Posted in Uncategorized on Jan 04, 2021

2DDCBFF5-68BF-4949-8E7A-26B0918B1AF8.jpeg

ယနေ့ဟာ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့အတွက် အချက် ငါးချက်ပါတဲ့ အမျိုးသားရေးဦးတည်ချက်တွေကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒီလို ထုတ်ပြန်ချက်တွေဟာ လွတ်လပ်ရေးနေ့ ရောက်တိုင်း နှစ်စဉ် ထုတ်ပြန်နေကျ ဖြစ်ပြီးတော့ထုတ်ပြန်ချက်ပါ အမျိုးသားရေးဦးတည်ချက်တွေဟာ ကုန်လွန်ခဲ့တဲ့ နှစ်တစ်နှစ်ရဲ့ အဖြစ်အပျက်တွေကို ထင်ဟပ်မှု ရှိသလို လာမယ့် နှစ်အတွက်လည်း အစိုးရရဲ့ ဦးစားပေးမှုတွေကို အတိုင်းအတာတစ်ခုထိ ခန့်မှန်းနိုင်ပါတယ်။

(၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ထုတ်ပြန်ထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေကို မကြည့်မီယခင်ထုတ်ပြန်ချက်တွေကို ဦးစွာ ကြည့်ကြရအောင်ပါ။

ပြည်ခိုင်ဖြိုးအစိုးရ

  • ၂၀၁၂ ခုနှစ်၊ (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၁၃ ခုနှစ်၊ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၁၄ ခုနှစ်၊ (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၁၅ ခုနှစ်၊ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၁၆ ခုနှစ်၊ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့

အန်အယ်ဒီအစိုးရ

  • ၂၀၁၇ ခုနှစ်၊ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၁၈ ခုနှစ်၊ (၇၀) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၁၉ ခုနှစ်၊ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၂၀ ခုနှစ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့
  • ၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့

ပြည်ခိုင်ဖြိုးအစိုးရ

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ကျရောက်ခဲ့တဲ့ လွတ်လပ်ရေးနေ့တွေကိုကြည့်ရင် နိုင်ငံတော်အစိုးရဟာ အချက် လေးချက်ပါ အမျိုးသားရေးဦးတည်ချက်တွေ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီထဲကမှ မပြောင်းလဲဘဲ တသမတ်တည်း ရှိနေခဲ့တဲ့ အချက်တွေကတော့ ဒို့တာဝန်အရေးသုံးပါး ထိန်းသိမ်းကာကွယ်ရေး နဲ့ တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် ရာသက်ပန် နေထိုင်ရေး ဆိုတဲ့ အချက် နှစ်ချက် ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးနဲ့ ပတ်သက်ရင်တော့ (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုနှုန်းလျော့နည်းကျဆင်းရေး၊ အုပ်ချုပ်မှုမဏ္ဍိုင် ကောင်းမွန်သန့်ရှင်ရေး၊ မှန်ကန်တဲ့ ဒီမိုကရေစီကျင့်စဉ် ကျယ်ပြန့်ထွန်းကားရေး နဲ့ တရားဥပဒေစိုးမိုးရေးကို ဦးတည်ထားပြီး (၆၅) နှစ်မြောက်နေ့မှာမဏ္ဍိုင်သုံးရပ် တိကျမှန်ကန်ဖြောင့်မတ်ရေး ဆိုကာ တိတိကျကျ ဖော်ပြလာပါတယ်။ ကျန်နှစ်တွေမှာတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ပြည်သူ့စွမ်းအားနဲ့ ကြိုးပမ်းအကောင်အထည်ဖော်ရေး တစ်ခုတည်းကိုသာ ဇောင်းပေးဖော်ပြပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ပထမနှစ်သက်တမ်း လွတ်လပ်ရေးနေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ထာဝရငြိမ်းချမ်းမှု ရရှိရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ရေး ဆိုပြီး ပြောထားပေမယ့် ကျန်နှစ်တွေမှာ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေး ဆိုပြီး ပြောလာပါတယ်။ ပဥ္စမနှစ်မှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်နဲ့အတူ ထာဝရငြိမ်းချမ်းရေး ရရှိရေးဆိုပြီး ပါရှိလာပါတယ်။

အင်န်အယ်ဒီအစိုးရ

အင်န်အယ်ဒီအစိုးရကာလကို ကြည့်ရင် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အမျိုးသားရေးဦးတည်ချက် လေးချက် ပါရှိပြီး ကျန်နှစ်တွေမှာ အချက် တစ်ချက်စီ ထပ်တိုးခဲ့တာကို တွေ့ရပါတယ်။ ပါရှိတဲ့ အချက်တွေကို ယေဘုယျ ခွဲခြားကြည့်ရင် ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းရေး နဲ့ စီးပွားရေး ကဏ္ဍတွေကို တွေ့နိုင်ပါတယ်။

ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်ရင် ပထမနှစ်နှစ်မှာ ပြည်ခိုင်ဖြိုးအစိုးရလိုပဲ ဖော်ပြခဲ့ပေမယ့် ကျန်နှစ်တွေမှာတော့ တိုင်းရင်းသားအားလုံး "စုပေါင်းအင်အား" နဲ့ ကာကွယ်စောင့်ရှောက်ရေး ဆိုပြီး ဖြည့်စွက်ထုတ်ပြန်လာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ရင် ပထမသုံးနှစ်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးလို့ ဆိုခဲ့ပေမယ့် နောက်တစ်နှစ်မှာတော့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေးလို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ပထမနှစ်နှစ်တွင်သာ ပြည်တွင်းစစ်ပဋိပက္ခ ချုပ်ငြိမ်းအေးချမ်းရေးနဲ့ ဆက်စပ်ပြီး တိတိကျကျ ပြောထားတာကို တွေ့နိုင်ပါတယ်။ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ (၂၁) ရာစုပင်လုံကနေ ရရှိလာမယ့် ဘုံသဘောတူညီချက်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်သွားရေး၊ (၇၀) ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် "ထာဝရငြိမ်းချမ်းရေး" ပန်းတိုင် ရောက်ရှိရေး၊ (၇၁) နှစ်မြောက်မှာ မူးယစ်ဆေးဝါးဆေးသုံးစွဲမှု တားဆီးကာကွယ်ရေး၊ (၇၂) နှစ်မြောက်မှာ တရားဥပဒေစိုးမိုးရေး နဲ့ တရားမျှတမှုကဏ္ဍကို ဦးစားပေး ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်သိစိတ်နဲ့ အရည်အသွေးမြင့်မားလာစေမယ့် ပတ်ဝန်းကျင် ဖန်တီးတည်ဆောက်ရေး တို့ကို အသီးသီး ချမှတ်ထုတ်ပြန်ခဲ့ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်ရင် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံ့စီးပွားရေးမူဝါဒနဲ့အညီ တိုင်းဒေသကြီးနဲ့ ပြည်နယ်အကြား ဘက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်ဖို့ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးရေး၊ နှစ် (၇၀) မြောက်မှာ ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ပြီး လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရေး၊ (၇၁) နှစ်မြောက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဘက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်ဖို့ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရေး၊ စျေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်ရေးနဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးရေး၊ (၇၂) နှစ်မြောက်မှာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနဲ့အညီ ငြိမ်းချမ်းသာယာဝပြောတဲ့ ပြည်ထောင်စု ဖြစ်ပေါ်ရေး ဆိုပြီး ထုတ်ပြန်ပါရှိပါတယ်။

(၇၃) နှစ်မြောက် အမျိုးသားရေးဦးတည်ချက်

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၁ ခုနှစ်မှာ ကျရောက်တဲ့ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း အင်န်အယ်ဒီအစိုးရဟာ အချက် ငါးချက်ပါ အမျိုးသားရေးဦးတည်ချက်ကို ထုတ်ပြန်ပါတယ်။ အရင်လေးနှစ်အတွင်းက ထုတ်ပြန်ထားချက်တွေလိုပဲ ယေဘုယျအားဖြင့် ကဏ္ဍလေးခု ခွဲနိုင်ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်ရင်၂၀၁၉၊ ၂၀၂၀ နှစ်တုန်းကလို တိုင်းရင်းသားအားလုံး "စုပေါင်းအင်အား" နဲ့ ကာကွယ်စောင့်ရှောက်ရေး ဆိုပြီး ပါရှိပါတယ်။ ဒီအချက်ဟာ ဒို့တာဝန်အရေးသုံးပါးကို ဘယ်သူ ကာကွယ်မယ် ဆိုတဲ့ အမေးကို တိတိကျကျ ရှိလာစေဖို့ လုပ်ဆောင်လာတာလို့ ယူဆရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ နဲ့ ပုဒ်မ ၂၀ (င) မှာ ဒို့တာဝန်အရေးသုံးပါး ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်က အဓိက တာဝန်ရှိတယ် ဖော်ပြထားပေမယ့် သြဂုတ်လ ၂၁ ရက်၊ ၂၀၂၀ ခုနှစ်မှာ ရရှိခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်မှာတော့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာထက် ဘယ်လို ကာကွယ်စောင့်ရှောက်မလဲ ဆိုတဲ့ အချက် ပါရှိတာကိုလည်း တွေ့နိုင်ပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ရှေးရှုပြီး လောကပါလတရား သုံးပါးကို အခြေခံကာ နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေကတဆင့် ပင်လုံစိတ်ဓာတ်နဲ့အညီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်ဖို့ဆိုပြီး ဖြစ်ပါတယ်။ တကယ်တော့ ဒီသဘောတူညီချက်ဟာ ၂၀၁၆ ကနေ စတင်လာခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံရဲ့ ကျင်းပရခြင်း ရည်ရွယ်ချက်လို့လည်း ပြောနိုင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အချက်ဟာပြည်ခိုင်ဖြိုးအစိုးရနဲ့မတူဘဲ အင်န်အယ်ဒီအစိုးရလက်ထက်မှသာ ပါဝင်လာတဲ့ အမျိုးသားရေးဦးတည်ချက်ဖြစ်ပါတယ်။ ၂၀၂၀ နှစ်တုန်းကလိုပဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေးလို့ ဆိုပါတယ်။ ဒီအချက်ဟာ ပြီးခဲ့တဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းချက် နဲ့ ဆက်စပ်ကြည့်ရင် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

တစ်နှစ်နဲ့ ခုနစ်ရက် ကြာခဲ့တဲ့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဟာ အင်န်အယ်ဒီအစိုးရအတွက် မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒီလို ပြင်ဆင်ရေးကြိုးပမ်းချက်ဟာ အင်န်အယ်ဒီပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၁၅ ခုနှစ်) ပါ ကတိကဝတ်ကို ဖြည့်ဆည်းဖို့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို မအောင်မြင်ခဲ့တာကြောင့် ပါတီရဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းမှာ "စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး" ဆိုပြီးသာ ပါရှိတော့ပြီး ၂၀၁၅ ခုနှစ်တုန်းကလို ဘယ်လို မူတွေအတိုင်း ပြင်ဆင်သွားမယ် ဆိုပြီး တိတိကျကျ ပါရှိမလာတော့ပါဘူး။ ဒီလိုပြောင်းလဲမှုကြောင့် နောက်လာမယ့်နှစ်တွေမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ လွှတ်တော်ကို ချိတ်ဆက်ပြီး ညီလာခံက ထွက်ပေါ်လာမယ့် ပြည်ထောင်စုသဘောတူစာချုပ်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်သွားမလား ဆိုပြီး တွက်ဆစရာ ရှိပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမျိုးသားရေးဦးတည်ချက်မှာ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ နိုင်ငံရေး တရားမျှတမှုတွေ၊ အဆင့်အတန်း၊ အခွင့်အလမ်း၊ တရားဥပဒေရေးရာ ညီမျှမှုတွေတို့ကို နိုင်ငံသားအားလုံး တန်းတူရည်တူ ရရှိရေး၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုပြီး ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ပဋိပက္ခ ချုပ်ငြိမ်းအေးချမ်းရေးနဲ့ ဆက်စပ်ပြီး တိတိကျကျ ဖော်ပြမလာတော့တာရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။ ဒီအမျိုးသားရေးဦးတည်ချက်ကို ကြည့်ရင် အစိုးရဟာ ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ်ကို ကျယ်ကျယ်ပြန့်ပြန့် အနက်ဖွင့်ဆိုပြီး လူမှုအဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ လူမှုပဋိပက္ခတွေ ဖြေရှင်းရေးအထိ ဦးတည်နေတယ်လို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် မငြိမ်းချမ်းတဲ့ ဒဏ်တွေကို ခါးစီးခံစားနေရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဘယ်လောက် ဦးစားပေး လုပ်ဆောင်ပေးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်ရင် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူတစ်ရပ်လုံး ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အစိုးရ၊ ပြည်သူလူထု အားလုံးပါဝင်ကာ ရင်ဆိုင်ကျော်လွှားရေး ဆိုပြီး ပါရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ လူမှုစီးပွားအပေါ် သက်ရောက်မှုကို ကုစားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုဟာ နိုင်ငံအတွက် အတော်ကြီးမားတာကြောင့် နိုင်ငံတော်အစိုးရဟာ COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) ကို ချမှတ်လုပ်ဆောင်ခဲ့သလို မြန်မာ့စီးပွားရေးထိခိုက်မှု တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (Myanmar Economic Recovery and Reform Plan - MERRP) ကိုလည်း မကြာခင် ထုတ်ပြန်မယ်လို့ သိရပါတယ်။ဒီဦးတည်ချက်ဟာ ကာကွယ်ဆေးထိုးနှံရန်အတွက် ပြင်ဆင်မှုတွေနဲ့လည်း ဆက်စပ်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အစိုးရကနေ လွတ်လပ်ရေးနေ့တိုင်း ထုတ်ပြန်နေတဲ့ အမျိုးသားရေးဦးတည်ချက်ဟာ လာမယ့်နှစ်မှာ လုပ်ဆောင်မယ့် အစိုးရရဲ့ ဦးစားပေးချက်တွေကို ဖော်ညွှန်းနေခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့သလို ပြီးဆုံးခဲ့တဲ့ နှစ်တွေရဲ့ အဖြစ်အပျက် ရလဒ်တွေကိုလည်း ထင်ဟပ်နေတာကို တွေ့နိုင်ပါတယ်။ တနည်းအားဖြင့် လွတ်လပ်ရေးနေ့ ဦးတည်ချက်ဟာ အစိုးရရဲ့ တစ်နှစ်တာ မူဝါဒကို တစ်စိတ်တစ်ပိုင်း လစ်ဟပြတဲ့ ထုတ်ပြန်ချက်လို့ ဆိုနိုင်ပါတယ်။