Posted in Budget Transparency on Feb 05, 2020
အလကား ပေးသုံးထားတဲ့ စည်ပင်ပိုင် မီးစက်
ရန်ကုန်စည်ပင် လက်အောက်ရှိ ထုတ်လုပ်ရေးဌာနက ဌာနပိုင် မီးစက်ကို မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ရှိတဲ့ ဖြိုးစေတနာ ဆေးခန်းအတွက် အရင်မြို့တော်ဝန်ဟောင်း နှုတ်မိန့်နဲ့ အခမဲ့ လွှဲပြောင်းသုံးစွဲခွင့် ပြုထားခဲ့ပါတယ်။
ဌာနပိုင် ကျပ်သိန်း ၁၀၀ နီးပါးတန်ဖိုး (၂၀၀၀-၂၀၀၁ ကာလတန်ဖိုး) ရှိ Air Man SDG-1003 80 KVA မီးစက်ကို ၂၀၁၈ ခုနှစ် မတ်လ ၂၅ ရက်ကတည်းက အခမဲ့သုံးစွဲခွင့်ပေးထားတာ ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ ဆီလျော်မှုမရှိတာကြောင့် စည်ပင်ကော်မတီ အစည်းအဝေးကို တင်ပြပြီး ကာလပေါက်ဈေးအရ ရသင့်ရထိုက်တဲ့ အခကြေးငွေ ပြန်လည်ရရှဖို့နဲ့ အကျိုးရှိပြီး ထိရောက်တဲ့ စီမံခန့်ခွဲမှု လုပ်ဖို့ စာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။
တစ်နှစ်ကို ကျပ် ၁၈၈ သန်းကျော် လျော့နည်းရရှိနေတဲ့ ကျွန်းတောပေါ်လမ်းက ဆိုင် နှစ်ဆိုင် ငှားရမ်းခ
ရန်ကုန်စည်ပင်၊ ထုတ်လုပ်ရေးဌာနပိုင်တဲ့ ကျွန်းတောလမ်းပေါ်က စားသောက်ဆိုင်မြေနေရာ နှစ်ခုကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားရာမှာ ခေတ်ကာလနဲ့ မညီတဲ့ ငှားရမ်းခနှုန်းထားကြောင့် တစ်နှစ်ကို ကျပ် ၁၈၈ သန်းကျော် နိုင်ငံတော်က နစ်နာနေပါတယ်။
အဲဒီဆိုင်နေရာနှစ်ခုကို တင်ဒါမခေါ်ယူဘဲ နှစ်အဆက်ဆက် ငှားရမ်းလာတာဖြစ်ပြီး ဆိုင် နေရာ နှစ်ခုပေါင်း အကျယ်အဝန်းဟာ စတုရန်းပေ ၉၀၀၀ နီပါး ရှိပါတယ်။ ဆိုင် နှစ်ဆိုင်အနက် တစ်ဆိုင်ကို စတုရန်းပေကို တစ်လ ၃၂၁ ကျပ်နှုန်းနဲ့ တစ်ဆိုင်ကို တစ်လ ၁၉၂.၃ ကျပ်နှုန်းနဲ့ ငှားရမ်းပေးထားတာဖြစ်ပြီး ပြည်တွင်းအခွန်က သတ်မှတ်တဲ့ နှုန်းထားဟာ ကျပ် ၂၀၀၀ ရှိပါတယ်။
ဌာနပိုင် မြေကို ငှားရမ်းတဲ့အခါ တင်ဒါခေါ်လုပ်ဆောင်ဖို့နဲ့ ငှားရမ်းနှုန်းထားတွေဟာ ကာလပေါက်ဈေးနဲ့ ဆီလျော်မှုမရှိတာကို ပြန်လည်စိစစ်သတ်မှတ်ဖို့ တိုင်းစာရင်းစစ်ချုပ်က ဆိုထားပါတယ်။
ယာဉ်ရပ်နားခလုပ်ငန်းအတွက် ကုန်သွယ်ခွန်မဆောင်တဲ့ ဈေး ငါးခု
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်က ဈေးများဌာနရဲ့ ငှားရမ်းခ ရငွေတွေအနက် ကျပ်သိန်း ၅၀၀ နဲ့အထက်ဆိုရင် ငှားရမ်းသူထံကနေ ၅ % ကောက်ခံရမယ်လို့ နှစ်စဉ် ပြဋ္ဌာန်းတဲ့ အခွန်အကောက်ဥပဒေမှာ ပါရှိပါတယ်။ သို့သော် ဈေးများဌာနက ငှားရမ်းထားတဲ့ ဈေး ငါးခုမှာ ငှားရမ်းသူတွေက ပေးသွင်းထားမှု မရှိတာကြောင့် ကျပ်သိန်း ၄၆၀ ကျော် မရရှိဘဲ ဖြစ်နေပါတယ်။
ကုန်သွယ်ခွန် မရဘဲ ဖြစ်နေတဲ့ ငှားရမ်းမှုလုပ်ငန်းတွေက ယာဉ်ရပ်နားခလုပ်ငန်းတွေအတွက် ဖြစ်ပြီး ဌာနအနေနဲ့ ဥပဒေအတိုင်း ကုန်သွယ်ခွန် ကောက်ခံရန်နဲ့ ငှားရမ်းမှုစာချုပ် ချုပ်ဆိုတဲ့နေရာမှာလည်း အခွန်ပေးဆောင်ဖို့ကိစ္စကို တစ်ပါတည်း ထည့်သွင်းချုပ်ဆိုဖို့ လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဈေးများဌာနကပါ မီတာခစိုက်ပေးနေရတဲ့ ကမ်းနားလမ်းညဈေး
ရန်ကုန် ကမ်းနားလမ်းညဈေးအတွက် တိုင်းအစိုးရ ဘက်ဂျက်အပြင် ရန်ကုန်စည်ပင် ကော်မတီလက်အောက်က ရေသန့်နဲ့ ဈေးများဌာန အသုံးစရိတ်တွေကိုပါ ထည့်ဝင်သုံးစွဲ တည်ဆောက်ထားတာပါ။ တို့မှာ မီးတိုင်တပ်ဆင်ခြင်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ တိုင်းအစိုးရရဲ့ သာမန်နဲ့ ငွေလုံးငွေရင်းစရိတ်ကနေ ကျပ်သန်း ၁၅၄၇.၆၄၆ သုံးစွဲထားတာပါ။ ဒါ့အပြင် မီးစက်ဝယ်ယူခြင်း၊ CCTV တပ်ဆင်ခြင်း၊ ရုံးခန်းဆောက်လုပ်ခြင်းအတွက် ဈေးများဌာန အသုံးစရိတ်ကနေ ကျပ် ၆၁၄.၃၈၄ သန်း၊ ရေပိုက်သွယ်တန်းခြင်း၊ ရေပေးဝေခြင်း၊ မိလ္လာနှင့် ရေဆိုးစွန့်ပစ်ခြင်းလုပ်ငန်းအတွက် ရေသန့်ဌာနအသုံးစရိတ်ကနေ ကျပ် ၉၃၃.၂၆၂ သုံးစွဲထားတာပါ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မီးလုံးထွန်းညှိခြင်း၊ အသံချဲ့စက်နှင့် Vinyl တပ်ဆင်ခြင်းအတွက် ဈေးများဌာန အသုံးစရိတ်ကနေ ကျပ် ၂၁.၄၇၂ သန်း သုံးစွဲထားပါတယ်။
ကမ်းနားလမ်းညဈေးမှာ ရောင်းချနိုင်တဲ့ ဆိုင်ခန်းအရေအတွက်ဟာ ၁၈၂၂ နေရာရှိပြီး မတ်လ ၂၀၁၈ ခုနှစ်အထိ ဈေးရောင်းခွင့် ယာယီပျံကျကဒ် ထုတ်ပေးထားမှုဟာ နေရာစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။ သို့သော် ယင်းကာလအထိ အမှန်တကယ် ရောင်းချသူဦးရေဟာ ၃၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ကမ်းနားလမ်းညဈေးက သန့်စင်ခန်း ငှားရမ်းခကို မူလလေလံအောင် တစ်နှစ်ခငှားရမ်းခ ၆၁.၅ သန်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုထားရာကနေ ဈေးရောင်းသူ နည်းပြီး အရှုံးပေါ်တယ်လို့ တင်ပြလာတဲ့အတွက် စည်ပင်ကော်မတီဝင် အစည်းအဝေးလုပ်ပြီး ကျပ် ၁၈ သန်းအထိ လျော့ချသတ်မှတ်ထားပါတယ်။
ဈေးမှာ ဆိုင်လာဖွင့်တဲ့ သူတွေကို ရေဖိုးရေခနဲ့ သန့်ရှင်းရေးခကို တစ်ရက်ခနှုန်းထားအလိုက် ကောက်ခံပြီး မီတာခကိုတော့ တစ်လ တစ်ခါ ကောက်ခံတာ ဖြစ်ပါတယ်။
ကမ်းနားလမ်းညဈေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း -YESC ကို ပေးချေရတာဟာ ၂၀.၃၂၄ သန်းရှိပြီး ကောက်ခံရရှိတဲ့ မီတာခက ၄.၂၉၀ သန်းသာ ရှိလို့ ဈေးများဌာနက ကျပ် ၁၆.၀၃၄ သန်း စိုက်ထုတ်ပေးချေထားရပါတယ်။
လမ်းဘေးဈေးသည်တွေ စနစ်တကျ ရောင်းချနိုင်ရေးအတွက် အရင်းအနှီး အမြောက်အများ စိုက်ထုတ်ထားပေမယ့် ဆိုင်ခန်းခင်ကျင်းမှု တင့်တယ်မှု မရှိတာ၊ သန့်ရှင်းစွာ ရောင်းချမှု မရှိတာ၊ ဈေးများဌာနရဲ့ စည်းကမ်းထိန်းသိမ်းမှုနှင့် ကြီးကြပ်မှု အားနည်တာကြောင့် မျှော်မှန်းတဲ့ အကျိုးရလဒ် နည်းပါးတာကြောင့် စီမံကိန်းရည်ရွယ်ချက် အောင်မြင်ဖို့ နည်းလမ်းရှာဖွေ ပြုပြင်ဆောင်ရွက်ရမယ်လို့ တိုင်းစာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။
ကျပ်သန်း ၂၂၅၀ ခန့် မရသေးတဲ့ ဆိုင်ခန်းအရောင်း ကြွေးကျန် (၃၁.၃.၂၀၁၉ ထိ အခြေအနေ)
ရန်ကုန်စည်ပင် လက်အောက်ခံ ဈေးများဌာနက ဈေးအသီးသီးမှာ ဆိုင်ခန်းတွေ တည်ဆောက်ရောင်းချတဲ့နေရာမှာ ကျပ်သန်း ၂၂၅၀ ခန့် ကြွေးကျန် ရှိနနေပါတယ်။ ကြွေးကျန်အများဆုံးကတော့ ရွှေပိတောက်ဈေးဖြစ်ပြီး ဆိုင်ခန်း ၁၀၃ ခန်းအတွက် ကြွေးကျန်ပါ။ အဲဒီကြွေးကျန်တွေဟာ ၂၀၁၇-၂၀၁၇ ဘဏ္ဍာနှစ်မှာ အကြေပေးသွင်းရမည့် ကြွေးကျန်တွေဖြစ်ပြီး (၇၇) ခန်းဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကစပြီး ပေးသွင်းဖို့ ပျက်ကွက်ခဲ့တာပါ။
ကြွေးကျန်တွေ မပေးသွင်းနိုင်တာဟာ ဈေးမစည်ကားလို့ ဖြစ်ကြောင်းနဲ့ ၂၀၁၈ ခုနှစ် မတ်လက ပြုလုပ်တဲ့ ဈေးများဌာနရဲ့ ဌာနတွင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဆိုင်ခန်းဖိုးအရစ်ကျပေးသွင်းငွေကို လျော့ပေါ့ပြီး တစ်လကို ကျပ် ၅ သိန်းပေးသွင်းရန် ဆောင်ရွက်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကြွေးကျန်ရှိ ဆိုင်ခန်းတွေကို ဆိုင်ခွန်ဆိုင်ခ မကောက်ခံဘဲ ဈေးရောင်းခွင့်ပြုထားတာကြောင့် ဆိုင်ခန်းတန်ဖိုး မကြေသေးဘဲ၊ ဆိုင်ခွန်ဆိုင်ခ မပေးသွင်းရဘဲ ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချခွင့် ရနေတာဟာ အကြွေးပေးသွင်းမှုကို နှောင့်နှေးကြန့်ကြာမှုဖြစ်စေပြီး ကြွေးကျန်တွေ ရရှိရေးနဲ့ ဆိုင်ခန်းဖိုး အရစ်ကျပေးသွင်းငွေ လျှော့ချသတ်မှတ်မှုကို အထက် အဆင့်ဆင့်ကို တင်ပြလမ်းညွှန်မှု ခံယူဖို့ လိုအပ်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ်က သုံးသပ်ထားပါတယ်။
ယာဉ်ဝင်ခတွေ မမှန်မကန်ကောက်နေတဲ့ ဈေး နှစ်ဈေး
စျေးတွေမှာ ယာဉ်ဝင်ခကောက်ခံမှုကို စာချုပ်ပါ အတိုင်း မကောက်ခံဘဲ တိုးမြှင့်ကောက်ခံတာတွေ၊ ကောက်ခံခွင့်မရှိတဲ့ ယာဉ်အမျိုးအစားတွေကိုပါ ကောက်ခံတာတွေလည်း ရှိနေပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင်ထဲက ဘုရင့်နောင်ဈေး (မရမ်းကုန်းမြို့နယ်) မှာ ကားအသေးတစ်စီးကို ကျပ် ၁၀၀ သတ်မှတ်ထားပေမယ့် ကျပ် ၃၀၀ နှုန်း ကောက်ခံနေပြီး စာချုပ်အရ ကောက်ခံရမယ့်ထဲ မပါဝင်တဲ့ အနှေးယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကိုပါ ကောက်ခံနေတာကို ကွင်းဆင်းစစ်ဆေးချက်တွေအရ သိရတယ်လို့ တိုင်းစာရင်းစစ် အစီရင်ခံစာမှာ ပါတင်ပါတယ်။
ရတနာသီရိဈေးသစ် (မင်္ဂလာဒုံမြို့နယ်) မှာလည်း စာချုပ်မှာ မပါဝင်တဲ့ အနှေးယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကို တစ်စီး ၁၀၀ ကျပ်နှုန်းနဲ့ ကောက်ခံမှုတွေ ရှိနေတာကြောင့် မော်တော်ယာဉ်ဝင်ခ သတ်မှတ်ချက်ကို အများမြင်သာတဲ့နေရာမှာ ချိတ်ဆွဲဖို့နနဲ့ စာချုပ်မှာ မပါဝင်ဘဲ ဆောင်ရွက်နေမှုတွေကို ပြန်လည်စိစစ် ကြီးကြပ်ဖို့ လိုအပ်နေပါတယ်လို့ တိုင်းစာရင်းစစ်ချုပ်က ထောက်ပြထားပါတယ်။
ဈေးများဌာန ငှားရမ်းခနှင့် ပြင်ပပေါက်ဈေး ကွာဟချက်ကြီးမား
ဈေးများဌာနက ဆိုင်ခန်းများအကွက်ချငှားရမ်းခြင်းနဲ့ တည်းခိုခန်းလုပ်ငန်းအတွက် မြေငှားရမ်းထားတာမှာ ခေတ်ကာလ ပြင်ပပေါက်ဈေးနဲ့ မကိုက်ညီတာကြောင့် နိုင်ငံ့ဘဏ္ဍာငွေ လျော့နည်းရရှိပြီး နစ်နာမှုတွေ ရှိနေပါတယ်။
လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးသစ်နေရာမှာ လူပုဂ္ဂိုလ် နှစ်ဦးနဲ့ ကုမ္ပဏီနှစ်ခုကို ဆိုင်ခန်းများ အကွက်ချငှားရမ်းခြင်းနဲ့ တည်းခိုခန်းလုပ်ငန်းအတွက် မြေငှားရမ်းတဲ့နေရာမှာ ကာလပေါက်ဈေးထက် လျော့နည်းပြီး တစ်နှစ်ကို ကျပ်သန်း ၃၀၀ နီးပါး နစ်နာလျက် ရှိပါတယ်။
ဒါ့အပြင် ဆင်မလိုက်ဈေးက အခန်းနေရာ သုံးနေရာနဲ့ စံပြရန်ကင်းဈေးက တစ်နေရာတို့မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေကို ဆိုင်ခန်းမြေနေရာ ငှားရမ်းထားမှုဟာ ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ကွာဟချက် များလို့ နိုင်ငံ့ဘဏ္ဍာထဲ ဝင်သင့်သလောက် မဝင်ဘဲ လျော့နည်းစွာ ရရှိမှု ဖြစ်နေပါတယ်။
ရန်ကုန်စည်ပင်ကော်မတီဝင်တွေရဲ့ အစည်းအဝေးအမှတ် (၁၁/၂၀၁၇) အရ မူလငှားရမ်းသူတွေကို သက်တမ်းတိုး ဆောင်ရွက်ခွင့်ပြုဖို့ ဆုံးဖြတ်အရ မူလငှားရမ်းခ နှုန်းထားကို ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ပြီး နှုန်းထားတိုးမြှင်ခဲ့သော်လည်း ယင်းတိုးမြှင့်နှုန်းထားသည်ပင် ပြင်ပပေါက်ဈေးနဲ့ များစွာလျော့နည်းကွာခြားနေတယ်လို့ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ငှားရမ်းထားတဲ့ အခန်းနေရာ ၄ ခုအနက် ၂ ခုဟာ ၁၅ သက်တမ်းအတွက် ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်က ငှားရမ်းထားတာပါ။ ဘိလိယက်နှင့် စနုကာခန်းမကို ၂၀၁၃ ခုနှစ်ကစပြီး ၁၀ နှစ်သက်တမ်းနဲ့ ငှားရမ်းတာဖြစ်ပြီး စံပြရန်ကင်းဈေးက ရုံးတန်းနှင့် သင်တန်းခန်းမနေရာကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ငှားရမ်းတာ ဖြစ်ပါတယ်။
ဌာနပိုင်မြေနဲ့ အဆောက်အဦတွေကို ငှားရမ်းတဲ့နေရာမှာ ငှားရမ်းခဟာ ကာလပေါက်ဈေးနဲ့ မကိုက်ညီတာ၊ ငှားရမ်းသူတွေက တခြားသူတွေကို ထပ်ဆင့်ငှားရမ်းတာကြောင့် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ဝင်ငွေတွေ ဆုံးရှုံးမှုဖြစ်ပေါ်နေတာကြောင့် ငှားရမ်းမှုတာဝန်ခံ စစ်ဆေးရေးအဖွဲ့တွေက ဒေသအလိုက် ကာလပေါက်ဈေးတွက်ချက်ပြီး သမ္မတရုံးညွှန်ကြားချက်တွေနဲ့အညီ ငှားရမ်းဆောင်ရွက်ကြဖို့ လိုအပ်နေတယ်လို့ တိုင်းစာရင်းစစ်ချုပ်က ဆိုထားပါတယ်။
ရန်ကုန်တိုင်းထဲက ၁၃၃ ခုသော တရားမဝင်ဈေးတွေ
စည်ပင်လက်အောက်ခံ ဈေးများဌာနရဲ့ ကြီးကြပ်အုပ်ချုပ်မှုအောက်ကနေ လွတ်နေပြီး အခွန်အခ မရဘဲ တည်ရှိနေတဲ့ ဈေးပုန်း (ခေါ်) တရားမဝင်ဈေးဟာ ရန်ကုန်တိုင်း တစ်ခုလုံးမှာ ၁၃၃ ခုရှိပါတယ်။ တရားမဝင်ဈေးတည်ရှိမှုဟာ ရန်ကုန် မြောက်ပိုင်းခရိုင်မှာ ၆၅ ဈေးနဲ့ အများဆုံးဖြစ်ပြီး အနောက်နဲ့ တောင်ပိုင်းမှာ ၁၅ ဈေးစီ၊ အရှေ့ပိုင်းမှာ ၃၈ ဈေး ရှိပါတယ်။
တရားမဝင်ဈေး ၁၀ ခုအထက် ရှိတဲ့ မြို့နယ်တွေကတော့ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်နဲ့ အင်းစိန်တို့ ဖြစ်ပါတယ်။ တရားမဝင်ဈေးတွေမှာ ဈေးရောင်းချသူဦးရေဟာ အနည်းဆုံး ၂၅ ဦးကနေ အများဆုံး ၄၀၀ ကျော်အထိ ရှိနေတာပါ။
တရားမဝင်ဈေးတွေကို တရားဝင်ဈေးအဖြစ် စနစ်တကျ ဖော်ထုတ်မည်ဆိုပါက ဌာနအခွန်အကောက်ရငွေ တိုးလာနိုင်သည့်အတွက် တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်စိစစ်ကာ ဈေးလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရန် လိုအပ်တယ်လို့ တိုင်းစာရင်းစစ်ချုပ်က ထောက်ပြထားပါတယ်။