Posted in Political Institutions on May 21, 2019

“တိုင်းသူပြည်သားဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့စနစ်ဆိုးတစ်မျိုးရှိရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ဘဲ ဖက်စစ်ဝါဒဆင်တူရိုးမှား ပေါ်လာနိုင်တယ်" - ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၅ ခုနှစ်၊ သြဂုတ်လ)

ကယားပြည်နယ်မှာ ပြည်နယ်တစ်ခုလုံးကို မေလ ၁၄ ရက်နေ့ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်ကြောင်း ပြည်နယ်အစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ သတိပေးစာမှာ နယ်မြေလုံခြုံရေး၊ ရုံးလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များ ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ တင်ပြရန် ပြည်နယ်အဆင့် ဌာနဆိုင်ရာအားလုံးကို အကြောင်းကြားသည်လို့ ပါရှိပါတယ်။ သတိပေးစာကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်းက လက်မှတ်ရေးထိုးထားပါတယ်။ မေလ ၁၄ ရက်နေ့မှာပဲ ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက လက်မှတ်ရေးထိုးပြီး ဒေသန္တရအမိန့်တစ်ခုကို ထပ်ဆင့် ထုတ်ပြန်လာခဲ့ပါတယ်။ ဒီဒေသန္တရအမိန့်မှာ "တားမြစ်မိန့်တစ်ရပ်ရပ်ကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရသော်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ထိရောက်စွာ အရေးယူမည်"လို့ ပါရှိပါတယ်။

ကယားပြည်နယ်မှာ ထုတ်ပြန်တဲ့ အရေးကြီးကာလ ကြေညာချက်နဲ့ ဒေသန္တရအမိန့်တို့ကို ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ကျင့်ထုံးတို့နဲ့ တိုင်းတာကြည့်တာရယ်၊ ဥပဒေဆိုင်ရာရှုထောင့်ရယ်ကနေ ဆန်းစစ်ကြည့်သင့်ပါတယ်။

ဒီမိုကရေစီရဲ့အနှစ်သာရနဲ့ကျင့်ထုံး

ဒီမိုကရေစီရဲ့အနှစ်သာရမှာ ကိုးကားချင်တဲ့ စကားတစ်ခုကတော့ အမေရိကန်သမ္မတ လင်ကွန်းပြောခဲ့တဲ့ "ပြည်သူက ပြည်သူအတွက် တင်မြှောက်သော ပြည်သူ့အစိုးရ"ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဆိုချင်တာက အာဏာရဲ့မူလပိုင်ရှင်ဟာ ပြည်သူတွေဖြစ်တယ်ဆိုတဲ့ အခြေခံအယူအဆကနေလာတာ ဖြစ်တယ်။ အစိုးရတစ်ရပ်ကို ပြည်သူက ပြည်သူတွေရဲ့အကျိုးအတွက် တင်မြှောက်လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့ အကျိုးစီပွားကို ဆောင်ရွက်ရမယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။ နောက် ဒီမိုကရေစီကျင့်ထုံးတွေထဲမှာ အစိုးရတစ်ရပ် ကျင့်သုံးရမယ့် အခြေခံအကျဆုံး ကျင့်ထုံးနှစ်ခုက ပွင့်လင်းမြင်သာမှုနဲ့ စိတ်ရှည်သည်းခံမှုပါပဲ။

ဒီမိုကရေစီရဲ့အနှစ်သာရမှာ အစိုးရတစ်ရပ်က ပြည်သူတွေရဲ့အကျိုးကို ဆောင်ရွက်ရမှာဖြစ်ပြီး၊ အစိုးရနဲ့ပြည်သူ သဘောထားချင်း မတိုက်ဆိုင်ခဲ့ရင် အစိုးရက စိတ်ရှည်သည်းခံပြီး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုတာ နိုင်ငံသားတွေက မိမိတို့ရဲ့သဘောထားဆန္ဒကို အစိုးရသိအောင် ထုတ်ဖော်တဲ့ နည်းလမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ သဘောထားဆန္ဒထုတ်ဖော်ပြသခြင်းကို ပိတ်ပင်တားဆီးခဲ့ရင် နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။

ကယားပြည်နယ်က ထုတ်ပြန်တဲ့ အရေးကြီးကာလ သတ်မှတ်ချက်ဟာ ပြည်နယ်တစ်ခုလုံးကို သက်ရောက်စေမှာဖြစ်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို မြင့်တက်လာစေတာကြောင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ လက်လွတ်စပယ် ပြုကျင့်လိုက်တဲ့လုပ်ရပ်တစ်ခုလိုဖြစ်ပြီး အဲဒီဒေသကို ဝင်ရောက်လာနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း တုံ့ဆိုင်းသွားနိုင်ခြေရှိပါတယ်။

ဒေသန္တရအမိန့်ဟာလည်း ဒေသဆိုင်ရာအစိုးရတစ်ရပ်က ပြည်သူတွေအပေါ်မှာ သည်းခံနိုင်စွမ်းအား နည်းတာကို ဖော်ပြနေတာဖြစ်ပြီး၊ မိမိနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နိုင်ငံသားတွေကို ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်နိုင်ဖို့ ဥပဒေကို လိုသလိုအသုံးချပြီး နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် ကယားပြည်နယ်တစ်ခုလုံးအပေါ် သက်ရောက်တဲ့ အရေးကြီးကာလသတ်မှတ်ချက်နဲ့ ဒေသန္တရအမိန့်က ဒီမိုကရေစီရဲ့အနှစ်သာရနဲ့ ကျင့်ထုံးကို မကျင့်သုံးဘူးဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်နေပါတယ်။

ဥပဒေဆိုင်ရာရှု့ထောင့်အရ

မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပါ ပုဒ်မ ၁၀၊ပုဒ်မခွဲ (ဋ) “ဤဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ဒေသဆိုင်ရာလိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူချက်များကို ဖောက်ဖျက်ခြင်းမပြုရ"ဆိုတဲ့ ပြဌာန်းချက်အရ အများပြည်သူကို အနှောက်အယှက် အဟန့်အတား မဖြစ်စေရန် ရည်ရွယ်ပြီး ဘောလခဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ "လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊စီတန်းလှည့်လည်ခွင့်" ဆိုတဲ့အချက်ကို နိုင်ငံသားများရဲ့ အခြေခံရပိုင်ခွင့်တစ်ရပ်အနေနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီအခြေခံရပိုင်ခွင့်များ ရရှိစေရန်ရည်ရွယ်ပြီး ရေးဆွဲခဲ့တဲ့ "ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ"ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းပြီးလည်း ဖြစ်ပါတယ်။ ဥပဒေထဲမှာ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ကို သုံးစွဲဆောင်ရွက်ခွင့်ရရှိစေရန် နှင့် ယင်းတို့အား ဥပဒေအရ အကာအကွယ်ပေးရန်" ဆိုတဲ့ ရည်ရွယ်ချက် ပါရှိတာ တွေ့ရပါတယ်။

ခုကယားပြည်နယ်က ဒေသန္တရအမိန့်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအရရော၊ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ငြိမ်း၊စု၊စီ ဥပဒေ ရည်ရွယ်ချက်နဲ့ သွေဖည်နေသလို အများပြည်သူ စိတ်အနှောင့်အယှက်မဖြစ်စေရန် ဒေသအဖွဲ့အစည်းတစ်ခုရဲ့ ကြိုတင်တားမြစ် လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးနဲ့ ထိပ်တိုက်တွေ့လာရင် ဖွဲ့စည်းပုံအခြေခံဥပဒေရော၊ ငြိမ်း၊စု၊စီ ဥပဒေရောဟာ အသက်မဝင်တော့တဲ့ အပြင် နိုင်ငံသားတွေဟာလည်းနစ်နာနေရပါတယ်။

ဒီအတွက်ကြောင့် နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဟာ ဒေသန္တရအစိုးရတစ်ရပ်ရဲ့ အမိန့်တစ်ခု ထုတ်ပြန်လိုက်တာနဲ့ နိဂုံးချုပ်သွားရပြီလို့ ယူဆရမလို ဖြစ်နေပြီး၊ အစိုးရတွေရဲ့ သဘောထားကြီးမှုတွေ အပေါ်မှာ မှီခိုနေရတုန်းပဲဆိုတာ ကယားပြည်နယ်ရဲ့ ဖြစ်စဉ်ကို ကြည့်ရင် တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။

ဒီထက် ဆိုးဝါးတာက ဒေသန္တရအုပ်ချုပ်ရေးအမိန့်မှာပါတဲ့ "ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထုကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ဆောင်ရွက်ခဲ့ကြသဖြင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ပျက်ပြားစေပြီး အများပြည်သူ၏ စိတ်ငြိုငြင်စေမှု၊ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေလျှက်ရှိသောကြောင့် ဘောလခဲမြို့နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ထုကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ မဖြစ်ပွားစေရေး ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကိစ္စရပ်များ မပြုလုပ်ကြရန်" ဆိုတဲ့အချက်က ဒေသဆိုင်ရာအစိုးရတစ်ရပ်က မိမိနဲ့သဘောထားခြင်း မတိုက်ဆိုင်မှုများအပေါ်မှာ ဥပဒေကို လိုသလိုကျင့်သုံးနိုင်တယ်လို့ အဓိပ္ပာယ်သက်ရောက်သွားတာပဲ ဖြစ်ပါတယ်။