ ပြည်နယ်/တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ ထောက်ပံ့ငွေတွေကိုတော့ လွှတ်တော်က ဖြတ်တောက်ဖို့မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်က ဘတ်ဂျက်အတည်ပြုပြီးရင်တော့ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တွေကတော့ သက်ဆိုင်ရာ အစိုးရတွေရဲ့ အသေးစိတ် အသုံးစရိတ်တွေကို လျှော့ချဖြတ်တောက်ခွင့်ပြုတာတွေ ဆောင်ရွက်ကြရဦးမှာပါ။
အောင်ထွန်းလင်း ရေးသားသည်။