Posted in Legislative Research on May 09, 2019
တာဝန်မှရုပ်သိမ်းခြင်းဟာ တိုက်ရိုက်ဒီမိုကရေစီပုံစံတစ်မျိုးဖြစ်ပြီး ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ နိုင်ငံသားတွေက ပြန်လည်ရုပ်သိမ်းဖယ်ရှားလိုက်ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဆိုတာက သူ့ကိုရွေးကောက်ပေးလိုက်တဲ့ မဲဆန္ဒရှင်ပြည်သူများအား တာဝန်ခံမှု အမြဲမပြတ်ရှိရမယ်ဆိုတဲ့ အယူအဆကနေတစ်ဆင့် ဆက်စပ်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့အချိုးအစားတစ်ခုက လက်မှတ်ရေးထိုးပြီး သူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုလာတဲ့အခါ ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုကျင်းပပြီး ကိုယ်စားလှယ်ကို ဖယ်ရှားဖို့နဲ့အစားထိုးဖို့ သင့်မသင့် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
လက်ရှိမှာ ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းဟာ လွှတ်တော်ကိုရောက်ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များလည်း ဖတ်ရှုပြီး ဖြစ်နေလောက်ပါပြီ။ ဒီဥပဒေကြမ်းဟာ ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၉၆နဲ့ ၃၉၇ တို့ကို အကောင်အထည်ဖော်ဆောင်ရွက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတွေကို မြို့နယ်အဆင့်၊ပြည်နယ်အဆင့် လွှတ်တော်များတွင် အများအားဖြင့်တွေ့ရသော်လည်း နိုင်ငံတော်အဆင့်(ပြည်ထောင်စုအဆင့်) မှာတွေ့ရခဲပါတယ်။ ဒီလိုတာဝန်မှရုပ်သိမ်းခြင်းမျိုးဟာ တိုက်ရိုက်ဒီမိုကရေစီစနစ်အတွက် အကျိုးရှိတဲ့ နည်းလမ်းဖြစ်နိုင်တဲ့ ဥပမာအချို့ရှိပေမဲ့လို့ နိုင်ငံတကာအတွေ့အကြုံများအရ တာဝန်ခံမှုကို တိုးတက်စေရာမှာ ထိရောက်မှုမရှိသလို နိုင်ငံရေးအရထိုးနှက်ချက်တစ်ခုအနေနဲ့ အလွယ်တကူအသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိကြောင်းကိုလည်း ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံရဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှရုပ်သိမ်းနိုင်သည်လို့ ပါရှိပေယ့် ရွေးကောက်ခံကိုယ်စားလှယ်များအားလုံးကို ဆိုလိုသည်မဟုတ်ကြောင်းတွေ့ရပါတယ်။ ဆိုလိုတာကတော့ ယခုအခါတွင် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်အချို့ဟာလည်း ရွေးကောက်ခံများဖြစ်ကြသော်လည်း ဤတာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာနဲ့ ပတ်သက်ခြင်း မရှိသလို ဖြစ်နေပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းကိုလည်း တိုက်ရိုက်ရွေးကောက်တင်မြှောက်နိုင်သောအခြေအနေမရှိသေးတဲ့အတွက် ယခုပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသော ဥပဒေကြမ်းသည် ပြည်ထောင်စုအဆင့်နှင့်တိုင်းဒေသကြီး/ပြည်နယ်အဆင့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များကိုသာ ရည်ညွှန်းထားကြောင်းတွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အခုလို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား စဉ်းစားသုံးသပ်ခြင်းဟာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၁၂ ခုနှစ်ကာလကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သို့တင်သွင်းခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်ထောင်စုလွှတ်တော်က နိုင်ငံသားများအား ဥပဒေကြမ်းကို ပြန်လည်သုံးသပ်နိုင်ရန် ချပြထားခြင်းဖြစ်ပါတယ်။
အကြံပြုချက်များနဲ့ ရွေးချယ်စရာများ
အာနန္ဒာအဖွဲ့အနေဖြင့် ဥပဒေကြမ်းအား ကြည့်ရှုသုံးသပ်ခဲ့ပြီး အခြားနိုင်ငံများတွင် ကျင့်သုံးနေသောအလေ့အထများဖြင့် နှိုင်းယှဉ်ကာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များနဲ့စိတ်ပါဝင်စားသူများအား အောက်ပါအချက်များ ထည့်သွင်းစဉ်းစားရန် အကြံပြုချင်ပါတယ်။
ရပ်ဆိုင်းထားခြင်း
လက်ရှိဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ခေတ္တရပ်ဆိုင်းထားစေလိုပါတယ်။ အကြောင်းရင်းကတော့ ဒီဥပဒေကြမ်းဟာ ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းပုဒ်မအချို့အား အကောင်အထည်ဖော်ရန် ရည်ရွယ်ထားတာဖြစ်လို့ပါပဲ။ ဆိုလိုချင်တာက ယခုအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လုပ်ဆောင်နေကြချိန်ဖြစ်ပြီး၊ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းကော်မတီဟာ ဒီဥပဒေကြမ်းနဲ့ဆက်စပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌန်းချက်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၉၆နဲ့၃၉၇ တို့ပါ အခန်း (၉)ကို လက်ရှိအချိန်မှာ ပြန်လည်သုံးသပ်ခြင်းမပြုရသေးတဲ့ကာလလည်း ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
ပယ်ဖျက်ခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို ပယ်ဖျက်လိုက်တာ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် လွှတ်တော်တွင် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၏ အကောင်းအဆိုးများအား ငြင်းခုံဆွေးနွေးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏စည်းနှောင်ထားမှုကို ခံရတော့မှာ မဟုတ်ပါဘူး။ ဒီဥပဒေမျိုး လိုအပ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်အများစုက ယူဆတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စည်းနှောင်ထားခြင်း မရှိတဲ့ ပြန်လည်ရုပ်သိမ်းခြင်းနဲ့သက်ဆိုင်တဲ့ သီးခြားဥပဒေတစ်ခုကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ပြင်ဆင်ခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို ပြင်ဆင်ရေးဆွဲခြင်းကိုလည်း ရွေးနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို ပယ်ဖျက်ရန်ခက်ခဲပါက ဥပဒေပုဒ်မတွေရဲ့ တင်းကြပ်တဲ့ စည်းနှောင်ထားမှုကို ဖြေလျော့နိုင်ဖို့ ရိုးရှင်းတဲ့ ဥပဒေပုဒ်မတစ်ခုကို ရေးဆွဲနိုင်ပါတယ်။ အခြေခံဥပဒေထဲမှာ "ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းသည့်ဥပဒေ ရေးဆွဲအတည်ပြုရန် ဆုံးဖြတ်ချက် ချမှတ်နိုင်သည်"ဆိုတဲ့ ပုဒ်မကို ထည့်သွင်းလိုက်ခြင်းဖြင့်လည်း ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတစ်ခု ရေးဆွဲပြဌာန်းတဲ့အခါမှာ ပိုပြီးတော့ ပျော့ပြောင်းမှုရှိမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တင်းကြပ်တဲ့စည်းနှောင်မှုကိုလည်း ခံရတော့မှာ မဟုတ်ပါဘူး။
ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ရဲ့ အကန့်အသတ်များကြားမှ ဥပဒေကြမ်းအား စဉ်းစားခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို ပယ်ဖျက်ခြင်းနဲ့ပြင်ဆင်ခြင်းတွေဟာ အလုပ်မဖြစ်တော့ဘူး မဖြစ်နိုင်တော့ဘူးဆိုရင်တော့ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ပြင်ဆင်ရေးဆွဲဖို့လည်း ထပ်မံအကြံပြုလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ အကြောင်းရင်းတွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနဲ့အကျင့်သိက္ခာပျက်ပြားခြင်းဆိုတဲ့အချက်တွေကို မှားယွင်းစွာအဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ရှင်းလင်းတဲ့ဖော်ပြချက်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ဒီအဓိပ္ပာယ်တွေ ရှင်းလင်းစွာ ဖွင့်ဆိုထားခြင်းရှိမှသာ ပြန်လည်ရုပ်သိမ်းခြင်းအတွက် ပါဝင်ဆောင်ရွက်ကြရသူများ ဒါမှမဟုတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေကို အသုံးပြုပြီး အတိုက်အခံပါတီတွေကို နှိပ်ကွပ်ရန် လက်နက်သဖွယ် အသုံးချတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှပြန်လည်ရုပ်သိမ်းရန်အတွက် ဖော်ထုတ်အသိပေးသူများနဲ့ တိုင်ကြားလာသူတွေကို ပိုမိုအားကောင်းစွာ အကာအကွယ်ပေးနိုင်ဖို့လည်း ဥပဒေထဲမှာ ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ ဒါမှသာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မှားယွင်းဆောင်ရွက်နေတာတွေကို တွေ့မြင်ကြပေမဲ့လည်း ပြန်လည်တရားစွဲဆိုခံရနိုင်ခြင်းဆိုတဲ့ အန္တရာယ်ကြောင့် တိုင်ကြားခြင်းကို ရှောင်ရှားသွားနိုင်ပါတယ်။ ထို့အတူ အဂတိလိုက်စားမှုဆိုင်ရာ အကြောင်းရင်းများနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အခန်းကဏ္ဍကို ဥပဒေမှာ ရှင်းလင်းစွာဖော်ပြထားဖို့ လိုအပ်ပါတယ်။ ပြန်လည်ရုပ်သိမ်းခြင်း လုပ်ငန်းစဉ်တစ်ခုတိုင်းအတွက် သီးခြားစုံစမ်းစစ်ဆေးရေးခုံရုံးတစ်ခု လိုအပ်ချက်ကိုလည်း ဥပဒေကြမ်းမှာ ဖယ်ရှားဖို့ စဉ်းစားသင့်ပြီး၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ကိစ္စတစ်ခုချင်းအတွက် သုံးသပ်စစ်ဆေးသင့်ပါတယ်။ ဒါမှသာ ဆုံးဖြတ်ချက်ချမှတ်မှုတွေဟာ ရှေ့နောက်ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်လာမှာ ဖြစ်ပါတယ်။
ပြန်လည်ရုပ်သိမ်းခြင်းအတွက် လက်မှတ်ကောက်ခံခြင်း၊ပြည်သူ့ဆန္ဒခံယူပွဲကျင်းပခြင်းနဲ့ကြားဖြတ် ရွေးကောက်ပွဲများ ပြလုပ်ခြင်းတို့အတွက်လည်း ဥပဒေမပြဌာန်းသေးခင် ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပါတယ်။ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စတွေမှာ ငွေကြေးဆိုင်ရာလွှမ်းမိုးမှုတွေကို တားဆီးနိုင်ဖို့အတွက် ရှင်းလင်းတဲ့ စည်းမျဉ်းတွေ၊စည်းကမ်းချက်တွေ၊လမ်းညွှန်ချက်တွေ ချမှတ်ထားရပါမယ်။ ဥပမာပြောရရင် ပုဂ္ဂလိကလက်မှတ်စုဆောင်းရေးကုမ္ပဏီတွေ အသုံးပြုခြင်းမျိုးကို တားဆီးတာတွေ၊လက်မှတ်ကောက်ယူခြင်းနဲ့ ဆန္ဒခံယူပွဲတွေအတွက် ရန်ပုံငွေရှာဖွေတဲ့ အရင်းအမြစ်တွေ၊အသုံးပြုပုံနည်းလမ်းတွေကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်စေခြင်းမျိုးတွေစတာတွေ လုပ်ဆောင်နိုင်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ယူမှုမြင့်မားလာစေဖို့အတွက်နဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ထိရောက်အားကောင်းလာစေဖို့၊ ပွင့်လင်းမြင်သာမှု ရှိလာစေဖို့အတွက် တိုက်ရိုက်ဒီမိုကရေစီစနစ်ပုံစံဖြစ်တဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းနည်းလမ်းကို အသုံးပြုတဲ့ အခါမှာတော့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အခါမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူရှေ့တွင်ဖြစ်စေ ဒါမှမဟုတ် လွှတ်တော်ရဲ့ဝက်ဆိုဒ်တွေကတစ်ဆင့်ဖြစ်စေ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အစီရင်ခံစာတွေကိုလည်း အများပြည်သူဖတ်ရှုလေ့လာနိုင်ဖို့အတွက် ဆောင်ရွက်ထားရှိရမှာ ဖြစ်ပါတယ်။
ယခုဆောင်းပါးဟာ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတွေနဲ့ ပတ်သက်လို့ လေ့လာထားတဲ့ စာတမ်းငယ်ရဲ့ အကျဉ်းချုပ် ဖြစ်ပါတယ်။ ၎င်းစာတမ်း အပြည့်အစုံ ကိုလည်း အာနန္ဒာမှာ မကြာခင်ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။