Posted in Budget Transparency on Feb 20, 2020

ပညာရေးဝန်ကြီးဌာနက လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ်သန်းပေါင်း ၂,၆၉၃,၃၈၂.၉၈၂ သန်း သုံးစွဲဖို့ လျာထားပါတယ်။ ဒီထဲမှာ သာမန်အသုံးစရိတ်အတွက် စုစုပေါင်းရဲ့ ၇၂ % နဲ့ ၂၈ % ကတော့ ငွေလုံးငွေရင်း အသုံးစရိတ် ဖြစ်ပါတယ်။

သာမန်အသုံးစရိတ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပညာရေးဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ် စုစုပေါင်းဟာ ကျပ် ၁,၉၄၄,၇၈၄.၂၃၄ သန်းရှိပြီး ၆၅ ရာခိုင်နှုန်းကို လစာ၊ စရိတ်၊ ချီးမြှင့်ငွေအတွက် သုံးစွဲမှာ ဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းကိုတော့ ပစ္စည်းများဝယ်ယူခြင်၊ ဆောင်ရွက်ပေးခြင်းတို့အတွက် ကုန်ကျစရိတ်နှင့် လုပ်အားခတို့အတွက် သုံးစွဲမှာ ဖြစ်ပြီး ၉ ရာခိုင်နှုန်းကိုတော့ ပြင်ဆင်ထိန်းသိမ်းမှုစရိတ်အတွက် လျာထားပါတယ်။ ပညာရေးနှင့် လူမှုရေးအသုံးစရိတ်အဖြစ် စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း လျာထားပြီး ကျန်အသုံးစရိတ်တွေကိုတော့ ၁ ရာခိုင်နှုန်း အောက်သာ သုံးစွဲမှာ ဖြစ်ပါတယ်။

အခြေခံပညာဦးစီးဌာနရဲ့ စုစုပေါင်း သာမန်အသုံးစရိတ်ဟာ ကျပ် ၁,၆၅၈,၄၁၂.၅၅၁ သန်း ရှိပြီး စုစုပေါင်းပမာဏရဲ့ ၈၅ ရာခိုင်နှုန်း ရှိကာ ၁၂ ရာခိုင်နှုန်းကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနအတွက် လျာထားပါတယ်။ ၂ ရာခိုင်နှုန်းကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအတွက် လျာထားပြီး ကျန်ဦးစီးဌာနတွေကတော့ စုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းအောက်သာ သုံးစွဲမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပညာရေးမူဝါဒ ၁၆ မှာ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ ဆောင်ရွက်ရေး ဆိုတဲ့အချက် ပါရှိကာ ငွေလုံးငွေရင်းနဲ့ သာမန်အသုံးစရိတ် သုံးစွဲရန် လျာထားချက်တွေအရ မူဝါဒကို အကောင်အထည်ဖော်တဲ့ ခွဲဝေချထားသုံးစွဲမှုလို့တော့ သတ်မှတ်ရနိုင်ပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ်ကို ဘယ်လို ခွဲသုံးမှာလဲ

ဝန်ကြီးဌာနအောက်မှာ ဝန်ကြီးရုံးအပါအဝင် ဌာနပေါင်း ၁၂ ခုရှိပြီး ငွေလုံးငွေရင်း အသုံးစရိတ်တွေကို ဆောက်လုပ်ရေး၊ စက်ပစ္စည်းနဲ့ အခြားဆိုတဲ့ ခေါင်းစဉ်ခွဲ သုံးခုနဲ့ အသုံးပြုပါတယ်။

ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်းရဲ့ ၄၇ ရာခိုင်နှုန်းကို အခြေခံပညာဦးစီးဌာန၊ ၃၂ ရာခိုင်နှုန်းကို အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ၂၀ ရာခိုင်နှုန်းကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ သုံးစွဲမှာ ဖြစ်ပါတယ်။ ကျန်ဦးစီးဌာနတွေကတော့ ၁ ရာခိုင်နှုန်း နဲ့ အောက်သာ သုံးစွဲမှာ ဖြစ်ပါတယ်။

ငွေလုံးငွေရင်းအသုံးစရိတ် ဖော်ဆောင်မယ့် စီမံကိန်းအား အမျိုးအစားအလိုက် ဆန်းစစ်ခြင်း

အခြေခံပညာဦးစီးဌာနက ငွေလုံးငွေရင်း အသုံးစရိတ်နဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစီမံကိန်းတွေကို အမျိုးအစား ၁၆ ခု ခွဲခြားထားပါတယ်။ ဒီထဲမှာဆိုရင် အန္တရာယ်ရှိ ကျောင်းဆောင်များ ဖျက်သိမ်း၍ ဆောက်လုပ်မှု စီမံကိန်းဟာ ၁၂၆၇ ခု ရှိပြီး စုစုပေါင်းစီမံကိန်းပမာဏရဲ့ ၃၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ကျောင်းသားဦးရေအရ အသစ်တိုးချဲ့ဆောက်လုပ်ရခြင်းကတော့ ၃၆ ရာခိုင်နှုန်းနဲ့ ဆရာ/ဆရာမများ အိမ်ရာ ဆောက်လုပ်ခြင်းဟာ ၁၂ ရာခိုင်နှုန်း ရှိပါတယ်။

လွှတ်တော်တွင်း ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုကြောင့် ကတိကဝတ်အဖြစ် ကျောင်းအသစ် ဆောက်လုပ်ခွင့် ရတာဟာ ၁၆၇ ခုအထိ ရှိပြီး စီမံကိန်းစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်း ရှိပြီး စာကြည့်တိုက်ဆောက်လုပ်မှုကတော့ ၂ ရာခိုင်နှုန်း ရှိပါတယ်။

နိုင်ငံအကြီးအကဲတွေရဲ့ ခရီးစဉ်တွေအတွင်း လမ်းညွှန်ချက်ကြောင့် ဘက်ဂျက်သုံးစွဲဖို့ ပါဝင်လာတဲ့ စီမံကိန်း ၇ ခု ရှိပြီး တနင်္သာရီတိုင်း ၄ ခုနဲ့ ရခိုင်ပြည်နယ် ၃ ခု တို့ ဖြစ်ပါတယ်။ သာသနာ့မြေပေါ်မှာ ဆောက်လုပ်ထားမိတာကြောင့် ပြောင်းလဲဆောက်လုပ်ရတဲ့ စီမံကိန်းကတော့ ၅ ခုရှိပြီး မကွေး ၄ ခုနဲ့ ဧရာဝတီတိုင်း ၁ ခု တို့ ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် အသစ်ဆောက်လုပ်ရမှုဟာ ၃၅ ခု ရှိပြီး ဧရာဝတီ ၂၅ ၊ ချင်း ၅ ၊ ပဲခူး ၃ နဲ့ ကချင် ၁ ခုတို့ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနက ဦးစားပေးလုပ်ငန်း ၁၂ ရပ်မှာ “နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ပေးခြင်း” ဆိုတဲ့အချက် ပါဝင်ပါတယ်။

မြေမရှိဘဲ သာသနာ့မြေပေါ် ဆောက်လုပ်ထားကြောင့် ပြောင်းလဲဆောက်လုပ်ရတာဟာ ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသလို နိုင်ငံအကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်၊ လွှတ်တော်အမတ်တွေ တောင်းဆိုမှုကြောင့် ရတဲ့ ကတိကဝတ်ကျောင်းတွေဟာ မြေပြင်အခြေအနေရဲ့ တကယ့်လိုအပ်ချက်အရ ခွင့်ပြုပေးခဲ့ခြင်း ဟုတ်၊ မဟုတ်ဆိုတာကို ဆန်းစစ်တိုင်းတာနိုင်ဖို့လည်း လိုအပ်ပါတယ်။

‌အခြေခံပညာဦးစီးဌာနက ဖော်ဆောင်မယ့် လုပ်ငန်းစီမံကိန်းများ

ကဏ္ဍအလိုက်ကို ကြည့်ရင် ပညာရေးကဏ္ဍတွေအတွင်းမှာ အခြေခံပညာကဏ္ဍဟာ အရေးကြီးဆုံး အခြေခံအဆင့်ဖြစ်တာကြောင့် အခုဆောင်းပါးမှာ အခြေခံပညာဦးစီးဌာနရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ဆန်းစစ်မှု လုပ်သွားမှာ ဖြစ်ပါတယ်။ ‌ပညာရေးဝန်ကြီး လက်အောက်က အခြေခံပညာဦးစီးဌာနအနေနဲ့ ဒီနှစ်မှာ လုပ်ငန်းစီမံကိန်းပေါင်း ၃၂၇၅ ခုရှိပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၂၈ ခု ပါဝင်ပါတယ်။ ဆောင်ရွက်ဆဲ လုပ်ငန်းတွေက ကချင်ပြည်နယ်မှာ ၁ ခု၊ ပဲခူးမှာ ၂၇ ဖြစ်ပြီး ကျန်စီမံကိန်းအားလုံးဟာ အခုဘဏ္ဍာနှစ်မှာ စတင်ဆောင်ရွက်မယ့် လုပ်ငန်းတွေချည်း ဖြစ်ပါတယ်။ လုပ်ငန်းသစ်စီမံကိန်းအများစုဟာ လူဦးရေများပြားတဲ့ ပဲခူး၊ ရှမ်း၊ စစ်ကိုင်း၊ ဧရာဝတီ၊ မန္တလေးနဲ့ ရခိုင်တို့မှာ ဖြစ်ပြီး စီမံကိန်း ၂၀၀ နဲ့အထက်စီ ရှိပါတယ်။ စီမံကိန်း ၁၀၀ အောက်သာ ရှိတဲ့ ဒေသတွေကတော့ ကရင်၊ တနင်္သာရီ၊ နေပြည်တော်ဖြစ်ပြီး အနည်းဆုံးကတော့ ကယားပြည်နယ် (၄၇ ခု) ဖြစ်ပါတယ်။ စီမံကိန်းအလိုက် သုံးစွဲမယ့် ငွေပမာဏအရ ကြည့်မယ်ဆိုရင်တော့ နေပြည်တော်မှာ သုံးစွဲဖို့အတွက် အများဆုံး လျာထားပြီး ကျပ် ၃၄၇၈၄.၁၀၈ သန်းအထိ ရှိပါတယ်။ နေပြည်တော်ရဲ့ သုံးစွဲမှု ပမာဏာ အများဆုံးဖြစ်ရခြင်းဟာ နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁၉,၃၆၈,၂၀၂.၀၉၃ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၂၉,၅၃၆.၅၀၈ သန်းကို ထည့်သွင်းထားတာကြောင့် ဖြစ်ပါတယ်။ အဲဒီချေးငွေနဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နည်က အခြေခံပညာကျောင်းပေါင်း ၄၈ ခုအတွက် စာသင်ခန်း၊ အိမ်ဆောင်၊ ဆရာ/ဆရာမ နားနေခန်း၊ သန့်စင်ခန်း၊ သိပ္ပံဆောင်နဲ့ စာကြည့်တိုက်တွေ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒုတိယအများဆုံးကတော့ ဧရာဝတီတိုင်းဖြစ်ပြီး ကျပ် ၃၁,၀၅၄.၀၉၀ သန်း၊ ရန်ကုန်တိုင်းက ကျပ်သန်း ၂၇,၀၄၆.၂၉၀ သန်းနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ကယားပြည်နယ်တော့ စီမံကိန်းအရေအတွက် အနည်းဆုံးနဲ့ သုံးစွဲမှုပမာဏ အနည်းဆုံးဖြစ်ကာ ကျပ် ၃၉၄၀.၅၂၀ သန်း သုံးစွဲဖို့ လျာထားပါတယ်။

အခြေခံပညာဦးစီးဌာန၏ တစ်ဦးချင်းကျ အသုံးစရိတ်

ဦးစီးဌာနရဲ့ တိုင်းနှင့် ပြည်နယ်အလိုက် တစ်ဦးချင်းကျ အသုံးစရိတ်အနေနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဖွံ့ဖြိုးမှုနည်းတဲ့ ချင်းပြည်နယ်က အများဆုံးဖြစ်ပြီး တစ်ဦးချင်းစီအတွက် ၃၇,၃၁၉ ကျပ် သုံးစွဲထားပါတယ်။ ဒုတိယကတော့ နေပြည်တော်ဖြစ်ကာ ၂၉၉၈၀ ကျပ်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ၆ ခုက ကျောင်း ၄၈ ကျောင်းအတွက် အသုံးစရိတ်ကိုပါ ထည့်တွက်ထားတာကြောင့်လည်း ဖြစ်ပါတယ်။ တတိယကတော့ ကယားပြည်နယ်ဖြစ်ပြီး ၁၃၇၄၈ ကျပ်နဲ့ တစ်ဦးချင်းကျ သုံးစွဲမှု အနည်းဆုံးကတော့ မန္တလေးဖြစ်ပြီး ၃၆၅၄ ကျပ်သာ ရှိပါတယ်။ နိုင်ငံ့မြို့တော်ဟောင်း ဒေသဖြစ်တဲ့ ရန်ကုန်ကတော့ စီမံကိန်းလိုက်တန်ဖိုးအရ အများဆုံးဖြစ်ပေမယ့် လူတစ်ဦးချင်းကျ အသုံးစရိတ်ကတော့ ၃၆၇၄ ကျပ်သာ ရှိပါတယ်။

နိုင်ငံ့ GDP နဲ့ ပညာရေးအသုံးစရိတ် ပါဝင်မှု အချိုးအစား

‌အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးကဏ္ဍရဲ့ အသုံးစရိတ်ဟာ နိုင်ငံ့ဘဏ္ဍာငွေ လျော့နည်းတဲ့ အခြေအနေမှာတောင် နိုင်ငံ့ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး - GDP ရဲ့ ၂.၃ ရာခိုင်နှုန်း ရှိရမယ်လို့ ရည်မှန်းချက်ထားတာ ရှိပါတယ်။

နိုင်ငံ့ဘဏ္ဍာငွေ မြင့်မားတဲ့ အခြေအနေမှာဆိုရင် နှစ်အလိုက် ပါဝင်နိုင်မှုအချိုးဟာ ၂၀၁၉-၂၀၂၀ မှာ ၂.၉ ရာခိုင်နှုန်းနဲ့ ၂၀၂၀-၂၀၂၁ မှာဆိုရင် ၃ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ဖော်ပြထားပြီး ပညာရေးဆိုင်ရာ အသုံးစရိတ် စုစုပေါင်းဟာ စီမံကိန်းကာလ ပြီးဆုံးချိန်မှာ ကျပ်သန်း ၃,၅၈၃,၉၁၉ ရှိလာမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တကယ်ကော NESP ရဲ့ ရည်မှန်းချက်အတိုင်း ဖြစ်လာရဲ့လားဆိုတာကို ဆန်းစစ်ဖို့ လိုပါတယ်။

သုတေသနနဲ့ နည်းပညာ

ပညာရေးကဏ္ဍအတွက် သုတေသနလုပ်ငန်းဟာ အရေးကြီးပြီး ယင်းနဲ့ ဆက်စပ်တဲ့ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး (ပညာရေး/သုတေသန) ဦးစီးဌာနတွေရဲ့ အသုံးစရိတ်နှစ်ခုစလုံးဟာ တခြားဌာနတွေထက် နည်းပါးနေတာကို‌ တွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒထဲမှာ နိုင်ငံတကာ ပညာရေအဆင့်ရရှိစေဖို့ ခေတ်မီနည်းပညာများ အသုံးပြုဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝမှာ လက်တွေ့အသုံးချနိုင်တဲ့ ပညာရေး ဖြစ်ဖို့၊ ပညာရပ်နယ်ပယ်အားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်/အတတ်ပညာရှင်/နည်းပညာနဲ့ သက်မွေးပညာ ကျွမ်းကျင်သူတွေကို အဆင့်လိုက် မွေးထုတ်ရေးဆိုတာတွေ ပါဝင်ပါတယ်။ သို့သော် ပညာရေးဌာန အသုံးစရိတ်တွေမှာက ဒီမူဝါဒတွေကို ဖော်ဆောင်နိုင်ဖို့ရာမှာ လိုအပ်တဲ့ အသုံးစရိတ်ပိုင်းမှာ အားနည်းနေတာကို တွေ့ရမှာပါ။ သာမန်အသုံးစရိတ် အများစုဟာ ဝန်ထမ်းလစ စရိတ်တွေဖြစ်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေက အများဆုံး ဖြစ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း အများစုကလည်း အန္တရာယ်ရှိလို့ ပြင်ဆောက်တာ၊ ကျောင်းသားဦးရေ တိုးဆောက်တာ၊ ဆရာ/ဆရာမအိမ်ရာ ဆောက်တာ၊ လွှတ်တော်ကတိကဝတ်အရ ဆောက်တာတွေက များပြီး ခေတ်မီဖွံ့ဖြိုးမှုကို အားပေးမှု ပြုတဲ့ သိပ္ပံဆောင်နဲ့ စာကြည့်တိုက်ဆောက်လုပ်ခြင်းတွေမှာ အားနည်းနေတာကို ကြည့်ရင် ချမှတ်ထားတဲ့ မူဝါဒတွေ အကောင်အထည်ဖော်တဲ့နေရမှာ အသုံးစရိတ်တွေက အထောက်အပံ့ဖြစ်စေရဲ့လားဆိုတာကို အစိုးရတာဝန်ရှိသူတွေ ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီ။ အချက်အလက်တွေအရ ပညာရေးကဏ္ဍမှာ အစိုးရက တိုးမြှင့်ရင်းနှီးလာတာဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုနိုင်သော်လည်း ချမှတ်ထားတဲ့ မူဝါဒနဲ့ ကိုက်ညီသော ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြစ်ဖို့အတွက်ကတော့ အစိုးရအပေါ်မှာသာ မူတည်နေပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။

aunghtunlin@theananda.org

ကိုးကား

  • Myanmar 2018 Education Budget Brief – UNICEF
  • အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)
  • ၂၀၁၉-၂၀၂၀ ပညာရေးဝန်ကြီးဌာန အသုံးစရိတ်
  • ပညာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ