Posted in Legislative Research on Sep 13, 2019

ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှာ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဥပဒေကြမ်းကို ဆွေးနွေးပါတော့မယ်။ ဥပဒေရဲ့ နာမည်က အတော်လှပေမယ့် တကယ်တော့ စာချုပ်နဲ့ လယ်လုပ်ခြင်းဥပဒေ လို့ပဲ သတ်မှတ်ရမှာပါ။ တစ်ကွင်းတစ်ဆက်တည်း လယ်ကွင်းကျယ်ကြီးတွေနဲ့ စိုက်ရင် အထွက်ပိုတိုးမယ် ဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး ပေါ်ပေါက်လာတဲ့ ဥပဒေပါ။ ရင်းနှီးနိုင်သူ ငွေရှင်ကြေးရှင်တွေနဲ့ လုပ်ကွက်ငယ်လယ်သမားတွေ အကျိုးတူပူးပေါင်းလုပ်ကိုင်ကြရင် လယ်သမားတွေ ဝင်ငွေတိုးမယ်လို့ စဉ်းစားဟန် တူပါတယ်။

ဘယ်တိုင်းဒေသကြီး၊ ဘယ်ပြည်နယ်ကမှ မပြဌာန်းနိုင်သေးတဲ့ ဥပဒေကို ပဲခူးတိုင်းမှာ အရင်ပြဌာန်းနိုင်တယ်လို့ ဂုဏ်ယူသူတွေတောင် ရှိနေမလားပဲ။ ဝင်ငွေတိုးတာ တစ်ခုတည်းကြည့်ပြီး အခြားဆုံးရှုံးစရာတွေကို ထည့်မတွက်ကြရင်ဖြင့် အကျိုးမဲ့စရာတွေ အမှန်ဖြစ်မှာပဲ။

(၁) သဘာဝပတ်ဝန်းကျင် ရှုထောင့်က ကြည့်ကြပါစို့။

သဘာဝပတ်ဝန်းကျင်လို့ ပြောရင် ကျွန်တော်တို့ရဲ့ မြေကြီး၊ ရေ၊ လေ၊ အပင်၊ သက်ရှိ တွေ ဘယ်လောက်ဆုံးရှုံးနိုင်သလဲ စဉ်းစားရအောင်ပါ။ တစ်ကွင်းတစ်ဆက်တည်း လယ်ကွင်းကျယ်ကြီးတွေနဲ့ စိုက်ပျိုးရေး လုပ်ကြပြီဆိုရင် သီးနှံတစ်မျိုးတည်း ထပ်ခါထပ်ခါ စိုက်ကြတော့မှာ ပါ။ အဲဒီလိုစိုက်ပျိုးမယ်ဆိုရင် အဟာရဓာတ်စုပ်ယူတဲ့နေရာ မပြောင်းလဲတဲ့အတွက် မြေဆီလွှာ အဟာရဓာတ် ဆုံးရှုံးပါလိမ့်မယ်။ ပိုးမွှား ရောဂါတွေ ပိုမိုဆိုးရွားလာပါမယ်။ နောက်ဆက်တွဲအနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဓာတ်မြေသြဇာတွေ အဆမတန် သုံးရပါလိမ့်မယ်။ ကျွန်တော်တို့က ဓာတ်မြေသြဇာတွေကို လိုအပ်တာထက်ပိုသုံးတဲ့ အကျင့်ကလဲ ရှိနေပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံက ဓာတ်မြေသြဇာတွေကို စနစ်တကျ ထိန်းချုပ်နိုင်ပါပြီလား။

မြေကြီးအဆိပ်သင့်ရင်ဖြင့် အခြား ရေ၊ လေ၊ အပင်နဲ့ သက်ရှိတွေလည်း အဆိပ်သင့်မှာပါပဲ။ ကျွန်တော်တို့ကို အကျိုးပြုမယ့် မိတ်ဆွေပိုး လေးတွေလည်း အစုလိုက်အပြုံလိုက် သေကြရပါလိမ့်မယ်။ လိပ်ပြာလေးတွေ၊ ပျားလေးတွေလည်း အဲဒီစိုက်ကွင်းကျယ်ကြီးတွေမှာ ပျော်မွေ့ကြတော့မှာ မဟုတ်ပါဘူး။ လယ်ကွင်းတွေထဲမှာ ပေါက်နေကြတဲ့ နှစ်ရှည်ပင်ကြီးတွေလည်း သူတို့လုပ်ကွက်ထဲရောက်ရင်ဖြင့် ရှင်းလင်း ခံရမှာပဲ။ အဲဒီနှစ်ရှည်ပင်ကြီးတွေဟာ လယ်သမားတွေ အရိပ်ခိုရာ၊ ကျေးငှက်သာရကာတွေရဲ့ နားခိုရာတွေပါ။ ဒေသမျိုးစိတ်တွေ ပျောက်ကုန်မယ့် အန္တရယ်ကလည်း ရှိနေပြန်ပါတယ်။ ဂေဟစနစ်တွေ ပြောင်းရင်ဖြင့် သဘာဝဘေးအန္တရာယ်တွေက ကျွန်တော်တို့ကို ဒီအတိုင်း ထားမှာမဟုတ်ဘူး။ သဘာဝဘေးကြောင့် မိုးခေါင်ရေရှားဖြစ်ပြီဆိုရင် မျှော်မှန်းထားတဲ့ အထွက်နှုန်းတွေက တိုးလာပါဦးမလား။

(၂) ယဉ်ကျေးမှုနဲ့လည်း ဆက်စပ်ကြည့်ရအောင်ပါ။

ဒေသမျိုးစိတ်တွေ ကြွယ်ဝမှုဟာ ကျွန်တော်တို့ ယဉ်ကျေးမှုပါ။ ကောင်းမွန်တဲ့ ဒေသမျိုးတွေ အစား ဈေးကွက်ကိုပဲ အလေးဂရုပြုမယ့် မျိုးဆက်ထားလို့မရတဲ့ နိုင်ငံခြားမျိုးစိတ်တွေ၊ ဗီဇပြောင်း မျိုးစေ့တွေ ဝင်ရောက်လာပါလိမ့်မယ်။ ဒေသမျိုးစိတ်တွေဟာ ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက်ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အမွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသက်ဇီဝ ဖြစ်ပါတယ်။ ဒီလို ဒေသမျိုးစိတ်တွေကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ မြှင့်တင်ဖို့ ဥပဒေကောင်းတွေ ရှိနေပါရဲ့လား။ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဆိုတာကြီးက ဒေသမျိုးတွေ ကို ထိခိုက်နိုင်ပါတယ်။

အစားအသောက်က ကျွန်တော်တို့ ယဉ်ကျေးမှုပါ။ မှိုနတို၊ လယ်ပတူ၊ ကန်ဇွန်း၊ ပုဇွန်စာ တွေကို သူတို့ရဲ့ တစ်ဆက်တည်းတကွင်းတည်း စိုက်ကွင်းကြီးတွေမှာ ဘယ်လိုရှာကြမလဲ။ ကျွန်တော်တို့က အဲဒီ ကွင်းကြီးတွေထဲ မဆိုင်လို့ကတော့ ဝင်လို့တောင် ရမှာ မဟုတ်။ ငါးရှာ၊ ဖားရှာ၊ ပုဇွန်လုံးနှိုက်၊ ငါးရှဉ့်ထောင်၊ ကြွက်ထောင် လုပ်နေကြ လယ်ကန်သင်းရိုးတွေကလဲ ဧရာမစိုက်ခင်းကြီးတွေအောက်မှာ ပြောင်တလင်းခါကြတော့မယ်။ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး ဆိုတာကြီးက တစ်မျိုးတည်း စိုက်ဖို့များတာကိုး။ တစ်မျိုးတည်း လုပ်ရင်တော့ အမျိုးမျိုးတွေက ကွယ်ပျောက်ရမှာပါ။ ကျွန်တော်တို့ရဲ့ အမျိုးမျိုးသော စားစရာတွေ ရှားပါးကုန်မှာပါ။ မုန့်ဆီကြော်၊ မုန့်လုံးရေပေါ်၊ မုန့်ဆမ်း၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းဆိုင်းတွေ က ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု။ ပဲနက် တွေနဲ့ အရဿာရှိစေတဲ့ကောက်ညှင်းဆိုင်း၊ ငှက်ပျောဖတ်၊ ထန်းဖူးရွက်နု၊ ကြံရွက်တွေနဲ့ ထုတ်ပိုးရတဲ့ ကောက်ညှင်းဆိုင်း၊ ဝါးနှီးလေးနဲ့ ချည်တုတ်ရတဲ့ ကောက်ညှင်းဆိုင်း၊ အများအတူ ကူညီဝိုင်းဝန်း ဝေငှကြတဲ့ ကောက်ညှင်းဆိုင်းတွေလဲ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးမှာ ရှိမှာ မဟုတ်တော့ပါဘူး။

၁၂ လ ရာသီပွဲတော်တွေနဲ့ ဒေသန္တရ ပွဲလမ်းသဘင်တွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆက်စပ်နေပါတယ်။ ဆက်စပ်တယ် ဆိုတာထက် လယ်ယာစိုက်ပျိုးရေး ဓလေ့တွေပေါ်မူတည်ပြီး ပွဲလမ်းသဘင်တွေက ပေါ်ပေါက်လာတာလို့တောင် ပြောလို့ရပါတယ်။ ဗမာတိုင်းရင်းသားတွေသာမဟုတ် အမျိုးမျိုးသော တိုင်းရင်းသားတွေအတွက်လဲ မြေယာနဲ့ မြေယာထွက်ကုန်တွေဟာ သူတို့ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ပတ်သတ်နေတာပါ။ ကောက်သစ်စားပွဲတော်တွေ၊ ကောက်ရိပ်သိမ်းပွဲတော်တွေ အခုထိ ရှိနေတုန်း။ စာချုပ်နဲ့ လယ်ယာစိုက်ပျိုးရေးလုပ်မယ့် စီမံကိန်းတွေမှာတော့ ငွေကြေးက ယဉ်ကျေးမှုတွေထက် အရေးကြီးကြမှာပါပဲ။ “ပျိုလေးတို့ ကောက်စိုက်ရာ လိုက်လာနဲ့လေး၊ လိုက်လာရင် ရွှံ့စင်ရော့မယ် ပေါ့ကြော့ရင်သွေး” ဆိုတဲ့ ကောက်စိုက်တေးတွေအစား စက်ယန္တရားအသံတွေ ဆူညံနေတော့မပေါ့။

လယ်ယာမြေဆိုတာ ဘာရယ်လို့ စိတ်ကူးယဉ်ကြည့်ခိုင်းမယ်ဆိုရင် ကျွန်တော်တို့မြင်တာက လှပတဲ့ လှေကားထစ် စိုက်ပျိုးမှုပုံရိပ်တွေ၊ တောင်ယာ စိုက်ကွင်းတွေ၊ ကန်သင်းတွေနဲ့ မြေပြန့်လယ်ယာတွေကို မြင်တာပါပဲ။ အဲဒီရှုခင်းတွေနဲ့အတူ နွားတွေ၊ ကျွဲတွေ၊ လှည်းတွေ၊ ထွန်ထည် ပစ္စည်းတွေ က ပါလာတော့တာပေါ့။ ဒီရှုခင်းတွေကတော့ အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးမှာ ရှိမှာ မဟုတ်ဘူး။ နွားအလှပြိုင်တာတွေ၊ နွားဒုန်းပွဲ (အမြန်ပြိုင်) တွေ၊ နွားပွဲနေ့ (လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ တိရိစ္ဆာန်တွေ၊ အခြားအိမ်မွေးတိရစ္ဆာန်တွေ ရောင်းဝယ်ရာနေ့...ဒီလိုနေ့ကို မြို့နယ်အလိုက် အလှည့်ကျ လုပ်ကြပါတယ်။ ပေါင်းတည် တနင်္လာ...နတ်တလင်း အင်္ဂါ၊ ဇီးကုန်း ဗုဒ္ဓဟူး.. စသဖြင့်) …ဒီလိုတွေလဲ ပျောက်ကုန်ကြတော့မှာပါပဲ။ စက်တွေနဲ့ လုပ်ကြမှာကိုး။

(၃) ပညာရေး ရှုထောင့်နဲ့ ကြည့်ကြရအောင်ပါ။

ပညာရေးဆိုရင် ကျောင်းသင်ပညာရေးလို့ပဲ မြင်ယောင်တတ်ကြပါတယ်။ မြေကြီးကို စီမံခန့်ခွဲတတ်တဲ့ပညာကတော့ စိုက်ခင်းကျယ်ကြီးတွေနဲ့အတူ လွယ်လင့်တကူ ပျက်ဆီးမှာပဲ။ တောင်းရက်၊ ခြင်းရက်၊ သက်ငယ်ပျစ်၊ စတဲ့ လက်မှုအတတ်ပညာတွေလည်း လက်ဆင့်ကမ်း သင်ယူကိစ္စတွေ မဟုတ်နိုင်တော့ဘူး။ တိရစ္ဆာန်မွေးမြူတဲ့ အတတ်ပညာ၊ ရာသီဥတုကို တတ်သိတဲ့ပညာ၊အပင်တွေနဲ့ ဆက်စပ်တဲ့ တိုင်းရင်းဆေးပညာ၊ ရိုးရာအစားအသောက်၊ ရိုးရာမုန့်လုပ်တဲ့ပညာ၊ စသဖြင့် ဆုံရှုံးကုန်မှာပဲ။

(၄) စီးပွားရေးအရ တကယ်ပဲ ဝင်ငွေတွေ တိုးမှာလား။

နှစ်တိုင်းဝယ်ရမယ့် မျိုးစေ့တွေအတွက် အရင်းအနှီးက ပိုများလာမှာပါ။ ဓာတုမြေသြဇာတွေအတွက်လည်း အကုန်အကျက များဦးမယ်။

ဓာတုဆေးတွေကြောင့် ဖြစ်လာမယ့် ကျန်းမာရေးပြဿနာနဲ့ ငွေကြေးကုန်ကြမှုတွေလဲ ထည့်တွက်ဖို့ ကောင်းပါတယ်။အာမခံထားရမယ့် စရိတ်ကလည်း ရှိနေပြန်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကောင်းမွန်တဲ့ အာမခံစနစ်တွေက ရှိနေပါပြီလား။ ဒီကြားထဲ ရာသီဥတုဖောက်ပြန်လို့ သီးနှံတွေ မဖြစ်ထွန်းတာ၊ ပျက်ဆီးတာတွေဖြစ်ရင် ဆုံးရှုံးမှုက ကြီးပါဦးမယ်။ အကျိုးတူကုမ္ပဏီကြီးတွေ၊ ဒါမှမဟုတ် ဓာတ်မြေသြဇာ ကုမ္ပဏီကြီးတွေဆီက အကြွေးတွေယူရပါလိမ့်မယ်။ မဆက်နိုင်တဲ့အဆုံး ကိုယ်ပိုင်လယ်ယာမြေတွေ ဆုံးရှုံးရမှာပဲ။ ကိုယ့်လယ်ကို စီမံခန့်ခွဲနိုင်တဲ့ ဘဝကနေ ကိုယ့်လယ်မှာ ကိုယ်စာရင်းငှားပြန်ဖြစ်ရတဲ့ ဘဝကိုရောက်မယ်။ စက်တွေကြောင့် အလုပ်လက်မဲ့ များပြီး မြို့ကြီးတွေမှာ လုပ်ခနည်း အလုပ်သမားဘဝကို ရောက်ကြမှာပဲ။

နိဂုံး

ရင်းနှီးမြှပ်နှံနိုင်သူ ငွေရှင်ကြေးရှင်တွေကို အသားပေးထားတာတွေ၊ ကော်မတီဖွဲ့စည်းပုံပြဿနာတွေ၊ ပြည်ထောင်စုက ပြဌာန်းထားတဲ့ ဥပဒေတွေကိုကျော်ပြီး တောင်သူလယ်သမား အဓိပ္ပါယ်ကို ဖွင့်ဆိုထားတာတွေ၊ ဇုန်တွေ သတ်မှတ်မဲ့ ပြဿနာတွေအကြောင်း အများကြီး ဝေဖန်စရာရှိနေပါသေးတယ်။ ဥပဒေတစ်ခု ပြဌာန်းတော့မယ် ဆိုရင် ရှုထောင့်ပေါင်းစုံက ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်လယ်ယာမြေ တွေကို လုပ်နိုင်ကိုင်နိုင်တဲ့ ကုမ္ပဏီကိုအပ်လိုက်..အချိန်တန်ရင် အမြတ်ငွေထုတ်ပြီး အေးဆေးနေရမယ်ဆိုတဲ့ ခပ်လွယ်လွယ် မက်လုံးတွေ မပေးသင့်ပါဘူး။ တောင်သူတွေ နစ်နာရင် တိုင်းပြည်လည်း နစ်နာမှာပဲ။

ကောင်းညွန့် ရေးသားသည်။

လွှတ်တော်တွေက ဆွေးနွေးနေတဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို ဒီဘလော့ဂ်မှာ ဖော်ပြဖို့ ပေးပို့လိုတယ်ဆိုရင်တော့ hello@theananda.org ကို ပေးပို့နိုင်ပါတယ်။ -စာတည်း