Posted in Political Institutions, Transparency on Oct 23, 2019

အာနန္ဒာ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၄

ပွင့်လင်း အစိုးရများခေတ်

၂၀ ရာစု အကုန် နှစ်တွေမှာ အခြေကျပြီးဖြစ်နေတဲ့ ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့ အများပြည်သူက အစိုးရကို စောင့်ကြပ်ကြည့်ရှုနိုင်ဖို့အတွက် နည်းပညာအသစ်တွေက ပံ့ပိုးပေးနေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အစိုးရတွေက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာတဝန်းကို အင်တာနက်ကနေတဆင့် အလွယ်တကူ ဖြန့်ဖြူးကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ အခုအခါမှာ နည်းပညာတွေ ပိုမိုတိုးတက်လာတဲ့အတွက် အဲ့ဒီ အချက်အလက်တွေကို စုစည်းတာ၊ ခွဲခြမ်းစိတ်ဖြာတာ၊ တင်ပြတာတွေကို စိတ်ဝင်စားဖွယ် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ တင်ပြလာနိုင်ပြီ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အသုံးချပြီး အစိုးရလုပ်ငန်းတွေမှာ ပြည်သူအများ ပါဝင်နိုင်တဲ့ အုပ်ချုပ်မှုပုံစံသစ်လည်း ပေါ်ထွန်းလာနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အစိုးရတွေဟာ ပွင့်လင်းအချက်အလက်တွေဟာ အရေးပါလာပြီးနောက်ပိုင်း အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကိုလည်း သိခဲ့ကြရပါတယ်။ ပွင့်လင်းအချက်အလက်ကို စတင်အကောင်အထောင်ဖော်ခဲ့တဲ့ အစိုးရ အင်တာနက် စာမျက်နှာ တစ်ခုမှာ အချက်အလက် သန်းထောင်ပေါင်းများစွာ တင်ထားရုံနဲ့ ပွင့်လင်းမြင်သာမှုရှိပြီလို့ မဆိုနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကြားခံတွေဖြစ်တဲ့ စာနယ်ဇင်းသမားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ဒီအချက်အလက်တွေကို သုံးသပ်ခြင်း၊ ဖွင့်ဆိုခြင်း၊ ရှင်းလင်းတင်ပြခြင်း စတဲ့ နည်းလမ်းတွေနဲ့ အစိုးရကို တာဝန်ခံမှု ရှိစေဖို့ ပါဝင်လာမှသာ ပွင့်လင်းမြင်သာမှု ရည်ရွယ်ချက်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား - အာရှတိုက်ရဲ့ အစိုးရပွင့်လင်းမြင်သာမှု ရှေ့ဆောင်

အာရှနိုင်ငံတွေဟာ ယေဘူယျအားဖြင့် နည်းပညာတော်လှန်ရေးနဲ့ အချက်အလက်တွေကို အသုံးချနိုင်ရေးမှာ နှေးကွေးလေးလံ ကြလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ထူးခြားတာကတော့ တောင်ကိုရီးယားနိုင်ငံဟာ မကြာခဏဆိုသလို အောင်မြင်တဲ့ ပွင့်လင်းအစိုးရ တစ်ရပ်အဖြစ် ဥပမာပေး ဖော်ပြခံရတဲ့ နိုင်ငံတစ်ခု ဖြစ်နေတာပါပဲ။

ပွင့်လင်းမြင်သာသော အစိုးရတွေကို တိုင်းတာစစ်ဆေးရာမှာ တောင်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာ အဆင့် ပွင့်လင်းမြင်သာမှု အရှိဆုံး ၁၀ နိုင်ငံထဲ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အာရှတိုက်ရဲ့ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ (အစိုးရပွင့်လင်းမြင်သာမှုညွှန်ကိန်း အမှတ် ၁၀ဝ မှာ တောင်ကိုရီးယားနိုင်ငံက ၈၁ မှတ် ရရှိခဲ့လို့ မြန်မာနိုင်ငံရဲ့ ရမှတ် ၁.၃ မှတ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။)

“တောင်ကိုရီးယားသည် ၂၀၁၀ ခုနှစ်အတွက် ကုလသမဂ္ဂ၏ e-Government စစ်တမ်းတွင် ကွန်ပျူတာ ချိတ်ဆက်မှု ညွှန်ကိန်း (EPI) နှင့် e-Government ဖွံ့ဖြိုးမှု ညွှန်ကိန်း (EDGI) တို့တွင်လည်း ထိပ်ပိုင်းက ရရှိခဲ့ပါသည်။ ယင်းအချိန်မှစ၍ ကိုရီးယားသည် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာထိပ်တန်း ရှေ့ဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ကုလစစ်တမ်း EPI တွင် အဆင့် ၁ ရရှိကာ EGDI တွင် အဆင့် ၃ ရရှိခဲ့သည်။ ထိုကဲ့သို့ အံသြသင့်ဖွယ် အောင်မြင်မှု ရရှိခဲ့သည့် အကြောင်းရင်းမှာ တဖြည်းဖြည်းချင်း ရရှိခဲ့ခြင်း ဖြစ်ပြီး နေ့ချင်းညချင်း ပြောင်းလဲခဲ့သည် မဟုတ်ချေ။ ပေါ်လစီ ချမှတ်သည့် ဖြစ်စဉ်တွင် ပြည်သူလူထု ပါဝင်မှု လွယ်ကူ အဆင်ပြေစွာ ရရှိနိုင်ရန်အတွက် အစိုးရက အစွမ်းကုန် ကြိုးပမ်းခဲ့သည်။”

နောက်ထပ် သတိပြုသင့်တဲ့ အချက်က ဒီလိုအောင်မြင်မှုတွေကို တောင်ကိုရီးယား အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် ရရှိခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တခါ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ခါတစ်ရံ အစိုးရရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြီး အစိုးရကို ဖိအားပေးခြင်းနည်းလမ်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အစိုးရကို ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ တွန်းအားပေးနိုင်ခဲ့ကြပါတယ်။

အစိုးရရဲ့ ပွင့်လင်းမြင်သာမှု အစီအစဉ်မှာ အအောင်မြင်ဆုံး လုပ်ရပ်ကတော့ ပွင့်လင်းသတင်းအချက်အလက် ပလက်ဖောင်း (data.go.kr) ကို တည်ထောင်ခဲ့တာဖြစ်ပြီး အစိုးရရဲ့ ပွင့်လင်း မြင်သာတဲ့ သတင်းအချက်အလက်တွေကို အခြေပြုကာ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကတစ်ဆင့် သာမန်ပြည်သူတွေရဲ့ ပါဝင်နိုင်စွမ်းကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒီနေရာမှာ တောင်ကိုရီးယား အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ကွန်ရက်စနစ်လို့ အမည်ပေးနိုင်တဲ့ လှုပ်ရှားမှုတွေ အကြောင်းကို လေ့လာကြည့်ပါမယ်။

တောင်ကိုရီးယား အစိုးရရဲ့ ပွင့်လင်းမြင်သာမှု ကွန်ရက် စနစ်

ဒီစနစ်ဟာ တောင်ကိုရီယားကို နိုင်ငံတကာမှာ စံပြအနေအထားအထိ ရောက်ရှိစေဖို့ တွန်းတင်ပေးလိုက်တဲ့ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဦးဆောင်မှုကနေ ရရှိလာသော စနစ် ဖြစ်ပါတယ်။

နိုင်ငံရေးမှာ လက်တွေ့ကျကျနဲ့ ရလဒ်ကောင်းရအောင် ဖော်ဆောင်လိုတဲ့ အစိုးရတစ်ရပ် ရှိထားခြင်းကလည်း တောင်ကိုးရီးယား အစိုးရရဲ့ ပွင့်လင်းမြင်သာမှုကို ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ သမ္မတဟောင်း ပတ်ဂွမ်ဟီးဟာ သမ္မတအိမ်တော်ကနေ အပြင်မထွက်သလို ပြည်သူလူထုရဲ့ ဝေဖန်ပြောဆိုမှုတွေကို နားထောင်ခြင်း မရှိဆိုပြီး ပြစ်တင်ဝေဖန်ခံခဲ့ရပြီးနောက် လူထုရဲ့ ငြိုငြင်မှုကို ခံစားခဲ့ရပါတယ်။ ဒါကပဲ ၂၀၁၇ ခုနှစ်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတအသစ် မွန်ဂျေးအင်းအတွက်တော့ ပွင့်လင်းမြင်သာမှုကို အကောင်အထည်ဖော်ဖို့အတွက် နည်းလမ်းရှာစရာ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။။

သမ္မတသစ်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပေမယ့် ၂၀ဝ၁ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ e-Government အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှု အရှိန်မြှင့်တင်ရေး အက်ဥပဒေကဲ့သို့သော ရေခံမြေခံကောင်းများက ရှိခဲ့ပြီးဖြစ်တာကိုလည်း သတိပြုအပ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေရဲ့ ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ တန်းတူညီမျှမှုတွေကို ဒီဥပဒေနဲ့ အားကောင်းအောင် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ အစိုးရဟာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုပါဝင်မှုကို တိုးတက်လာစေဖို့အတွက် ရှိရင်းစွဲ အခြေအနေတွေကနေတစ်ဆင့် တိုးချဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လှုပ်ရှားမှုတွေကတော့ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကနေ ဦးဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

အစိုးရ

Data.go.kr အင်တာနက် ဝက်ဆိုဒ်ဟာ ကိုရီးယား အစိုးရက ထိန်းသိမ်းထားတဲ့ အမျိုးမျိုးသော အချက်အလက်တွေကို လူတိုင်း အလွယ်တကူနဲ့ အဆင်ပြေစွာ ရယူသုံးစွဲနိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ အစိုးရ သတင်းအချက်အလက်ပေါင်း ၂၈၉၀၉ ခု ဖော်ပြထားပါတယ်။ အစိုးရ ဌာနအသီးသီးကနေ ထုတ်ပြန်နေတဲ့ စက္ကူဖြူစာတမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေက ရွေးချယ်ထားသော နောက်ဆုံးရ အချက်အလက်တွေကို တစ်နေရာတည်းမှာ နည်းမျိုးစုံနဲ့ ရှာဖွေဖတ်ရှုနိုင်ပါတယ်။

data.go.kr အင်တာနက် ဝက်ဆိုဒ်ဟာ ကိုရီးယား အစိုးရ ဝန်ဆောင်မှုတွေ၊ အရပ်ဘက် ဝန်ဆောင်မှုတွေ၊ မူဝါဒနဲ့ သတင်းအချက်အလက်တွေကို နည်းလမ်းနှစ်မျိုးနဲ့ ထောက်ပံ့ပေးပါတယ်။

ဒီအင်တာနက် ဝက်ဆိုဒ်ဟာ နိုင်ငံတကာ အသိအမှတ်ပြု တောင်ကိုရီးယားနိုင်ငံရဲ့ e-government ဝန်ဆောင်မှုတွေကို တစုတစည်းတည်း ဖော်ပြထားတဲ့နေရာ ဖြစ်ပါတယ်။ ပြည်သူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ လူမှုဘဝအခြေအနေအလိုက် အဆင်ပြေစေနိုင်ဖို့ စီမံဖန်တီးပေးထားတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ပါတယ်။ အမျိုးမျိုးသော အစိုးရဝန်ဆောင်မှုပေါင်း ၇၀ဝ၀ဝ ကို အများပြည်သူ ရယူသုံးစွဲနိုင်ဖို့အတွက် ခေါင်းစဉ် ၁၂ ခုနဲ့ သတ်မှတ် ဖော်ပြထားပါတယ်။

မင်ဝန်း (Minwon) ဝန်ဆောင်မှုတွေက အစိုးရ အာဏာပိုင်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အခကြေးငွေ၊ စိစစ်ရင် ကြာမယ့် အချိန်၊ သက်ဆိုင်ရာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုပေါင်း ၅၀ဝ ကျော်ကို အစိုးရ အေဂျင်စီတွေဆီ လူကိုယ်တိုင် သွားရောက်စရာ မလိုတော့ဘဲ ပြည်သူတွေက အင်တာနက်ပေါ်ကနေ အလွယ်တကူ ကြည့်ရှုနိုင်ဖို့အတွက် ဖော်ပြထားပါသည်။ ထို့အတူ အဲဒီဝန်ဆောင်တွေထဲကမှ ၃၀ဝ ကျော်ဟာ မိုဘိုင်းပလက်ဖောင်းကတဆင့် လျှောက်လွှာတွေကို လက်ခံ အတည်ပြုပေးလျက် ရှိပါတယ်။

အိမ်ပြာတော် (Blue House) အွန်လိုင်း တောင်းဆိုမှုစနစ်ဟာ ပြည်သူတွေကို အွန်လိုင်းကတဆင့် မူဝါဒ အဆိုပြုချက်တွေ တင်သွင်းခွင့် ပြုပါတယ်။ အဲဒီအဆိုပြုချက်တွေထဲမှ အချို့ကို အစိုးရက စစ်မှန်တဲ့ မူဝါဒတွေ ဖြစ်လာစေဖို့ ဖန်တီးပေးပါတယ်။ ဒါ့အပြင် အဲဒီစနစ်ကတဆင့် အစိုးရက ပြည်သူတွေရဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားပေးပါတယ်။

ဂွမ်ဟာမွန်း (Gwanghwamoon) အမှတ် (၁) လမ်း ဆိုတာ အများပြည်သူ တွေ့ဆုံဆွေးနွေးပြီး အစိုးရက လက်ခံစဉ်းစားလိမ့် မယ်လို့ မျှော်လင့်ရတဲ့ မူဝါဒ အသစ်တွေ သို့မဟုတ် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးတိုင်ပင်နိုင်တဲ့ အင်တာနက် စာမျက်နှာ ဖြစ်ပါတယ်။

အမျိုးသားအဆင့် သတင်းအချက်အလက် အရင်းအမြစ်များ ဝန်ဆောင်မှု (NIRS) ကို အရင်က အစိုးရဌာန တစ်ခုစီအလိုက် စီမံခန့်ခွဲခဲ့တဲ့ အစိုးရသတင်းအချက်အလက်တွေကို စုစည်းဖို့နဲ့ စီမံခန့်ခွဲဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုဟာ အစိုးရ အေဂျင်စီအားလုံးကို ထောက်ပံ့ပေးပြီး ၂၄ နာရီ ခုနစ်ရက်ပတ်လုံး လွယ်ကူ အဆင်ပြေပြီး လုံခြုံမှု ရှိစွာနဲ့ e-government ဝန်ဆောင်မှုတွေ ပေးတဲ့ ကမ္ဘာ့ ပထမဦးဆုံး အစိုးရ ဒေတာစင်တာ တစ်ခု ဖြစ်ပါတယ်။

အရပ်ဘက် လူ့အဖွဲ့အစည်း

ပူးပေါင်းပါဝင်မှု ရှိသော ဒီမိုကရေစီ စနစ်အတွက် ပြည်သူ့ စည်းလုံးညီညွတ်မှု (PSPD) ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ အဖွဲ့ဝင်ပေါင်း ၁၃,ဝ၀ဝ အထိ ရှိနေပြီး ပူးပေါင်းပါဝင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း ဆိုတဲ့ ရည်မှန်းချက်အောက်မှာ လှုပ်ရှားဆောင်ရွက်ကြပါတယ်။ PSPD ဟာ တီထွင်ဖန်တီးမှုရှိတဲ့ ပုံစံတစ်ခုနဲ့ တည်ရှိတာဖြစ်ပြီး အဖွဲ့အစည်းပုံစံ မဟုတ်ဘဲ လူတစ်ဦးချင်းစီက ဖွဲ့စည်းထားတဲ့ လူမှုကွန်ရက်တစ်ခုသာ ဖြစ်ပါတယ်။ ပွင့်လင်း အစိုးရ တစ်ရပ် ပေါ်ပေါက်လာရေးဟာ သူတို့ရဲ့ အဓိက ရည်မှန်းချက် တစ်ခု ဖြစ်ပါတယ်။

Open Net Korea (ON) ဟာ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ထိရောက်တဲ့ မူဝါဒတွေ၊ အဖြေတွေကို ရှာဖွေနိုင်ဖို့အလို့ငှာ ဆွေးနွေးတိုင်ပင်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ်ဖို့ ဖိုရမ် တစ်ခုကို ထောက်ပံ့ပေးပါတယ်။ သူတို့ ပြောသည့် အတိုင်း အတိအကျ ပြောရရင် -

အစိုးရ အဖွဲ့အစည်းအားလုံး နားလည်ရမယ့် အချက်ဟာ သူတို့ လက်ထဲမှာရှိတဲ့ သတင်းအချက်အလက်အားလုံးဟာ ပြည်သူလူထုရဲ့ အခွန်ငွေကို အသုံးချပြီး ရရှိလာတဲ့ အချက်အလက်တွေဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်သည်။ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းက အချို့အချို့သော အချက်အလက်ဟာ လျှို့ဝှက်အနေနဲ့ ရှိသင့်ကြောင်းကို ခိုင်လုံတဲ့ အထောက်အထားနဲ့ ကန့်သတ်ထားနိုင်ပြီး အဲဒီအချက်အလက်က လွဲလို့ ကျန်တဲ့ အချက်အလက်အားလုံးကို အလွယ်တကူ ဖတ်ရှုနိုင်တဲ့ပုံစံနဲ့ ပြည်သူလူထုကို ချပြရမှာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ပြန်ရာမှာ ငွေကြေးပမာဏ ကြီးကြီးမားမားတောင်းခံတာ သို့မဟုတ် ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပိတ်ဆို့တားဆီးတာမျိုးတွေ မရှိစေရပါဘူး။ အချက်အလက် စုဆောင်းသူတွေဟာ ကိုရီးယားနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးက အများပြည်သူအတွက် ထုတ်ပြန်ထားတဲ့ ဒေတာအချက်အလက်တွေအားလုံးကို အလွယ်တကူ ရရှိနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး အစိုးရက သတင်းအချက်အလက်အားလုံးကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးခြင်းဟာ ယနေ့လို မော်ဒန်ခေတ်သစ်ထဲမှာ ပြည်သူတွေရဲ့ ဘဝအရည်အသွေး တိုးတက်စေနိုင်ဖို့အတွက် အထိရောက်ဆုံးနဲ့ ကုန်ကျစရိတ် အနည်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

Open Government Partnership (OGP) ကတော့ အစိုးရတွေ ပွင့်လင်းမြင်သာမှုရှိရေးကို အဓိကထားသော နိုင်ငံတကာ အဆင့် ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ အဖွဲ့ဝင်တိုင်းဟာ သူတို့ နိုင်ငံအတွက် အမျိုးသား လှုပ်ရှားမှု စီမံကိန်း တစ်ခုစီကို ဖော်ထုတ်ရေးဆွဲဖို့ လိုအပ်ပါတယ်။ အဲဒီစီမံကိန်းဟာ အစိုးရနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းအကြား ပူးပေါင်းရေးဆွဲထားတာ ဖြစ်ရပါမယ်။ လက်ရှိမှာ တောင်ကိုရီးယားဟာ သူတို့ရဲ့ လေးခုမြောက် စီမံကိန်းကို ရေးဆွဲလျက် ရှိပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို ဆက်လက်ထိန်း သိမ်းထားပေမယ့်လည်း အဲဒီဖိုရမ်ဟာ အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့နေရာမှာ အလွန် အသုံးဝင်တဲ့ နေရာတစ်ခု ဖြစ်ပြီး ပိုပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ အစိုးရတစ်ရပ် ဖြစ်လာစေဖို့ တွန်းအားပေးနိုင်သော နေရာလည်း ဖြစ်လာပါတယ်။

ပွင့်လင်းမြင်သာသော အစိုးရတစ်ရပ် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မည်သည့်နိုင်ငံအတွက်မဆို အကျိုးရှိစေတဲ့ သင်ခန်းစာများ

တောင်ကိုရီးယားနိုင်ငံမှာ ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတွေကို ပြန်လည်သုံးသပ် အခြေခံပြီး ပွင့်လင်းမြင်သာတဲ့ အစိုးရတစ်ရပ်ဖြစ်ရေး စတင်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအပြင် မည်သည့်နိုင်ငံအတွက်မဆို သင့်တော်တဲ့ အောက်ဖော်ပြပါ ဖြစ်နိုင်ချေရှိတဲ့ သင်ခန်းစာတွေကို ကျွန်တော်တို့ ရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။

၁။ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ရာမှာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်ဖို့ လိုသလို လက်တွေ့ ကျဖို့လည်း လိုအပ်ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းမှာ ပါဝင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့လိုလားတဲ့ စံနှုန်းပြည့်အခြေအနေတစ်ခုကို တောင်းဆိုလေ့ ရှိကြပြီး အစိုးရကလည်း ရေတိုအချိန်အတွင်း အဲဒီတောင်းဆိုချက်တွေကို ချက်ချင်း အကောင်အထည် ဖော်ဖို့ မလွယ်ကူပါဘူး။ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးအရ အခွင့်အရေး ပေါ်ပေါက်လာတဲ့အခါမှာ ပွင့်လင်းမြင်သာမှု ရှိတဲ့ မူဝါဒများကို တိုက်တွန်းအားပေးပြီး ရှေ့ကို ရွှေ့ဖို့ ကြိုးစားရပါမယ်။ အစိုးရ သတင်းအချက်အလက် စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဥပဒေ အသစ်တွေ (ဥပမာ - မကြာသေးမီက လွှတ်တော်ကို တင်သွင်းခဲ့တဲ့ အမျိုးသား မှတ်တမ်းနှင့် မော်ကွန်း ဥပဒေ) ဟာ မိမိတို့ရဲ့ ရည်မှန်းချက်တွေကို မြှင့်တင်နိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း အရပ်ဘက် လူ့အဖွဲ့အစည်း အနေနဲ့ အဲဒီဥပဒေကို ရုပ်သိမ်းရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး ကဲ့သို့သော ပြင်းထန်တဲ့ တောင်းဆိုမှုပုံစံ၊ အပြုအမူမျိုးတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အနာဂတ်မှာ အရေးကြီးသော မဟာမိတ်တွေ ဖြစ်လာနိုင်တဲ့ အစိုးရ အရာရှိတွေနဲ့ နားလည်မှု ၊ ယုံကြည်မှု တည်ဆောက်ခြင်းတွေကို တပြိုင်နက်တည်း လုပ်ဆောင်ရင်းနဲ့ ပွင့်လင်းမြင်သာသော အစိုးရ တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် မည်သို့သော အခွင့်အရေးများ ပေါ်ပေါက်လာနိုင်သလဲဆိုတာကို စောင့်ကြည့်နေသင့်ပါတယ်။

၂။ အစိုးရရဲ့ လှုပ်ရှားမှုတွေဟာ ယုံကြည်စိတ်ချရတယ်လို့ ပြည်သူတွေက ထင်မြင်နေတဲ့ အခြေအနေမှာ စတင်မိတ်ဆက်သင့်ပါတယ်။ အပေါ်ယံ ကြည့်ရင် အလွန်ကောင်းမွန်ပေမယ့် အနှစ်သာရအားဖြင့် အစိုးရရဲ့ ဘယ်အချက်အလက်ကိုမျှ ဖော်ပြထားခြင်း မရှိတဲ့ ပွင့်လင်းအချက်အလက်ဝက်ဆိုဒ်တစ်ခုဟာ ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်ပါတယ်။ တောင်ကိုရီးယား အစိုးရရဲ့ ဂွမ်ဟွာမွန်း လမ်းမ အမှတ် ၁ ကဲ့သို့သော ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ လှုပ်ရှားမှုတွေဟာ ပြည်သူလူထု အဆိုပြုတဲ့အချက်တွေကို အစိုးရက အမှန်တကယ် အကောင်အထည်ဖော်ပေးခြင်း မရှိဘူးဆိုရင် ဘယ်အကျိုးကျေးဇူးမှ ထွက်ပေါ်လာမှာ မဟုတ်ပေ။ ကြီးမားတဲ့ ပိုစတာ စာတမ်းတွေနဲ့ ခမ်းနားတဲ့ တွေ့ဆုံပွဲတွေ၊ ပြည်သူလူထုနဲ့ ဓါတ်ပုံ အတူတွဲရိုက်တဲ့ အခွင့်အရေးတွေကိုသာ ရယူပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ခြင်း မရှိဘူးဆိုရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

၃။ အစိုးရဟာ ပွင့်လင်းပြီး ယုံကြည်စိတ်ချရသော တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်နိုင်မယ့် နည်းလမ်းအသစ်တွေကို ရှာဖွေရပါမယ်။ အစိုးရ ရုံးစိုက်ရာ မြို့တော် ဖြစ်တဲ့ နေပြည်တော်ကို ခေါ်ယူတွေ့ဆုံခြင်းဟာ အလွန်အမင်း ရှေးရိုးဆန်လွန်းပြီး ဒါဟာ အိုင်ဒီယာများ လွတ်လပ်စွာ စီးဆင်းစေမယ့် ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးပေးနိုင်ခြင်း မရှိပါဘူး။ အစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးဟာ အတွေးအခေါ်တွေ ဖလှယ်နိုင်စေရေးနဲ့ အပြန်အလှန် ဝေဖန်နိုင်ရေးအတွက် တစုံတရာ ရင့်ကျက်သည့် အဆင့်ကို ရောက်ရှိဖို့ လိုပါသည်။ ဆွေးနွေးမှုတွေ စတင်နိုင်ဖို့ လိုအပ်တဲ့နေရာတစ်ခုကို ဖန်တီးရေးနည်းလမ်း တစ်ခုကတော့ နိုင်ငံတကာ ပွင့်လင်း အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ OGP ကဲ့သို့ အဖွဲ့အစည်းတွေဆီကနေ ပြင်ပအကူအညီ ရယူခြင်း ဖြစ်ပါတယ်။

၄။ ဥပဒေပြုမှုဟာ ဒေသတွင်း အစိုးရအဖွဲ့တွေရဲ့ တန်ဖိုးတွေကို အကောင်အထည် ဖော်နိုင်ဖို့နဲ့ စစ်မှန်သော အစိုးရတွေအကြား သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု ဖြစ်ပေါ်စေဖို့အတွက် လိုအပ်ပါတယ်။ သို့သော် ဥပဒေ သက်သက်နဲ့တော့ လုံလောက်မှု မရှိနိုင်ပါဘူး။ အစိုးရအဖွဲ့အတွင်းက ထိပ်တန်းအရာရှိ တစ်ဦး သို့မဟုတ် နည်းပညာဆိုင်ရာ ထောက်ပံ့သူတစ်ဦး ရှိတယ်ဆိုရင်ဖြင့် ဝန်ကြီး ဌာန တစ်ခုအနေနဲ့ အချက်အလက်တွေ ထုတ်ပြန်ကြေညာတဲ့နေရာမှာ အဆင်ပြေ လွယ်ကူစေနိုင်ပါတယ်။

၅။ ပွင့်လင်း အစိုးရ တစ်ရပ် ပေါ်ပေါက်လာရေးအတွက် လိုအပ်ချက်တွေကို ဖန်တီးနိုင်ဖို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါတယ်။ အပြောင်းအလဲအတွက် ကြိုးပမ်းမှုဟာ မြေယာကိစ္စက စပြီး ပညာရေး၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး သို့မဟုတ် ကျား/မတန်းတူညီမျှမှု စတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေ၊ ကိစ္စတွေကို ဆောင်ရွက်နေကြတဲ့ CSO တွေကြားမှာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပွင့်လင်းသောအစိုးရတစ်ရပ်ဟာ အဲဒီအဖွဲ့အစည်းအားလုံးကို ထောက်ပံ့ပေးတဲ့ နေရာတွင် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ရမှာ ဖြစ်သော်လည်း အရပ်ဘက် လူ့အဖွဲ့အစည်းအနေနဲ့ အစိုးရကို ဖိအားပေး တောင်းဆိုရတဲ့အခါမျိုးမှာ အသံတစ်ခုတည်းထွက်နိုင်မှသာလျှင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေဟာ လျင်မြန်ချောမွေ့မှာ ဖြစ်ပါတယ်။

အာနန္ဒာ

(အာနန္ဒာမှာ ဘာလို့ ပွင့်လင်းမြင်သာမှု နမူနာတွေကို ဖော်ပြနေရသလဲ)