Posted in Budget Transparency on May 07, 2019

မြန်မာနိုင်ငံမှာ ပြည်ထောင်စုက ပြည်နယ်နဲ့ တိုင်းတွေကို ဘဏ္ဍာငွေ ခွဲဝေထောက်ပံ့ရာမှာ အချက် (၆) ချက်အပေါ် အခြေခံ ပါတယ်။ အဲဒီ အချက် (၆) ချက်ကတော့ တိုင်းနှင့် ပြည်နယ်များ၏ လူဦးရေ အချိုးအစား၊ ဆင်းရဲနွမ်းပါးမှု အညွှန်းကိန်း၊ တစ်ဦးကျ ပြည်တွင်း အသားတင် ထုတ်လုပ်နိုင်မှု၊ တိုင်းနှင့်ပြည်နယ်၏ မြေဧရိယာ အကျယ်အဝန်း၊ မြို့ပြလူဦးရေ ရာခိုင် နှုန်းနဲ့ တစ်ဦးကျ ဝင်ငွေအလိုက် အခွန်စည်းကြပ်မှုတို့ ဖြစ်ပါတယ်။ ဒီအချက် (၆) ချက်ရဲ့ မြင့်တက်၊ နိမ့်ကျမှုကို လိုက်ပြီး ဘယ်တိုင်းနဲ့ ပြည်နယ်ကို လျော့ပြီး ထောက်ပံ့မယ်၊ တိုးပြီး ထောက်ပံ့ မယ်ဆိုတာကို တိုင်းတာဆုံးဖြတ်လေ့ ရှိပါတယ်။

မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်အစိုးရတွေဟာ ကိုယ်တိုင်ရှာဖွေတဲ့ ဝင်ငွေ သို့မဟုတ် အခွန်အကောက် ဝင်ငွေ နည်းပါးတာကြောင့် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေလွှဲပြောင်းမှုကို အများစုက အားကိုးနေရပြီး တချို့ဆိုရင် သုံးစွဲမယ့် ဘက်ဂျက်အားလုံး နီးပါးကို ပြည်ထောင်စုကို အမှီအခို ပြုထားရပါတယ်။ ဒီထဲမှာဆိုရင် ကယားပြည်နယ်လည်း ပါဝင်ပါတယ်။

ကယားပြည်နယ်ရဲ့ ဝင်ငွေ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ထုတ်ဝေတဲ့ ကယားပြည်နယ် အစိုးရရဲ့ Citizen Budget စာစောင်အရ ပြည်နယ်ရဲ့ ဝင်ငွေဟာ ကျပ် ၆၀,၂၆၆.၉၇၂ ရှိတယ်လို့ ဆိုပါတယ်။ ဒီငွေထဲမှာ လွှတ်တော်အမတ်တွေကို ပေးတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ သန်း ၇၀ဝ ကို ထည့်သွင်းထားသလို ပြည်ထောင်စုရဲ့ ထောက်ပံ့ငွေ လျာထားချက်ဟာ ပြည်နယ်စုစုပေါင်းဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ဖြစ်တဲ့ ကျပ်သန်းပေါင်း ၅၄,၉၃၃.၅၈၂ ရှိပါတယ်။

အခွန်အကောက်ရငွေအနေနဲ့ ပြည်ထောင်စုက ခွဲဝေပေးတဲ့ အခွန်ဝေစုဟာ ကျပ် ၂၈၃၁.၉၇၇ သန်း ရှိပြီး ပြည်နယ်ရဲ့ ကိုယ်ပိုင် ဝင်ငွေ သို့မဟုတ် အခွန်အကောက် ရငွေဟာ ကျပ် ၃၂၃ သန်းကျော်သာ ရှိပါတယ်။ ပြည်နယ်ရဲ့ ကိုယ်ပိုင်၀င်ငွေတွေကို ပစ္စည်းခွန်၊ ယစ်မျိုးခွန်၊ ဘီးခွန်၊ မြေယာခွန်၊ တွင်းထွက်ခွန်၊ ရေခွန်၊ သစ်တောထွက်ပစ္စည်းခွန်၊ ငါးလုပ်ငန်းခွန်နဲ့ အမြတ်ခွန်ဝေစုတို့ကနေ ရတာပါ။

လူဦးရေ တစ်ဦးချင်းအလိုက် ပြည်ထောင်စု ထောက်ပံ့ငွေ

တိုင်းနှင့် ပြည်နယ် အစိုးရတွေ လည်ပတ်နိုင်ဖို့အတွက် ပြည်ထောင်စုကနေ ဘဏ္ဍာငွေ ခွဲဝေတာဟာ အချက် (၆) ချက်အပေါ် မူတည်ပြီး ခွဲတာဖြစ်လို့ ပမာဏလည်း မတူညီကြပါဘူး။ အများအားဖြင့် ဖွံ့ဖြိုးမှုအားကောင်းတဲ့ ရန်ကုန်နဲ့ မန္တလေးတိုင်း တို့အတွက် ခွဲဝေပေးတဲ့ ထောက်ပံ့ငွေဟာ လူဦးရေတစ်ဦးချင်းအလိုက် နည်းပါးပေမယ့် တခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာတော့ များပြားတာကို တွေ့ရမှာပါ။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်/တိုင်းအလိုက် ပြည်ထောင်စုရဲ့ ဘက်ဂျက်ခွဲဝေမှုမှာ ရှမ်းပြည်နယ်က ကျပ်သန်း ပေါင်း ၂၂၄,၀၉၀ နဲ့ အများဆုံးဖြစ်ပြီး ကယားပြည်နယ်ကတော့ အနည်းဆုံး ဖြစ်ပါတယ်။ ပြည်နယ်/တိုင်းအလိုက် လူတစ်ဦးချင်းကျ ထောက်ပံ့ငွေ ရရှိမှုကို တွက်ကြည့်မယ်ဆိုရင် ကယားပြည်နယ်ဟာ ဒုတိယအများဆုံးဖြစ်ပြီး တစ်ဦးကို ကျပ် ၁၉၁,၆၅၅ (ကျပ် နှစ်သိန်းနီးပါး) ရှိပါတယ်။ တစ်ဦးချင်းအလိုက် အမြင့်ဆုံးကတော့ ချင်းပြည်နယ်ဖြစ်ပြီး တစ်ဦးကို ကျပ် ၂၈၆,၂၅၅ (ကျပ် သုံးသိန်းနီးပါး) ရှိပြီး အနည်းဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ကျပ် ၈၅၀ဝ ကျော်သာ ရှိပါ တယ်။

ကယားပြည်နယ်ရဲ့ အသုံးစရိတ်များ

ကယားပြည်နယ်အစိုးရရဲ့ အသုံးစရိတ်တွေကို ခွဲခြားကြည့်မယ်ဆိုရင် ငွေလုံးငွေရင်းနဲ့ သာမန်အသုံးစရိတ်ဆိုပြီး ရှိပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ်မှာ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် အစိုးရအဖွဲ့အတွက် လိုအပ်တဲ့ အဆောက်အဦနဲ့ ရုံးသုံး ပစ္စည်းဝယ်ယူဖို့ စတာတွေ ပါဝင်ပါတယ်။ ဒီထဲမှာ ဖွံ့ဖြိုးရေးကဏ္ဍဖြစ်တဲ့ လမ်း/တံတားတည်ဆောက်ခြင်းနဲ့ ပြင်ဆင်ထိန်း သိမ်းခြင်းများအတွက် ကျပ်သန်းပေါင်း ၂၁၁၅၃.၉၂၂ သုံးစွဲမှာ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ်ထဲမှာတော့ အစိုးရအဖွဲ့နဲ့ ဝန်ထမ်းတွေရဲ့ လစာ၊ စရိတ်အတွက် ကျပ်သန်းပေါင်း ၆၆၁၀ ကျော်ကို သုံးစွဲမှာ ဖြစ်ပါတယ်။

မြို့နယ်အလိုက် ဖွံ့ဖြိုးရေးအတွက် အသုံးစရိတ် ခွဲဝေချထားမှုမှာ မြို့တော်ဖြစ်တဲ့ လွိုင်ကော်အတွက် အများဆုံးဖြစ်ပြီး ကျပ်သန်း ၁၀,၈၀ဝ ကျော် သုံးမှာဖြစ်ကာ အနည်းဆုံးကတော့ ကျပ်သန်း ၂၅၃၀ ကျော်သာ သုံးမယ့် ဖားဆောင်းမြို့နယ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မယ့် စီမံကိန်းအရေအတွက်မှာလည်း ဖားဆောင်းက အနည်းဆုံးပါပဲ။ ဒီအသုံးစရိတ်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက ဘာသာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအသုံးစရိတ်တွေ ထည့်သွင်းလာတာဖြစ်ပြီး၊ လုပ်ငန်းပမာဏအားဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းအသုံးစရိတ်တွေရဲ့ ၁.၄၃ ရာခိုင်နှုန်းရှိပါတယ်။ ငွေပမာဏအားဖြင့် ဘာသာရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်းပေါင်း ၁၈ ခု အတွက် စုစုပေါင်းအသုံးစရိတ်ဟာ ကျပ် ၅၇၈.၄၃၆ သန်း ရှိပါတယ်။ ဒီပမာဏဟာ ပြည်နယ်ရဲ့ ကိုယ်ပိုင်ဝင်ငွေ သို့မဟုတ် အခွန်အကောက်ရငွေ ကျပ် ၃၂၃ သန်းထက် နှစ်ဆနီးပါး ရှိနေတဲ့ ပမာဏလည်းဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးထဲ ထည့်ထားတဲ့ ဘာသာရေးဆိုင်ရာ

လုပ်ငန်းစီမံကိန်းအသုံးစရိတ်ကယားပြည်နယ်ရဲ့ အသုံးစရိတ်ထဲမှာ ထူးခြားတာတစ်ခုကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းအသုံးစရိတ်တွေထဲမှာ ဘာသာရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်း အသုံးစရိတ်တွေကို ထည့်သွင်းထားတာပါ။ ဘာသာရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်း တွေကို အစိုးရအဖွဲ့နဲ့ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရဲ့ အသုံးစရိတ်အောက်မှာ ထည့်သွင်းထားတာပါ။

ပြည်နယ်တစ်ခုလုံးမှာ ဘာသာရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်းပေါင်း ၁၈ ခုရှိပြီး ဖွံ့ဖြိုးမှုအသုံးစရိတ် နည်းပါးတဲ့ ရှားတောမှာ ငါးခု နဲ့ မယ်စဲ့မှာ ခြောက်ခု တို့ ဖြစ်ပြီး ဘော်လခဲနဲ့ ဖရူဆို နှစ်ခုစီ၊ ဒီမော့ဆို၊ ဖားဆောင်နဲ့ လွိုင်ကော်မှာ တစ်ခုစီ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်းအသုံးစရိတ်တွေကို အစိုးရအဖွဲ့ထက် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ပိုသုံး ထားပြီး ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဖားဆောင်းတို့မှာတော့ အစိုးရအဖွဲ့ အသုံးစရိတ်အောက် ထည့်သွင်းသုံးစွဲထားပါတယ်။ တွက်ချက်မှုမှာ ခြွင်းချက်တစ်ခုရှိတာကတော့ မယ်စဲ့မြို့နယ်၊ သယာကျေးရွာမှာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက စွမ်းအင်လုပ်ငန်းခေါင်းစဉ်နဲ့ လုပ်မယ့် စီမံကိန်းမှာ ကျေးရွာအိမ်ခြေ ၃၃ အိမ်၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းများအတွက် ဆိုလာ ၃၅ လုံး စာရင်းကိုလည်း အခု ဘာသာရေးခေါင်းစဉ် အောက်စီမံကိန်းမှာ ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် သုံးစွဲမယ့် ငွေပမာဏက ကျပ် ၁၀.၈၅၆ သန်းပါ။

ပြည်နယ်ရဲ့ ကိုယ်ပိုင်ဝင်ငွေထက် နှစ်ဆကျော်နီးပါးကို ကယားပြည်နယ်အစိုးရက အခုလိုမျိုး ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတာက ပြည်နယ်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအားနည်းလို့ အခြားပြည်နယ်တွေထက် ပိုမိုရရှိနေတဲ့ ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေရရှိမှုကိုပါ ဘာသာရေးအတွက် ထည့်သွင်းသုံးစွဲနေ တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုဖွံ့ဖြိုးရေးအားနည်းပြီး အစိုးရရဲ့ ကိုယ်ပိုင်ဝင်ငွေနည်းပါးတဲ့ ပြည်နယ်တစ်ခုမှာ ပြည်သူ့ဘဏ္ဍာကို ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေမှာ သုံးစွဲနေတဲ့ ပြည်နယ်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။