Posted on Jan 27, 2021
မကြာခင်မှာ တတိယအကြိမ်လွှတ်တော်ရဲ့ ပထမပုံမှန် အစည်းအဝေးတွေ စတင်ပါတော့မယ်။ ဒီအစည်းအဝေးမှာ လွှတ်တော် အကြီးအကဲသစ်တွေ၊ အစိုးရအကြီးအကဲသစ်တွေကို ရွေးချယ်အတည်ပြုသွားဖို့ အဓိက ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ အဓိက အတိုက်အခံပါတီလို့ ပြောရမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ လွှတ်တော်နှစ်ရပ်မှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစီ အလိုအလျောက် နေရာရထားတဲ့ တပ်မတော်ကတော့ ရွေးကောက်ပွဲရလဒ်အပေါ် မေးခွန်းထုတ်နေကြဆဲဖြစ်ပြီး လွှတ်တော် တက်ရောက် မတက်ရောက်ဆိုတာအပေါ် တိကျတဲ့ အဖြေပေးမထားတာကို တွေ့ရပါတယ်။
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးအစည်းအဝေးကို မခေါ်ယူပေးတာ၊ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပေမယ့် အထူးအစည်းအဝေးခေါ်ယူမှုကို ပယ်ချခဲ့တာတွေကိုလည်း ဒီအဖွဲ့အစည်းနှစ်ခုက အဓိကထောက်ပြနေခဲ့ပါတယ်။
“နိုင်ငံရေးအကြပ်အတည်း”လား
ရွေးကောက်ပွဲအပြီးကာလမှာ မဲစာရင်းမှားယွင်းမှုတွေကို တောက်လျောက်စစ်ဆေးထုတ်ပြန်နေခဲ့တဲ့ တပ်မတော်ကတော့ ဒီအခြေအနေကို “နိုင်ငံရေးအကြပ်အတည်း” လို့ ရည်ညွှန်းနေပေမယ့် အမှန်တကယ်တမ်းတော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ဆောက်ထားတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းတွေက ခိုင်မာစွာ လည်ပတ်နေတာ မဟုတ်ကြောင်း ဖော်ပြနေတဲ့ အရေးကိစ္စသာ ဖြစ်နေပါတယ်။
မဲစာရင်းမှားတာကို သက်သေပြနိုင်ရုံနဲ့ ရည်ရွယ်ချက်ရှိရှိ မဲလိမ်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲလို့ မရနိုင်ပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အားနည်းချက်တွေဟာ အထူးတလည် ရှာဖွေဖော်ထုတ်ပြစရာမလိုလောက်အောင် ရှင်းရှင်းလင်းလင်း မြင်သာပါတယ်။ ဒီအခြေအနေတွေ ရှိနေသည့်တိုင် ပြည်သူအများစုရဲ့ မဲဆန္ဒကို မေးခွန်းထုတ်ဖို့ ကြိုးစားတာဟာ အလျင်စလို ကောက်ချက်ဆွဲလွန်းရာ ကျပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်ပေးထားတာဖြစ်ပြီး တရားရေးဆိုင်ရာ အငြင်းပွားမှုတွေကိုလည်း စီရင်ဆုံးဖြတ်ပိုင်ခွင့် ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ အခြား ကမ္ဘာ့နိုင်ငံ အချို့မှာလည်းရှိတဲ့ စနစ်မျိုးဖြစ်ပေမယ့် ကော်မရှင်အဖွဲ့ဝင်တွေ ခန့်အပ်ရာမှာတော့ ကွဲပြားမှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက ကော်မရှင်ကတော့ သမ္မတ တက်တိုင်း အသစ်ခန့်အပ် ဖွဲ့စည်းခွင့်ပေးတာ၊ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ခံရနိုင်ချေကနေ ကင်းလွတ်ခွင့်ရထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်နေတာတွေကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တွေ ဖြစ်ပါတယ်။
နောက်တစ်ခုဖြစ်တဲ့ အထူးအစည်းအဝေးခေါ်ယူခြင်းနဲ့ ပတ်သက်လို့ အငြင်းပွါးကြရာမှာလည်း တကယ်လို့ ဖွဲ့စည်းပုံနဲ့ မညီဖူးလို့ ယူဆတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ အဆုံးအဖြတ်ခံယူနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ခုံရုံးကလည်း တကယ်တော့ အာဏာရပါတီတစ်ခုတက်တိုင်း တစ်ခါပြောင်းလဲခွင့်ရနေလို့ အခြားသောနိုင်ငံရေးမှာ ပါဝင်သူတွေရဲ့ ယုံကြည်မှု လေးစားမှုကို မရတာကလည်း တော်တော်ကြီးတဲ့ ပြဿနာပါ။
ဒီတော့ အခုအငြင်းပွါးမှုဟာ နိုင်ငံရေးယန္တရားတွေကို ပြန်လည်သုံးသပ်ဖို့လိုပြီဆိုတဲ့ ခေါင်းလောင်းသံပါ။ လက်ရှိဖွဲ့စည်းပုံပြင်မယ် အသစ်ရေးမယ်ဆိုရင် ဘာတွေအဓိကထားပြီး စဉ်းစားဖို့လိုမယ်ဆိုတဲ့ သင်ခန်းစာပါ။
ဘာလို့အခုလို တုန့်ပြန်ကြသလဲ
၂၀၁၅ ရွေးကောက်ပွဲအပြီး တုန့်ပြန်မှုနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး တုန့်ပြန်မှုတွေက ကွဲပြားပါတယ်။
ပြည်ခိုင်ဖြိုးအနေနဲ့ အခုရွေးကောက်ပွဲကို ပိုမိုအားစိုက်ခဲ့ပေမယ့် ရလဒ်ဆိုးခဲ့လို့ သူ့မှာ စိုးရိမ်စရာတွေ ကြီးထွားလာတယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အရှုံးကနေ တဖြည်းဖြည်း လျော့ပါးသွားပြီး ပြန်မလာနိုင်တော့မှာက အဓိက စိုးရိမ်ချက် ဖြစ်နိုင်ပါတယ်။ အခုလို တုန့်ပြန်မှုတွေက မဲရလဒ် အပြောင်းအလဲ မရရင်တောင်မှ ပါတီကို အမာခံ ထောက်ခံသူတွေကို ဆက်စည်းရုံးထားနိုင်ဖို့အတွက် နည်းလမ်းတွေထဲက တစ်ခုအနေနဲ့ ရည်စူးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
တပ်မတော်ဘက်က စိုးရိမ်ချက်ကတော့ ပြည်ခိုင်ဖြိုးနဲ့ အနည်းငယ်ကွဲနိုင်ပြီး ရှေ့ငါးနှစ် နိုင်ငံရေး ညှိနှိုင်းမှုတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ တောင်ပြိုကမ်းပြို လူထုထောက်ခံမှုကို ပိုပြီးထိထိမိမိ ကိုင်ဆွဲလာနိုင်မှာကို စိုးရိမ်တာမျိုး ရှိနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲဟာ အများလက်ခံကြသလို များသောအားဖြင့် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြတယ်ဆိုတဲ့အချက်ကို ငြင်းချက်ထုတ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
အဖြေရှာ ရှေ့ဆက်ခြင်း
တကယ်တော့ အာဏာရပါတီဘက်ခြမ်းမှာလည်း အပြစ်ကင်းလှတယ် မဟုတ်ပါ။
ဒုတိယအကြိမ်လွှတ်တော်ရဲ့ နောက်ဆုံးအစည်းအဝေး မခေါ်ယူဖို့ ဆုံးဖြတ်တဲ့အချိန်မှာ ပါတီတွေဘက်က ဝေဖန်ထောက်ပြချက်တွေ ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အထူးအစည်း တောင်းဆိုတာ၊ ပယ်ချတာတွေ ဆက်ဖြစ်ခဲ့ပါတယ်။ အကယ်၍သာ နောက်ဆုံးအစည်းအဝေးကို ထူးခြားတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကာလဖြစ်တဲ့အတွက် မခေါ်ယူတော့တာဖြစ်ကြောင်း လွှတ်တော်တွင်း ပါတီအသီးသီးရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်း တင်ပြခဲ့မယ်ဆိုရင် အဖြေကို ရနိုင်ခဲ့လောက်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း တတိယအကြိမ်လွှတ်တော်မှာ ဆက်ဆွေးနွေးနိုင်တာကိုလည်း တင်ပြပြီး ဆုံးဖြတ်နိုင်ပါတယ်။
အခုလက်ရှိအခြေအနေမှာတော့ လွှတ်တော်နာယကဟာ သူ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်တဲ့ အထူးအစည်းအဝေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံနဲ့ ညီမညီဆိုတာကို မေးခွန်းဆက်ထုတ်ခံရနိုင်ချေရှိပြီး ဒီအပေါ် တာဝန်ခံရနိုင်ပါတယ်။
ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ ကိုယ်စားလှယ် တစ်ဝက်တက်ရင် အထမြောက်တဲ့ အစည်းအဝေးဖြစ်မှာမို့ တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အောင်မြင်အောင် ကျင်းပနိုင်ဖို့ ရှိပါတယ်။ ချောမွေ့ဖို့ကတော့ အာမခံချက် မရှိပါဘူး။ တပ်မတော်ဘက်က ဒုသမ္မတ တင်မတင်ဆိုတာလည်း နောက်ထပ် စိုးရိမ်ကြတဲ့ ကိစ္စရပ်ဖြစ်ပေမယ့် ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေကို ချိုးဖောက်ဖို့ ဆန္ဒမရှိတဲ့အတွက် ဒီလိုဖြစ်လာနိုင်ချေ အလားအလာနည်းပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူ့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို မျက်ကွယ်ပြုပြီး နည်းစနစ်ဆန်ဆန် ကိုင်တွယ်ရမယ့်ကိစ္စတစ်ခုလို သဘောထားပြီး ငြင်းချက်ထုတ်နေတာ အဆင်မပြေပါဘူး။ နိုင်ငံရေး ယန္တရားတစ်ရပ်၊ တရားရေး မဏ္ဍိုင်ထဲ ခြေတစ်လှမ်းပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ယုံကြည်ထိုက်မှုကို မှတ်ကျောက်တင်ခံဖို့ လိုပါတယ်။ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဝန်ခံပြီး ရလဒ်ကို ယုံကြည်ထိုက်အောင် အာမခံပေးဖို့ လိုပါတယ်။
အိုးရွဲ့ကို စလောင်းပဲ့နဲ့ ဖုံးနေကြတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးမှာတော့ အများလက်ခံကျေနပ်မယ့် အဖြေကို ရှာတွေ့ဖို့ မလွယ်ပဲ ရေတိုအနိုင်အရှုံးကိုပဲ ဆက်ပြီး အာရုံစိုက်နေကြမှာပါ။ ဒီအနေအထားမှာ ဘယ်ဘက်အခြမ်းကပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အခြေအနေတစ်ရပ်ရပ်မှာ နစ်နာတယ်လို့ထင်ရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ငါမပြင်ချင်လို့ဖြစ်ရတာ၊ ငါမပြင်နိုင်လို့ဖြစ်ရတာ၊ ငါမပြင်ခဲ့လို့ဖြစ်ရတာဆိုပြီး ကိုယ့်ကိုယ်ကိုယ်သာ လက်ညှိုးထိုး အပြစ်တင်ကြဖို့ ရှိပါတယ်။ နောင်မျိုးဆက်တွေအတွက် ချန်ထားခဲ့ရမယ့် နိုင်ငံရေးအနေနဲ့ကတော့ ဒီဖွဲ့စည်းပုံကို ကျနော်တို့ မဖြစ်မနေ ပြင်ကိုပြင်ရပါမယ်။ ပြင်တဲ့အခါမှာလည်း နိုင်ငံရေး ယန္တရားတွေကို ဘယ်လိုနေရာချမလဲ၊ ဘယ်လိုအပြန်အလှန်ထိန်းကျောင်းစေမလဲဆိုတာကို အလေးထား ပြင်ဆင်ရပါမယ်ဆိုတာ လက်ရှိအခြေအနေတွေကနေ သင်ခန်းစာယူသင့်ပါတယ်။
ထင်ကျော်အေး ရေးသားသည်။
၂၇ ဇန်နဝါရီ ၂၀၂၁