Posted in Political Institutions on Jun 06, 2019

နိဒါန်း

ရွေးကောက်ခံ ကိုယ်စားလှယ်ဆိုတာ သင်တို့ကို တာဝန်ခံရမှာ ဖြစ်သလို ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်ကို မျက်ကွယ်ပြုပြီး သင်တို့ အလိုချည်း လိုက်နေရမယ်ဆိုရင်လည်း ဒါဟာ သူ့ရဲ့ လုပ်ဆောင်ရမယ့် တာဝန်အပေါ် သစ္စာဖောက်ခြင်းပဲ။

Edmund Burke၊ UK နိုင်ငံ၊ Bristol မြို့မှ ပါလီမန်အမတ်၊ ၁၇၇၄ ခုနှစ်တွင် အောက်လွှတ်တော်၌ ပြောကြားခဲ့မှု

ဆိုလိုချင်တာက ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ကိုယ်စားပြုမှုအရ မဲဆန္ဒရှင်တွေရဲ့စိတ်ဆန္ဒတွေကို သိရှိပြီး မဲဆန္ဒရှင်တွေအတွက် လုပ်ဆောင်ပေးရမှာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အရည်အချင်းနဲ့ ရပ်တည်ချက်ကိုလည်း ယုံကြည်လို့ ရွေးကောက်တင်မြှောက်ထားတယ်ဆိုတာ သတိချပ်ရမှာပါ။ ။ ဒါကြောင့် သူ့ရဲ့ လုပ်ငန်းတာဝန်တွေ အပေါ်မှာ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာ မဲဆန္ဒရှင်တွေရဲ့လိုအင်ဆန္ဒတွေနဲ့ အမြဲတမ်း ကိုက်ညီနေမှာ မဟုတ်ပါဘူး။ ဒီအတွက် လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ရာမှာ မဲဆန္ဒရှင်တွေရဲ့ စိတ်ဆန္ဒတွေကို လိုက်လျောဖို့ အမြဲတမ်း မလိုအပ်ပါဘူး။ သူ့ကို ပေးအပ်ထားတဲ့ တာဝန်အရ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမယ့်အချိန်တိုင်း မဲဆန္ဒရှင်တွေရဲ့ အလိုဆန္ဒအတိုင်းသာ လိုက်လျောလုပ်ဆောင်နေရင် ဒါဟာ သူ့ရဲ့ လုပ်ငန်းတာဝန်အပေါ် သစ္စာဖောက်ဖျက်ခြင်း ဖြစ်ပါတယ်။

တာဝန်မှရုပ်သိမ်းခြင်းဆိုတာ တိုက်ရိုက်ဒီမိုကရေစီပုံစံ တစ်မျိုးဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေကို သက်တမ်းမကုန်ဆုံးခင်ကာလမှာ ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒရှင်တွေက ပြန်လည်ရုပ်သိမ်းဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်ဆိုတာ သူတို့ကို ရွေးကောက်ပေးလိုက်တဲ့ မဲဆန္ဒရှင်တွေကို အမြဲမပြတ် တာဝန်ခံရမယ်ဆိုတဲ့ အယူအဆနဲ့ တာဝန်မှ ရုပ်သိမ်းခြင်းကိစ္စဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပေးပို့ထားတာတွေ့ရပြီး လွှတ်တော်ကိုယ်စားလှယ်များလည်း ဖတ်ရှုပြီးပြီလို့ ယူဆရပါတယ်။ ဒီဥပဒေကြမ်းက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် ပါလီမန်တွေမှာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေတွေ တွေ့မြင်ရပေမယ့်လည်း နိုင်ငံတော်အဆင့် (ပြည်ထောင်စု) တွင်မူ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေကို တွေ့ရခဲပါတယ်။ နိုင်ငံတကာ ဒီမိုကရေစီနှင့်ရွေးကောက်ပွဲ အထောက်အကူပြု အဖွဲ့အစည်း(IDEA, 2008) ရဲ့ သုတေနတွေ့ရှိချက်တွေအရ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ပြည်သူတွေဆန္ဒအရ တာဝန်က ပြန်လည်ရုပ်သိမ်းခွင့် ပေးထားတဲ့ နိုင်ငံပေါင်း ၃၀ ခန့်ရှိပြီး အဲဒီထဲက ၁၈ နိုင်ငံကတော့ ဒီအခွင့်အရေးကို အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲပေးထား ပါတယ်။

ဒီစာတမ်းမှာ တခြားနိုင်ငံတွေက ရွေးကောက်ခံကိုယ်စားလှယ်တွေ ရုပ်သိမ်းခြင်းနဲ့ပတ်သက်တဲ့ ချဉ်းကပ်ပုံနည်းလမ်းတွေကို အကျဉ်းချုံးလေ့လာခြင်းနဲ့ စတင်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံက ဥပဒေကြမ်းကိုလည်း ဆက်ပြီး လေ့လာထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မူဝါဒချမှတ်သူတွေနဲ့ လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး စဉ်းစားသုံးသပ်နိုင်ဖို့နဲ့ ဥပဒေပြုတဲ့အချိန်မှာ ထုတ်ယူသုံးစွဲနိုင်ဖို့ အကြံပြုချက်များ ထည့်သွင်းရေးသားထားပါတယ်။

နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ နည်းလမ်းများ

တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဥပဒေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံ (၃၀) ရှိပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြန်လည် ရုပ်သိမ်းတဲ့ နည်းလမ်းတွေ မတူညီကြပါဘူး။ တချို့နိုင်ငံတွေက နိုင်ငံတော်အဆင့် လွှတ်တော် ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းနိုင်ပြီး တချို့ကတော့ မြို့နယ်နဲ့ ပြည်နယ်အဆင့် ကိုယ်စားလှယ်ကိုသာ ရုပ်သိမ်းခွင့်ပြုထားပါတယ်။ များသောအားဖြင့် တာဝန်ကနေ ပြန်လည်ရုပ်သိမ်းတဲ့အခါမှာ လုပ်ဆောင်ပုံ နည်းလမ်းနှစ်မျိုးရှိပြီး အပြည့်အဝ ပြန်လည်ရုပ်သိမ်းခြင်းနဲ့ ရောထွေးရုပ်သိမ်းခြင်းတို့ ဖြစ်ပါတယ်။

အပြည့်အဝရုပ်သိမ်းခြင်း

ရွေးကောက်ခံကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ပြည်သူက ဘယ်လိုအကြောင်းပြချက်မှ ပေးစရာမလိုဘဲ ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ ရုပ်သိမ်းဖို့အတွက် အဓိကလိုအပ်တာက ပြည်သူတွေက လက်မှတ်ထိုးတောင်းဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ အရေအတွက် (ရာခိုင်နှုန်း) ရဖို့နဲ့ အဲဒါကို ထောက်ခံမဲ အများစုရဖို့ပဲ ဖြစ်ပါတယ်။

ရောထွေးရုပ်သိမ်းခြင်း

ပြစ်မှုကျူးလွန်တဲ့၊ အရည်အချင်းမပြည့်မှီတဲ့၊ အလုပ်မလုပ်တဲ့ ကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းတဲ့ ပုံစံ ဖြစ်ပါတယ်။ ပြန်လည်ရုပ်သိမ်းဖို့အတွက် ဆန္ဒမဲလက်မှတ်ကောက်ခံရာမှာ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်တာမျိုး၊ အကျင့်ပျက်ခြစားတာမျိုး၊ နိုင်ငံရေးရာထူးတာဝန်နဲ့ မသင့်တော်တဲ့ ကျင့်ဝတ်ချိုးဖောက်မှုမျိုးစတဲ့ အထောက်အထား၊ အကြောင်းပြချက်ကို တင်ပြပြီး ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံရေး ဒါမှမဟုတ် တရားစီရင်ရေးဖြစ်စဉ် တစ်ခု လိုအပ်ပါတယ်။

အပြည့်အဝရုပ်သိမ်းခြင်းနည်းလမ်းမှာပဲဖြစ်ဖြစ်၊ ရောထွေးရုပ်သိမ်းခြင်းနည်းလမ်းမှာပဲဖြစ်ဖြစ် အဆင့်နှစ်ဆင့်ပါပြီး ပထမအဆင့်မှာ ပြန်လည်ရုပ်သိမ်းဖို့အတွက် မဲဆန္ဒရှင်တွေဆီက လက်မှတ်ကောက်ခံပြီး အဆိုပြုရတာနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရတာ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ရုပ်သိမ်းခြင်း အောင်မြင်သွားရင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရမှာ ဖြစ်ပါတယ်။ တချို့အခြေအနေတွေမှာ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို တပြိုက်နက်တည်း ကျင်းပတာမျိုးလည်း ရှိပါတယ်။ တချို့သတ်မှတ်ချက်တွေအရမှာတော့ ရုပ်သိမ်းခံရတဲ့ကိုယ်စားလှယ်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိနေပါသေးတယ်။

ပြန်လည်ရုပ်သိမ်းခြင်းအတွက် လိုအပ်ချက်များ

ရွေးကောက်ခံကိုယ်စားလှယ်တွေကို ပြန်လည်ရုပ်သိမ်းတဲ့အခါမှာ လိုအပ်ချက်တွေအရလည်း ကွဲပြားခြားနားမှုတွေ ရှိနေနိုင်ပါသေးတယ်။

ရုပ်သိမ်းခြင်းဖြစ်စဉ်စတင်ရာမှာ ပြည်သူတွေက အဆိုပြုစတင်တာနဲ့ လွှတ်တော်ကအဆိုပြုစတင်တာ စတဲ့ အစပြုမှု ကွဲပြားနိုင်ပါတယ်။ ပြန်လည်ရုပ်သိမ်းဖို့ အတွက် ရာဇဝတ်မှုကျူးလွန်ခြင်းနဲ့ အကျင့်ပျက်မှုလိုကိစ္စတွေ စတဲ့ အကြောင်းရင်းတွေ လိုအပ်မှု ရှိ၊ မရှိအပြင် ပြန်လည်ရုပ်သိမ်းခြင်းလုပ်ငန်းစဉ် စတင်နိုင်ဖို့ လိုအပ်တဲ့ မဲဆန္ဒရှင်တွေရဲ့ လက်မှတ်အရေအတွက် (ရာခိုင်နှုန်း) တွေအပေါ်မှာ မူတည်ပြီးတော့လည်း ကွဲပြားခြားနားနေနိုင်ပါသေးတယ်။

နိုင်ငံတကာနမူနာများ

နိုင်ငံတချို့ရဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာနည်းလမ်းတွေကို ဒီစာတမ်းမှာ လေ့လာသုံးသပ်ထားပြီး မတူကွဲပြားတဲ့ စနစ်တွေ၊ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

ကနေဒါ (ဗြိတိသျှကိုလံဘီယာ)

ဗြိတိသျှ ကိုလံဘီယာပြည်နယ်ဟာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကျင့်သုံးတဲ့ ကနေဒါနိုင်ငံရဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး အပြည့်အဝရုပ်သိမ်းခြင်းနည်းလမ်း ကျင့်သုံးပါတယ်။ ဆိုလိုတာက ဘယ်လိုအကြောင်းပြချက်မျိုးမှ မလိုဘဲ ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဖြစ်စဉ်ကို အစပြုနိုင်ပါတယ်။ ဒီနေရာမှာလည်း ထူးခြားချက်အနေနဲ့ လက်မှတ်ကောက်ယူတဲ့အခါမှာ မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူတွေရဲ့ လေးဆယ် (၄၀) ရာခိုင်နှုန်း အထိရခဲ့ရင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပစရာမလိုတော့ပဲ ကိုယ်စားလှယ်ကို ဖြုတ်ချပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့သာ လိုတော့တာဖြစ်ပြီး၊ (၄၀) ရာခိုင်နှုန်း မရရှိခဲ့ရင်တော့ ရုပ်သိမ်းခြင်းကိစ္စရပ်က မအောင်မြင်ပါဘူး။

ဗြိတိသျှ ကိုလံဘီယာပြည်နယ်ရဲ့ပြန်လည်ရုပ်သိမ်းခြင်းစနစ်ကို ဝေဖန်ကြတဲ့အခါ တစ်ခုက ဘယ်လို အကြောင်းပြချက်မှမလိုဘဲ ပြန်လည်ရုပ်သိမ်းနိုင်တဲ့အတွက် နိုင်ငံရေးရည်ရွယ်ချက်အတွက်နဲ့ ပြန်လည်ရုပ်သိမ်းဖို့ ကြိုးစားလာနိုင်တာဖြစ်ပြီး၊ နောက်ထပ်တစ်ခုက လိုအပ်တဲ့ ဆန္ဒမဲအရေအတွက်က (၄၀) ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြင့်မားလွန်းတယ်ဆိုပြီး ဝေဖန်ကြတာပဲ ဖြစ်ပါတယ်။

အိန္ဒိယ

အိန္ဒိယနိုင်ငံမှာတော့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ မရှိပေမယ့်လည်း ၁၉၄၀ ခုနှစ် နောက်ပိုင်းမှာ ဥပဒေရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပြီး ပြင်းထန်တဲ့ငြင်းခုံမှုတွေ ပေါ်ပေါက်ခဲ့ဖူးတယ်။ အိန္ဒိယပါလီမန်မှာ ၁၉၇၄ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ဥပဒေကြမ်း တင်သွင်းခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှာ နောက်ဆုံးအကြိမ် တင်သွင်းခဲ့ပါတယ်။

အိန္ဒိယမှာ တိုက်ရိုက်ဒီမိုကရေစီပုံစံမျိုးဖြစ်တဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ငြင်းခုံကြရတာဟာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို နိုင်ငံရေးလက်နက် တစ်ခုအဖြစ် အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် နိုင်ငံရေးပါတီတစ်ခုခုကနေ သုံးစွဲလာနိုင်တာကြောင့် ဖြစ်ပါတယ်။ ဝေဖန်ထောက်ပြသူတွေ အဓိကထောက်ပြကြတာက လူ့အဖွဲ့အစည်းအတွင်းမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ဇာတ်နိမ့်ဇာတ်မြင့်အယူအဆတွေ၊ ဘာသာရေးအယူအဆတွေက ငါးနှစ်တစ်ကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို မစောင့်ဆိုင်းတော့ဘဲ ပြန်လည်ရုပ်သိမ်းခြင်းကိစ္စရပ်ကို အစပြုလိုက်မယ်ဆိုရင် အိန္ဒိယဒီမိုကရေစီရဲ့ အနှစ်သာရကို ပျက်စီးသွားနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ယူဂန္ဓာ

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရောက်ရှိနေတဲ့ ဥပဒေကြမ်းနဲ့ အခြေခံသဘောတရားခြင်း တူညီတာက ယူဂန္ဓာနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဥပမာကောင်းတစ်ခုပါပဲ။ ယူဂန္ဓာနိုင်ငံရဲ့ ရုပ်သိမ်းခြင်းနည်းလမ်းက ရောထွေးရုပ်သိမ်းခြင်းနည်းလမ်း ဖြစ်ပြီး ကိုယ်စားလှယ်တစ်ဦးက ရုံးလုပ်ငန်းတာဝန်တွေမှာ ရုပ်ပိုင်း၊စိတ်ပိုင်းအရ မစွမ်းဆောင်နိုင်တော့ရင်၊ ကိုယ်စားလှယ် တစ်ယောက်ရဲ့ဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ လုပ်ဆောင်ချက် ဒါမှမဟုတ် အပြုအမူကို ပြုကျင့်ခဲ့ရင်၊ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်မရှိဘဲ အလုပ်တာဝန်ကို ကျေပွန်အောင် မလုပ်ဆောင်ခဲ့ရင် ကိုယ်စားလှယ်ရုပ်သိမ်းခြင်း လုပ်ငန်းစဉ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်။

ပြန်လည်ရုပ်သိမ်းခြင်း လုပ်ငန်းစဉ်အတွက် ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ မဲဆန္ဒရှင်တွေက အစပြုနိုင်ပြီး မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်အားလုံးရဲ့ သုံးပုံနှစ်ပုံက လက်မှတ်ထိုးကာ လွှတ်တော်ဥက္ကဋ္ဌဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ တိုင်တန်းချက်တွေကို စစ်ဆေးဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးရမှာဖြစ်ပြီး ကော်မရှင်ရဲ့ အစီရင်ခံစာအရ မဲဆန္ဒရှင်တွေရဲ့ တိုင်တန်းချက်က မှန်ကန်နေရင် ကိုယ်စားလှယ်ကို ဖယ်ရှားပြီးကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ ကော်မရှင်အစီရင်ခံစာအရ မဲဆန္ဒရှင်တွေရဲ့ တိုင်ကြားချက်က မမှန်ကန်ရင်လည်း မမှန်ကန်ကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ မူလမဲဆန္ဒရှင်တွေရဲ့ တစ်ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အဆိုပြုတိုင်တန်းရမှာဖြစ်ပြီး ကော်မရှင်က ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီလုပ်ဆောင်နိုင်ဖို့လည်း ပြည်ထောင်စုလွှတ်တော်က တာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်အတွက် ဥပဒေပြဋ္ဌာန်းပေးရမှာ ဖြစ်ပါတယ်။

ယူကေ (ဗြိတိန်)

ယူကေနိုင်ငံမှာလည်း ပြန်လည်ရုပ်သိမ်းနိုင်တဲ့ အခွင့်အရေးကို ၂၀၁၅ ခုနှစ်မှာ ဥပဒေကြမ်းတင်သွင်းခြင်းနဲ့ စတင်လာခဲ့တယ်။ ဥပဒေကြမ်းပေါ်ပေါက်လာရတဲ့ အကြောင်းရင်းကတော့ လွှတ်တော်ကိုယ်စားလှယ် တွေက လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ခရီးသွားလာမှုတွေနဲ့ တည်းခိုစရိတ်တွေကို ကျသင့်တာထက် ပိုမိုတောင်းခံသုံးစွဲကြတယ်။ အသုံးစရိတ်တွေ မြင့်မားစွာသုံးစွဲခဲ့တဲ့ အသုံးစရိတ် အရှုပ်တော်ပုံကြီး ပေါ်ပေါက်လာတော့ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေမြင့်တက်လာတာကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို ရုပ်သိမ်းနိုင်ဖို့ စတင်လာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ပါလီမန်အမတ် တစ်ဦးတစ်ယောက်ကိုမျှ ပြန်လည်ရုပ်သိမ်းခြင်းမရှိသေးပေမယ့် ဒီစာတမ်း ရေးသားနေချိန်မှာ Peterborough ရဲ့ လွှတ်တော်ကိုယ်စားလှယ် Fiona Onasanya ကို စစ်ဆေးနေပြီး အောင်မြင်နိုင်ခြေ ရှိပါတယ်။ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် Onasanya ရဲ့ ကိစ္စကတော့ သူမမှာ အပြစ်ရှိကြောင်း တွေ့ရပြီး ထောင်ဒဏ်သုံးလ ကျခံထားပါတယ်။ သူမဟာ ပြစ်မှုတစ်ခုနဲ့ပတ်သက်ပြီး တရားမျှတမှု မဖြစ်ပေါ်စေရန် လိမ်လည်ထွက်ဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။

ယူကေစနစ်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရာဇဝတ်မှုတစ်ခုခုကြောင့် ထောင်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံရတာ၊ ထိန်းသိမ်းခံရတာ၊ အယူခံဝင်လို့ ရနိုင်တဲ့ တရားရုံးအားလုံး အယူခံဝင်ပြီးတဲ့ အခြေအနေမျိုးမှာ ကိုယ်စားလှယ်အဖြစ် အလိုအလျောက် ပျက်ပြယ်ခြင်းမရှိသော်လည်း ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းသင့်တယ်လို့ သုံးသပ်ပါက အောက်လွှတ်တော်ဥက္ကဋ္ဌက စတင်နိုင်ပါသည်။ ဒါ့အပြင် စံနှုန်းကော်မတီရဲ့ အကြံပြုချက်နဲ့ အစီရင်ခံစာအရ လွှတ်တော်က ကိုယ်စားလှယ်အား တာဝန်မှအချိန်ကာလတစ်ခု ယာယီအနားပေးခံရရင် ဖြစ်စေ၊ ၂၀၀၉ ခုနှစ် လွှတ်တော်ဆိုင်ရာ ကိုယ်ကျင့်တရားစံနှုန်းဥပဒေ အခန်း (၁၀) ပါ အချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် (လွှတ်တော်မှ သုံးစွဲရန် ခွင့်ပြုထားသော ကိုယ်စားလှယ်အသုံးစရိတ်များကို စာရင်းဇယားတင်ရာတွင် လိမ်လည်လှည့်စားသုံးစွဲခြင်း၊ မှားယွင်းသုံးစွဲခြင်း) ဖြစ်စေ စတဲ့ အချက်တွေထဲက တစ်ချက်ချက်နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အကြောင်းရင်းရှိပါက ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း လုပ်ငန်းစဉ် စတင်နိုင်ဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ (Speaker of House of Commons) က ခွင့်ပြုပေးနိုင်ပါတယ်။

ဥက္ကဋ္ဌက ခွင့်ပြုလိုက်ရင် သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ပြန်လည်ရုပ်သိမ်းခြင်း လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ပါတယ်။ ပြန်လည်ရုပ်သိမ်းဖို့ လက်မှတ်ကောက်ခြင်းအတွက် စတင်တဲ့အချိန်ကနေ ရက်သတ္တပတ် (၆) ပတ် ပေးထားပြီး သက်ဆိုင်ရာမှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ တစ်ဆယ် ရာခိုင်နှုန်းက လက်မှတ်ရေးထိုးခဲ့ရင် ကိုယ်စားလှယ်ကို ရုပ်သိမ်းလိုက်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးနိုင်ပါတယ်။ ပြန်လည်ရုပ်သိမ်းခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်တားဆီးထားခြင်း မရှိတာ တွေ့ရပါတယ်။

ယူကေစနစ်က ရောထွေးရုပ်သိမ်းခြင်းနည်းလမ်းလို့ ပြောနိုင်ပြီး ပြန်လည်ရုပ်သိမ်းဖို့အတွက် မဲဆန္ဒရှင် ပြည်သူတွေက စတင်ရခြင်းမဟုတ်ဘဲ သတ်မှတ်ချက်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ငြိစွန်းတယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ယူဆမှသာ ပြန်လည်ရုပ်သိမ်းဖို့အတွက် လက်မှတ်ကောက်ခြင်းကို စတင်နိုင်ပါတယ်။

အပြည့်အဝရုပ်သိမ်းခြင်းနည်းလမ်းဖြစ်တဲ့ အကြောင်းပြချက်မလိုတဲ့ ပြန်လည်ရုပ်သိမ်းမှုမျိုးကိုတော့ ယူကေနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့က ငြင်းဆိုခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က အချို့ကိစ္စရပ်တွေမှာ မဲဆန္ဒရှင်တွေနဲ့ သဘောထားခြင်း မတိုက်ဆိုင် ကွဲလွဲရုံမျှနဲ့ ကိုယ်စားလှယ်တစ်ယောက်ကို မရုပ်သိမ်းသင့်ကြောင်း၊ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာမှာ မဲဆန္ဒရှင်တွေနဲ့ တထပ်တည်းမကျရုံနဲ့ ရုပ်သိမ်းခြင်းကိစ္စရပ်ကို မလုပ်ဆောင်သင့်ဘူးလို့ ယူဆတဲ့အတွက်ပဲ ဖြစ်ပါတယ်။

အမေရိကန် (ကယ်လီဖိုးနီးယားပြည်နယ်)

ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာက အမေရိကန်နိုင်ငံမှာ ရွေးကောက်ခံအရာရှိတွေကို မဲဆန္ဒရှင်တွေက ပြန်လည်ရုပ်သိမ်းနိုင်တဲ့ ပြည်နယ် (၁၉)ခု ရှိတဲ့အထဲက တစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ မြို့နယ်နဲ့ မြူနီစီပယ်အဆင့်တွေမှာ ပြန်လည်ရုပ်သိမ်းခြင်းတွေကို အများစုတွေ့မြင်ကြရပေမယ့် ပြည်နယ် အဆင့်က တင်မြှောက်လိုက်တဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းတာ မရှိဘဲ ပြည်နယ်အဆင့်ထိဆိုရင်တော့ ရှားရှားပါးပါးအနေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနှစ်ဦး ရုပ်သိမ်းခံခဲ့ရဖူးပါတယ်။

အမေရိကန်နိုင်ငံမှာ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်စဉ် ရှားပါးရတဲ့အကြောင်းရင်းက နှစ်ချက်ရှိပါတယ်။ ပထမအချက်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သက်တမ်းက နှစ်နှစ်သာဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်တွေအနေနဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ကို ကြိုက်နှစ်သက်ခြင်းမရှိရင်တောင်မှ အချိန်ကြာကြာ စောင့်ဆိုင်းနေစရာမလိုတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက်က ရုပ်သိမ်းဖို့အတွက် လိုအပ်တဲ့ မဲလက်မှတ်ကို မြင့်မားစွာ ထားရှိထားခြင်းကြောင့်ဖြစ်ပြီး အချို့အခြေအနေတွေမှာ ရာခိုင်နှုန်း (၅၀) ထိ လက်မှတ်ရေးထိုး တောင်းဆိုဖို့ လိုအပ်ပါတယ်။ ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်တဲ့ မဲလက်မှတ် မြင့်မားတဲ့အတွက် အမေရိကန် နိုင်ငံရေးသမားတစ်ဦးကို ရုပ်သိမ်းဖို့ဆိုရင် ငွေကြေးများစွာ ကုန်ကျခံနိုင်မှသာ အောင်မြင်မယ့်အနေအထား ရှိပါတယ်။

ဒါပေမဲ့ ၂၀၀၃ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်စဉ်ကို ကြည့်ရင် ဒီမိုကရက်တစ်ပါတီက ပြည်နယ်အုပ်ချုပ်ရေးမှူး Gray Davis ကို ဖယ်ရှားပြီး ရီပတ်ပလင်ကန်ပါတီက Arnord Schwarzenegger က ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းမှာ ရန်ပုံငွေတောင့်တင်းတဲ့ အလှူရှင်တွေရဲ့ ပါဝင်ပတ်သက်မှုကို တွေ့ရပါလိမ့်မယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာအတွက် လိုအပ်တဲ့မဲရာခိုင်နှုန်းက နိမ့်ပါးပေမယ့် (လွန်ခဲ့တဲ့ရွေးကောက်ပွဲကာလထိ မဲထည့်ခဲ့သူများရဲ့ ၁၂ ရာခိုင်နှုန်းက လက်မှတ်ထိုးလျှင်) အောင်မြင်မှု ရရှိဖို့ဆိုရင်တော့ ရန်ပုံငွေတောင့်တင်းတဲ့ အလှူရှင်တွေက ကျွမ်းကျင်တဲ့ ကုမ္ပဏီတစ်ခုခုကို ဌားရမ်းစေခိုင်းမယ်ဆိုရင် ဖြစ်နိုင်တာကို တွေ့နေရပါတယ်။

အမေရိကန်က ပြည်နယ်တွေရဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာနည်းလမ်းတွေဟာ တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားမှု များစွာရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ ပြန်လည်ရုပ်သိမ်းဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာ ပေးစရာမလိုတဲ့ အပြည့်အဝရုပ်သိမ်းခြင်းနည်းလမ်းကို ကျင့်သုံးသလို ပြည်နယ်အများစုကလည်း အပြည့်အဝ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာနည်းလမ်းကို ကျင့်သုံးပါတယ်။ မဲဆန္ဒရှင်တွေက ကိုယ်စားလှယ်ကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ချပြီးကတည်းက ဖယ်ရှားဖို့အကြောင်းရင်း လုံလောက်တယ်လို့ သတ်မှတ်ထားပြီး အမှားအယွင်းရှိကြောင်း သက်သေပြစရာ မလိုအပ်ပါဘူး။ ပြည်နယ်အချို့မှာတော့ ရုပ်သိမ်းခြင်းဆိုင်ရာ ကျင့်သုံးနိုင်ဖို့ အကျင့်ပျက်ခြစားမှုလိုမျိုး၊ မှားယွင်းဆောင်ရွက်မှုလိုမျိုး၊ အရည်အချင်း မပြည့်ဝမှုလိုမျိုးစတဲ့အချက်တွေ လိုအပ်ပါတယ်။

ဗင်နီဇွဲလား

၂၀၀၄ ခုနှစ် သမ္မတကို ရာထူးမှ ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တဲ့ ဗင်နီဇွဲလားပြည်သူ ၂.၄ သန်း ပါဝင်ခဲ့တဲ့ ရုပ်သိမ်းရေးဖြစ်စဉ်ဟာ အမြင့်မားဆုံး သမ္မတရာထူးကို ဖယ်ရှားဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။ ရာထူးကနေ ဖယ်ရှားဖို့အတွက် လုံလောက်တဲ့ လက်မှတ်ကို ရှာဖွေနိုင်ခဲ့ပေမယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာတော့ ရုပ်သိမ်းရေးကို ဆန့်ကျင်တဲ့မဲ ၅၈ ရာခိုင်နှုန်းကြောင့် သမ္မတဟူဂိုချဗက် (Hugo Chavez) ဟာ သမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ခွင့်ရခဲ့တယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေကြမ်း

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်ပြည်သူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၃၆၉ နဲ့အညီ ပြန်လည်ရုပ်သိမ်းနိုင်ဖို့ လိုအပ်တဲ့ ဥပဒေမူဘောင်တစ်ခု ချမှတ်ပေးနိုင်ဖို့အတွက် ဥပဒေကြမ်းတင်သွင်းလာခြင်း ဖြစ်ပါတယ်။

ဥပဒေကြမ်းအရဆိုရင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို နိုင်ငံတော်ကျေးဇူးသစ္စာ ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အရည်အချင်းပျက်ယွင်းခြင်းနဲ့ ဥပဒေအရပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ခြင်းတွေကြောင့် ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။

ရုပ်သိမ်းခြင်းဖြစ်စဉ် အစပြုနိုင်ဖို့ မူလမဲဆန္ဒရှင်တွေရဲ့ တစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရမှာ ဖြစ်ပါတယ်။ တိုင်ကြားစာလက်ခံရရှိပြီးတာနဲ့ ကော်မရှင်ဟာ သက်ဆိုင်ရာလွှတ်တော်ဥက္က ဋ္ဌနဲ့ ကိုယ်စားလှယ်ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး၊ ဥပဒေရေးရာကျွမ်းကျင်တဲ့ နိုင်ငံသားနှစ်ဦး၊ သင့်လျော်တဲ့ နိုင်ငံသားတစ်ဦး၊ သက်ဆိုင်ရာလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ကို ကော်မရှင်က ဖွဲ့စည်းပေးပြီး စုံစမ်းခြင်းစတင်ရမှာ ဖြစ်ပါတယ်။

စုံစမ်းရေးအဖွဲ့က စုံစမ်းရေးမစတင်မီမှာ ပထမဦးဆုံး စတင်စစ်ဆေးရမှာက ကောက်ခံရရှိထားတဲ့ လက်မှတ်တွေဟာ တစ်ရာခိုင်နှုန်း ပြည့်မှီခြင်း ရှိ၊ မရှိနဲ့ တိုင်ကြားခြင်းကိစ္စရပ်မှာ ခြိမ်းခြောက်ခံရခြင်း၊ မလျော်သြဇာသုံးစွဲထားခြင်း၊ အနိုင်အထက်ပြုကျင့်ခံရခြင်း စတဲ့အချက်တွေ ရှိ၊ မရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ပထမအဆင့်စစ်ဆေးပြီးနောက် တိုင်ကြားချက်ပါအချက်တွေ မှန်၊ မမှန် စစ်ဆေးပြီးတာနဲ့ အကြံပြုချက်နဲ့ တွေ့ရှိချက်တွေပါတဲ့ အစီရင်ခံစာကို ရွေးကောက်ပွဲကော်မရှင်ဆီ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။

စွပ်စွဲချက်တွေ မှန်ကန်ကြောင်းတွေ့ရှိရင် ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဆန္ဒခံယူပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ မူလမဲဆန္ဒရှင်တွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်က မဲလာပေးပြီး မဲလာပေးသူတွေရဲ့ထက်ဝက်ကျော်က ပြန်လည်ရုပ်သိမ်းဖို့ထောက်ခံမဲပေးခဲ့ရင် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ကပြန်ရုပ်သိမ်းပြီး နောက်ထပ်လွှတ်တော်သက်တမ်းအတွက် ကျင်းပတဲ့ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းခံရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဟာ ဆန္ဒမဲပေးခြင်း မပြုခင်မှာ တိုင်ကြားချက်ပါကိစ္စရပ်ကို ရှင်းလင်းခွင့်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ စုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်အရ တိုင်တန်းတဲ့ကိစ္စရပ်ကို ပလပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ဆန္ဒခံယူပွဲအရ ရရှိလာတဲ့ ရလဒ်အရ ဆုံးဖြတ်ချက်ကိုဖြစ်စေ သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့ရမှာဖြစ်ပြီး နိုင်ငံတော်ပြန်တမ်းမှာလည်း ထည့်သွင်းကြေညာရမှာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ် ဖြစ်ပါတယ်။

ဥပဒေကြမ်းအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဟာ ရွေးကောက်ခံရပြီး တစ်နှစ်တာ ကာလအတွင်းမှာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာမထမ်းဆောင်ခြင်းဆိုတဲ့ စွပ်စွဲခံရခြင်းမှ ကင်းလွတ်ခွင့်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ ပြန်လည်ရုပ်သိမ်းဖို့ တိုင်ကြားချက် မမှန်မကန်တိုင်ကြားကြောင်း ပေါ်ပေါက်ခဲ့ရင် ဦးဆောင်တိုင်ကြားသူကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြန်လည်ရုပ်သိမ်းခြင်းလုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်ကို ရွေးကောက်ပွဲကော်မရှင်က နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ရောထွေးရုပ်သိမ်းခြင်းနည်းလမ်း

ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ ရောထွေးရုပ်သိမ်းခြင်းနည်းလမ်းလို့ ပြောလို့ရပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေက အစပြုနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့အချက်တွေကို ကိုယ်စားလှယ်က ဖောက်ဖျက်ကျူးလွန်တယ်လို့ ယူဆရင် ရုပ်သိမ်းခြင်းလုပ်ငန်းစဉ် စတင်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့အချက်တွေထဲမှာ ပထမဆုံးအချက်က နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ဖြစ်ပါတယ်။

နိုင်ငံတော်သစ္စာဖောက်ဖျက်မှု

နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ဆိုတဲ့စကားရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တိကျတဲ့အဓိပ္ပာယ် ဖွင့်ဆိုထားမှုမရှိသလို တချို့ဥပဒေတွေမှာ ဖွင့်ဆိုရှင်းလင်းထားတာကို တွေ့ရတာက "အစိုးရတစ်ရပ်အား ပြုတ်ကျစေရန် ကြိုးပမ်းအားထုတ်မှု"လို့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်မှာ အတိုက်အခံပါတီ ဆိုတာက အစိုးရတစ်ရပ်ကို လိုအပ်လာရင် ဖြုတ်ချနိုင်စေဖို့ ပြည်သူတွေက တရားဝင် အခွင့်အာဏာပေးထားတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အစိုးရတစ်ရပ်ကို ပြုတ်ကျစေနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ဆောင်မှုမျိုးကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ စွပ်စွဲလာနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဆိုတဲ့ကိစ္စရပ်က ဥပဒေပိုင်းဆိုင်ရာအရ ပြဿနာတစ်ခုအနေနဲ့ ရှိနေတာကို တွေ့ရပါတယ်။

အခြေခံဥပဒေ ချိုးဖောက်မှု

အခြေခံဥပဒေပါ ပြ ဋ္ဌာန်းချက်တစ်ရပ်ရပ်အား ချိုးဖောက်မှုဆိုတဲ့အချက်ကလည်း အဓိပ္ပာယ်အရ များစွာကျယ်ဝန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်နဲ့ အရည်အချင်းဆိုင်ရာကိုလည်း တိတိကျကျ သတ်မှတ်ပြ ဋ္ဌာန်းထားပြီးသား ဖြစ်တဲ့အတွက် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြ ဋ္ဌာန်းချက်တစ်ရပ်ရပ်အား ချိုးဖောက်ခြင်းကို ထည့်သွင်းထားတာက ရှင်းလင်းမှု မရှိဘူးလို့ ယူဆပါတယ်။

အကျင့်သိက္ခာ ပျက်ပြားခြင်း

အကျင့်သိက္ခာပျက်ပြားခြင်းဆိုတာကလည်း အလွန်ဝေဝါးကာ ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ စကားရပ်ဖြစ်ပြီး ဘယ်လိုနည်းလမ်းနဲ့မဆို အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် လမ်းဖွင့်ပေးထားသလို ဖြစ်နေပါတယ်။

ဖွဲ့စည်းပုံပါ ကိုယ်စားလှယ်တစ်ဦးရဲ့ အရည်အချင်းပျက်ယွင်းခြင်း

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အရည်အချင်းပျက်ယွင်းခြင်းက ပြန်လည်ရုပ်သိမ်းခြင်းအတွက် အကောင်းဆုံး အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပါရှိပြီးဖြစ်တဲ့အတွက် အခြား ရွေးချယ်စရာနည်းလမ်းကို အသုံးမပြုဘဲ ပြည်သူတွေရဲ့ ဆန္ဒမဲလက်မှတ်ကောက်ယူဖို့အတွက် ဘာကြောင့်လိုအပ်နေလဲဆိုတာကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။

ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ မဆောင်ရွက်ခြင်း

တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်ခြင်းဆိုတာကလည်း တိတိကျကျ သတ်မှတ်ဖို့ခက်ခဲတဲ့ စကားရပ်ဖြစ်ပြီး အချို့ကိစ္စရပ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လုပ်ဆောင်နိုင်မှု၊ လုပ်ပိုင်ခွင့်မူဘောင်ထဲမှာ ရှိနေချင်မှ ရှိနေမှာ ဖြစ်ပါတယ်။

ရုပ်သိမ်းနိုင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး စဉ်းစားရန်များ

ဥပဒေကြမ်းမှာပါတဲ့ ကိုယ်စားလှယ်ကို ပြန်လည်ရုပ်သိမ်းနိုင်တဲ့အချက်တွေက အမျိုးမျိုးလိုရာသုံးပြီး အဓိပ္ပာယ်ကောက်ယူနိုင်တဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါတဲ့ ပုဂ္ဂိုလ်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်ကပုဂ္ဂိုလ်တွေဟာ အစွပ်စွဲခံရတဲ့ ကိုယ်စားလှယ်နဲ့ နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်နေခဲ့မယ်ဆိုရင် နိုင်ငံရေးရည်မှန်းချက်အတွက် မှားယွင်းတဲ့သုံးစွဲမှုမျိုး ဖြစ်လာနိုင်ခြေရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို အနိုင်ရပါတီကသာ ခန့်အပ်နိုင်တဲ့အခြေအနေမှာ ရှိနေတာကိုလည်း သတိပြုသင့်ပါတယ်။ ထပ်မံသတိပြုရမယ့်အချက်က သမ္မတ၊ ဒုတိယသမ္မတ၊ တရားသူကြီးချုပ်တို့၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ စတဲ့ပုဂ္ဂိုလ်တွေကို ပြန်လည်ရုပ်သိမ်းနိုင်ဖို့ အတွက်က လွှတ်တော်ကိုယ်စားလှယ်ကို ရုပ်သိမ်းဖို့ သတ်မှတ်ထားတဲ့အချက်တွေနဲ့ပဲ သတ်မှတ်ထားတာဖြစ်ပြီး စွပ်စွဲပြစ်တင်တဲ့ နည်းလမ်း သုံးစွဲတာကို တွေ့ပါတယ်။

ရုပ်သိမ်းနိုင်ရန် ဆန္ဒမဲလိုအပ်ချက်

ဥပဒေကြမ်းပါ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရုပ်သိမ်းနိုင်ဖို့အတွက် လိုအပ်တဲ့ ဆန္ဒမဲလက်မှတ် ရာခိုင်နှုန်းက အခြားနိုင်ငံတွေမှာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လွန်စွာနည်းပါးနေတာကို တွေ့ရပါတယ်။ Facebook လို ဆိုရှယ်မီဒီယာမှာ ကမ်ပိန်း (Campaign) ပြုလုပ်ရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ရုပ်သိမ်းနိုင်ဖို့အတွက် လိုအပ်တဲ့ လူအရေအတွက် ရရှိနိုင်ပါတယ်။ ရုပ်သိမ်းရေးကို အလွယ်တကူ ဆောင်ရွက်နိုင်တဲ့အတွက် တိုက်ရိုက်ဒီမိုကရေစီအတွက် ကောင်းမွန် လွတ်လပ်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်မလာနိုင်ဘဲ နိုင်ငံရေးပြိုင်ဘက်တစ်ဦးက အသုံးချနိုင်တဲ့ လက်နက်တစ်ခုလို ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရုပ်သိမ်းရေးကိစ္စအတွက်လည်း ဆန္ဒခံယူပွဲ ခဏခဏကျင်းပရနိုင်ပြီး စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးအရ ကုန်ကျစရိတ်တွေ များစွာရှိလာနိုင်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့

ဥပဒေကြမ်းအရ ရုပ်သိမ်းရေးအတွက် မဲဆန္ဒရှင်တွေရဲ့ စတင်ဆောင်ရွက်လာတဲ့ လှုပ်ရှားမှုတွေကို စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့ အဖွဲ့ဝင်တွေ ရွေးချယ်တဲ့အခါမှာ တရားမျှတပြီး ဘက်လိုက်မှုကင်းတဲ့ ရွေးချယ်မှုမျိုးဖြစ်စေဖို့ ဘယ်လိုနည်းလမ်းကို အသုံးပြုမယ်ဆိုတာတော့ မသိရသေးပါဘူး။ သင့်လျော်တဲ့ နိုင်ငံသားဆိုတဲ့စကားရပ်ကလည်း လွန်စွာ ဝေဝေဝါးဝါးနိုင်တဲ့ စကားရပ်မျိုး ဖြစ်နေပါတယ်။ ပြန်လည်ရုပ်သိမ်းခြင်းဖြစ်စဉ်မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ဟာ အာဏာအလွဲသုံးစားကိစ္စမျိုး၊ အကျင့်ပျက်ခြစားမှုလိုကိစ္စမျိုးတွေ မဖြစ်အောင် အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ရာမှာလည်း နိုင်ငံရေးအကျိုးစီးပွားအရ ထိုးနှက်မှုမျိုး မဖြစ်စေဖို့ လိုက်နာရမယ့် ကိုယ်ကျင့်တရားလမ်းညွှန်၊ ရှင်းလင်းတဲ့ လုပ်ငန်းဆိုင်ရာ တာဝန်တွေကို သေချာရေးဆွဲထားရမှာဖြစ်ပြီး စုံစမ်းရေးအဖွဲ့ဝင် ရွေးချယ်တဲ့နည်းလမ်းနဲ့ ရုပ်သိမ်းခြင်းဆောင်ရွက်တဲ့ နည်းလမ်းတွေကို ပွင့်လင်းမြင်သာစွာ ချပြရမှာ ဖြစ်ပါတယ်။

ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီးလည်း စုံစမ်းရေးအဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင်တို့ရဲ့ စုံစမ်းစစ်ဆေးခြင်းစရိတ်၊ ဆန္ဒခံယူပွဲစရိတ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲစရိတ်တွေအတွက်လည်း ကြိုတင်စဉ်းစားထားဖို့ လိုအပ်ပါတယ်။

ရုပ်သိမ်းရန်အဆိုပြုချက်အတွက် စိုးရိမ်နေရမှု

မှားယွင်းစွပ်စွဲခံရခြင်းကနေ ကာကွယ်နိုင်ဖို့အလို့ ငှာ ပြန်လည်ရုပ်သိမ်းခြင်းအဆိုပြုချက်အတွက် အချက်အလက်အမှားကို အခြေခံ စွပ်စွဲခဲ့မယ်ဆိုရင် ဥပဒေကြောင်းအရ ပြန်လည်တရားစွဲနိုင်ဖို့ လမ်းဖွင့်ပေးထားတာကို ဥပဒေကြမ်းမှာ တွေ့ရပါတယ်။ ဒီအချက်က ပြန်လည်ရုပ်သိမ်းခြင်း ဆောင်ရွက်လိုတဲ့ ဘယ်သူ့ကိုမဆို တွန့်ဆုတ်သွားစေနိုင်ပြီး ဖော်ထုတ် အသိပေးသူတွေကို အကာအကွယ်ပေးတဲ့ သဘောထားကို မတွေ့ရပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဝိရောဓိ

ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုနဲ့ အဆိုပြုချက် တင်သွင်းလာခဲ့ရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ ရှိသလားဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတာက ဆုံးဖြတ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုပဲ ပေးအပ်ထားတာ တွေ့ရပါတယ်။ ဒီအတွက်ကြောင့် ခုံရုံးနဲ့ ကော်မရှင်တို့ရဲ့ လုပ်ပိုင်ခွင့်တွေဟာ ရောထပ်သွားနိုင်ပါတယ်။

နောက်တစ်ချက်က ပြန်လည်ရုပ်သိမ်းဖို့အတွက် ဆန္ဒခံယူပွဲကျင်းပတဲ့အခါမှာ မဲပေးသူတွေက ကိုယ်စားလှယ်ကို မရုပ်သိမ်းဖို့ မဲပေးခဲ့ရင် မဲဆန္ဒနယ်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြင်းပယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ထူးခြားတဲ့ အခြေအနေလည်း ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုမျိုးဖြစ်လာရင် ရှေ့နောက်မညီညွှတ်တဲ့၊ ဖြေရှင်းရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။

ရန်ပုံငွေဆိုင်ရာ စံနှုန်းများ

၂၀၀၃ ခုနှစ် ကယ်လီဖိုးနီးယားဖြစ်စဉ်မှာလို ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦးဦးက ပြန်လည်ရုပ်သိမ်းခြင်း လှုပ်ရှားမှုအတွက် လက်မှတ်ကောက်ခံတဲ့နေရာမှာ ငွေကြေးထောက်ပံ့ပြီး သြဇာလွှမ်းမိုးမှုမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ ဒီ့အတွက် နိုင်ငံရေး ရန်ပုံငွေတွေ ရှာဖွေတဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ ရန်ပုံငွေပေးခြင်းကို သင့်တော်တဲ့ အကန့်အသတ်ထားရှိခြင်းအားဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သြဇာလွှမ်းမိုးမှု ကင်းဝေးနိုင်ပြီး လွတ်လပ်တဲ့ ဒီမိုကရေစီဖြစ်စဉ်မှာ ပြည်သူတွေပူးပေါင်းပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။

သတင်းအချက်အလက် ရရှိမှု

နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီစံနှုန်းတွေအရ အစိုးရတွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည်သူတွေ သိရှိအောင် ချပြပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ပြန်လည်ရုပ်သိမ်းမှုဖြစ်စဉ်တွေ ရှိလာခဲ့ရင်လည်း ပြည်သူကို ချပြနိုင်မှသာ ဘက်လိုက်မှု ကင်းတယ်ဆိုတဲ့ လူထုယုံကြည်ချက်ကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာ - ကော်မရှင်ရဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကိုလည်း မဲဆန္ဒရှင်တွေထံ ချပြသင့်ပါတယ်။

နိဂုံး

ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကို ထောက်ခံပြောဆိုနေကြသူတွေဟာ တိုက်ရိုက်ဒီမိုကရေစီကို ကိုယ်စားပြုပြီး နိုင်ငံရေးသမားတွေရဲ့ တာဝန်ယူမှု မြင့်မားလာစေနိုင်တယ်ဆိုတဲ့အချက်ကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာဖြစ်စဉ်တွေကို အနီးကပ် လေ့လာကြည့်မယ်ဆိုရင်တော့ အဲဒီအချက်ကို ရရှိမယ်လို့ သေချာတပ်အပ် မပြောနိုင်ပါဘူး။ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ တည်ဆောက်ထားပုံ၊ လွှတ်တော်တွေရဲ့ အနေအထားပေါ်မှာ မူတည်ပြီး ရလဒ်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ IDEA က ထုတ်ဝေတဲ့ တိုက်ရိုက်ဒီမိုကရေစီ လက်စွဲစာအုပ်မှာပါတဲ့ အောက်မှာဖော်ပြထားတဲ့ စာပိုဒ်လေးက ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကို ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

“နိုင်ငံတကာမှာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ အသုံးပြုတာကို အနည်းငယ်သာ တွေ့ရပြီး အကန့်အသတ်နဲ့ပဲ သုံးစွဲကြတာ တွေ့ရပါတယ်။ ရုပ်သိမ်းခြင်းနည်းလမ်းကိုယ်တိုင်က ပြဿနာတစ်ခု ဖြစ်နေနိုင်ပြီး ကိုယ်စားပြုဒီမိုကရေစီရဲ့ အဓိကသဘောတရားတွေ၊ အဖွဲ့အစည်းတွေနဲ့လည်း ပဋိပက္ခ ရှိနေနိုင်ပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ အရာရှိတွေကို ဒီမိုကရေစီနည်းကျ စောင့်ကြပ်ကြည့်ရှုနိုင်ဖို့ဆိုရင် ၎င်းတို့ရဲ့အခွင့်အရေးကို အပြည့်အဝ အကာအကွယ် ပေးနိုင်တဲ့စနစ်မျိုးရှိဖို့ လိုအပ်ပါတယ်။ မျှခြေတစ်ခုရရှိဖို့အတွက် ကိုယ်စားလှယ်ကို ဖယ်ရှားလိုတဲ့ ဒါမှမဟုတ် မဖယ်ရှားလိုတဲ့ ပြည်သူအားလုံးရဲ့ အခြေခံအခွင့်အရေးနဲ့ ရုပ်သိမ်းခြင်းဖြစ်စဉ်မှာ ပါဝင်ရမယ့် ကိုယ်စားလှယ်တွေ၊ အရာရှိတွေရဲ့ အခွင့်အရေးကို ရုပ်သိမ်းခြင်းဖြစ်စဉ်မှာ တိတိကျကျ ကာကွယ်ပေးထားဖို့ လိုအပ်ပါတယ်။ အခြား တိုက်ရိုက်ဒီမိုကရေစီလုပ်ငန်းစဉ်တွေလိုမျိုး နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ထိရောက်တဲ့အုပ်ချုပ်ရေး သဘောတရားနှစ်ခုရဲ့ကြားမှာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ နည်းလမ်းက မျှတစွာထိန်းထားနိုင်ဖို့ လိုပါတယ်။ မျှခြေရရှိဖို့ကလည်း ခက်ခဲပြီးတော့ မမျှတပါကလည်း ဆိုးဝါးတဲ့အကျိုးဆက်တွေ ပေါ်လာတက်ပါတယ်။

ရုပ်သိမ်းခြင်းဖြစ်စဉ်ကို စတင်ဖို့ လွယ်ကူလွန်းရင်လည်း ရုပ်သိမ်းခြင်းကို အလွယ်တကူ အသုံးပြုလာနိုင်သလို ခက်ခဲပြီး လိုအပ်ချက်များစွာရှိနေရင်လည်း နိုင်ငံသားတွေအနေနဲ့ ဥပဒေဆိုင်ရာ လိုအပ်ချက်တွေကြောင့် ရုပ်သိမ်းခြင်းကို လုပ်ဆောင်ဖို့ ဆောင်ရွက်လိုစိတ် လျော့နည်းလာနိုင်ပါတယ်။ ရုပ်သိမ်းခြင်းဆိုင်ရာ လိုအပ်ချက်တွေရဲ့ လွယ်ကူမှု၊ ခက်ခဲမှုတွေအပြင် လွှတ်တော်နဲ့ အုပ်ချုပ်ရေးဆိုင်ရာ မဏ္ဍိုင်တွေ အားကောင်းခြင်း၊ အားနည်းခြင်းနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့အကဲဖြတ်မှုတွေကလည်း သူတို့ရဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ လုပ်ဆောင်လိုစိတ်နဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။

ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စရပ်က တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီတို့ရဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆက်နွှယ်မှုရှိနေပြီး ရှိရင်းစွဲ နိုင်ငံရေးအခြေအနေတစ်ရပ်ရပ်မှာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကို အသုံးပြုမယ်ဆိုရင် ယင်းနိုင်ငံရေးအခြေအနေပေါ်ကို သက်ရောက်မှု ရှိနိုင်တယ်ဆိုတာလည်း သတိပြုရမှာ ဖြစ်ပါတယ်”

ရွေးချယ်စရာများနဲ့ အကြံပြုချက်များ

ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို တင်သွင်းဆွေးနွေးခြင်း မပြုသေးဘဲ ခေတ္တရပ်ဆိုင်းထားဖို့ အကြံပြုလိုပါတယ်။ အကြောင်းကတော့ ဥပဒေကြမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားတာဖြစ်ပြီး လက်ရှိကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်နေတဲ့အချိန်ဖြစ်တဲ့အပြင် အဲဒီပုဒ်မတွေကို ပြင်ဆင်ရေးကော်မတီကလည်း မသုံးသပ်ရသေးတဲ့အတွက် ဖြစ်ပါတယ်။

ရွေးချယ်စရာ (၁)

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို ဖယ်ရှားလိုက်သင့်ပါတယ်။ ထိုသို့ ဖယ်ရှားလိုက်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စည်းနှောင်မှုကို ခံရခြင်းမရှိတော့ဘဲ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာအတွက် သင့်တော်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းဖို့ အဆင်ပြေသွားနိုင်ပါတယ်။

ရွေးချယ်စရာ (၂)

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို ဖယ်ရှားဖို့ မလွယ်ကူရင်တော့ ဥပဒေပုဒ်မတွေရဲ့ တင်းကျပ်မှုကို လျော့နည်းသွားစေဖို့အတွက် ပြင်ဆင်ရေးဆွဲသင့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ "လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းနိုင်သည့် ဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုရန် ဆုံးဖြတ်ချက် ချမှတ်နိုင်သည်" ဆိုတဲ့ ရိုးရှင်းတဲ့ ပုဒ်မတစ်ခုတည်း ထည့်သွင်းထားရင် လုံလောက်ပါတယ်။ အဲဒီလို ပြင်ဆင်ပြဋ္ဌာန်းခြင်းအားဖြင့် လွှတ်တော်ဟာ သင့်တော်တဲ့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းတဲ့အခါမှာ ပိုမိုပျော့ပြောင်းနိုင်ပြီး နှစ်သက်ရာ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာနည်းလမ်းကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ရွေးချယ်စရာ (၃)

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေဖြစ်တဲ့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ တို့ကို ဖယ်ရှားဖို့နဲ့ ပြင်ဆင်ဖို့က မလွယ်ကူနိုင်ရင်တော့ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းတဲ့အခါမှာ အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

  • လွှတ်တော်ကိုယ်စားလှယ်အား ပြန်လည်ရုပ်သိမ်းနိုင်တဲ့ အကြောင်းရင်းတွေကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့် ဆိုထားဖို့ လိုအပ်ပါတယ်။ ဥပမာပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အား ချိုးဖောက်ခြင်းနဲ့ အကျင့်သိက္ခာပျက်ပြားခြင်းလိုမျိုးတွေဖြစ်ပြီး အဲဒီအချက်တွေက နိုင်ငံရေးပြိုင်ဘက်ကို ထိုးနှက်ဖို့အတွက် လက်နက်တစ်ခုသဖွယ် အသုံးချနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

  • လွှတ်တော်ကိုယ်စားလှယ်အား ပြန်လည်ရုပ်သိမ်းဖို့အတွက် ဆောင်ရွက်တဲ့သူတွေကို ထိရောက်တဲ့ ကာကွယ်မှုမျိုး ပေးနိုင်ဖို့ စဉ်းစားသင့်ပါတယ်။ အကြောင်းကတော့ မှားယွင်းစွပ်စွဲခြင်းကြောင့် ပြန်လည်တရားစွဲခံရနိုင်တယ်ဆိုတဲ့ အချက်ကြောင့် ပြန်လည်ရုပ်သိမ်းခြင်းအတွက် စိတ်ပျက်သွားနိုင်လို့ ဖြစ်ပါတယ်။ အဂတိလိုက်စားခြင်းလို ကိစ္စရပ်နဲ့ ပတ်သက်လို့ ပြန်လည်ရုပ်သိမ်းရေး ဖြစ်လာခဲ့ရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အခန်းကဏ္ဍကို ဥပဒေမှာ ရှင်းလင်းစွာ ဖော်ပြထားဖို့လည်း လိုပါတယ်။

  • ဥပဒေကြမ်းမှာပါတဲ့ ပြန်လည်ရုပ်သိမ်းရေး ဖြစ်စဉ်တစ်ခုချင်းအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မယ့်အစား ရွေးကောက်ပွဲကော်မရှင်ကပဲ ဖြစ်စဉ်တိုင်းကို စစ်ဆေးအကဲဖြတ် ဆောင်ရွက်တာက ပိုမိုသင့်လျော်ပါတယ်။ အဲဒီလို ဆောင်ရွက်မှသာ ဖြစ်စဉ်တစ်ခုလုံးမှာ ရှေ့နောက်ညီညွှတ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းပါ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းအားလည်း ဖယ်ရှားဖို့ ဖြစ်နိုင်ခြင်း မရှိပါက စုံစမ်းရေးအဖွဲ့ရွေးချယ်ရာမှာ ဘက်လိုက်မှုကင်းစေဖို့နဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများကို တားဆီးနိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဥပဒေ၊ နည်းဥပဒေတွေမှာ ထည့်သွင်းထားနိုင်ဖို့ လိုပါတယ်။

  • ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာအတွက် ဆန္ဒခံယူပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲလိုဟာတွေ လုပ်ဆောင်ရမှာမို့ ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်တွေ ထည့်သွင်းစဉ်းစားထားဖို့လည်း လိုအပ်ပါတယ်။ ရုပ်သိမ်းခြင်းအတွက် လက်မှတ်ကောက်ခံတဲ့ကိစ္စရပ်တွေမှာ ငွေကြေးဆိုင်ရာ လွှမ်းမိုးမှုတွေကို တားဆီးနိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ကြိုတင်ချမှတ်ထားဖို့ လိုပါတယ်။ ဥပမာပြောရရင် လက်မှတ်ကောက်ခံတဲ့နေရာမှာ ပုဂ္ဂလိက ကုမ္ပဏီကို အသုံးပြုတာမျိုး ခွင့်မပြုတာနဲ့ ရန်ပုံငွေ ရှာဖွေမှုမျိုးတွေမှာ ငွေကြေးပမာဏ အကန့်အသတ်ထားရှိတာတွေ၊ အများပြည်သူသိရှိအောင် ပွင်လင်းမြင်သာစွာ ချပြစေတာတွေကို သတ်မှတ်ထားဖို့ လိုပါတယ်။

ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခြင်းအားဖြင့် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေမှာလည်း ပိုပြီးတော့ တာဝန်ယူ၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာမှု အားကောင်းလာစေဖို့အတွက် နမူနာကောင်းတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြန်လည်ရုပ်သိမ်းခြင်းလုပ်ငန်းစဉ်အတွက် လုပ်ဆောင်မှုတိုင်းမှာ အများပြည်သူ သိရှိစေနိုင်ဖို့ သတင်းအချက်အလက်တွေကို လွှတ်တော်ဝက်ဆိုဒ်တွေမှာ ဖော်ပြနိုင်ဖို့နဲ့ အစီရင်ခံစာတွေကို ဖတ်ရှုနိုင်ဖို့ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပြန်လည်ရုပ်သိမ်းခြင်းလုပ်ငန်းစဉ်မှာ ဆန္ဒခံယူပွဲကျင်းပချိန်အတွင်း မဲရုံတွေမှာ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့တွေ လာရောက်လေ့လာ စောင့်ကြည့်နိုင်ဖို့လည်း စီစဉ်ပေးထားရမှာ ဖြစ်ပါတယ်။

Paul Taylor ရေးသားပြီး ကျော်သူဟန်ဘာသာပြန်ပါတယ်။

ကိုးကား

စာတမ်းငယ် ရေးသားရတဲ့ အကြောင်းရင်း

မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲနဲ့အတူ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပြန်လည်စတင်ကျင့်သုံးဖို့ ကြိုးစားခဲ့ပါတယ်။ လက်ရှိ ၂၀၁၉ ခုနှစ်ထိဆိုရင် အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပပြီးဖြစ်လို့ ရွေးကောက်ပွဲ (၅)ကြိမ်ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ တွေ့ကြုံခဲ့ပြီးပါပြီ။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ တိုက်ရိုက်ဒီမိုကရေစီပုံစံကို စတင်မိတ်ဆက်လာခဲ့ပါတယ်။ ဥပဒေကြမ်းဟာ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကို တာဝန်ကနေ ပြန်ပြီး ရုပ်သိမ်းနိုင်တဲ့ အကြောင်းရင်းတွေနဲ့ ရုပ်သိမ်းလိုသူတွေက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားနိုင်တယ်လို့ ပါရှိပါတယ်။ နောက်ထပ် ပုဒ်မတစ်ခုဖြစ်တဲ့ ပုဒ်မ ၃၉၇ မှာ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စရပ်အတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရမယ်လို့ ပါရှိပါတယ်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စရပ်ကို အကောင်အထည် ဖော်တဲ့အနေနဲ့ ၂၀၁၂ ခုနှစ်မှာ တင်သွင်းခဲ့တဲ့ဥပဒေကြမ်းကို ပထမအကြိမ်လွှတ်တော်မှာ ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ ပြန်လည်တင်သွင်းလာတာ ဖြစ်ပါတယ်။ ရွေးကောက်ခံတွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းနိုင်ဖို့အတွက် ကြိုးစားကြတာဟာ ရွေးကောက်ခံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုကို ပိုမိုကောင်းမွန်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို အခြေခံပါတယ်။ နိုင်ငံတကာမှာလည်း ရွေးကောက်ခံတွေကို ရုပ်သိမ်းကြတဲ့ နည်းလမ်းတွေရှိပြီး မြို့နယ်အဆင့်ကနေ သမ္မတအထိ ရုပ်သိမ်းကြတာတွေ ရှိပါတယ်။

ဒုတိယအကြိမ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ရေးဆွဲအတည်ပြုနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပေးပို့ထားပါတယ်။ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုမှု မလုပ်ဆောင်ခင်မှာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်ဆိုင်ရာ နည်းလမ်းတွေ၊ ပုံစံတွေကို ဥပဒေပြုအဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်နဲ့ ဥပဒေပြုပုဂ္ဂိုလ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နှိုင်းယှဉ်လေ့လာပြီး စဉ်းစားသုံးသပ်နိုင်ဖို့ ရည်ရွယ်ပြီး အာနန္ဒာအဖွဲ့က သုတေသနစာတမ်းငယ်တစ်စောင် ပြုစုရေးသားခဲ့ပါတယ်။

စာတမ်းပါ အချက်အလက်တွေ၊ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ တိုက်ရိုက်ဒီမိုကရေစီပုံစံ တစ်မျိုးဖြစ်တဲ့ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ နည်းလမ်းတွေကို နှိုင်းယှဉ်လေ့လာပြီး ဥပဒေပြုခြင်းအားဖြင့် နိုင်ငံသားတွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု အပြည့်ရှိတဲ့ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာဖို့ ဒီစာတမ်းကို ရည်ရွယ်ပြုစု ရေးသားရခြင်း ဖြစ်ပါတယ်။