Posted in Budget Transparency on Sep 30, 2020

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်)ကို လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အတည်ပြုပေးလိုက်တဲ့ ဘတ်ဂျက်ရဲ့ အသုံးစရိတ်အပိုင်းမှာ ဘာတွေပါဝင်သလဲဆိုတာကို ဒီဆောင်းပါးမှာ အနှစ်ချုပ်ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဗဟိုအဖွဲ့အစည်းများ အသုံးစရိတ်

ပြည်ထောင်စုအဆင့်မှာ ဗဟိုအဖွဲ့အစည်း ၁၁ ခု ရှိပြီး အများစုဟာ ဝင်ငွေရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဗဟိုအဖွဲ့တွေရဲ့ အသုံးစရိတ် စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၁၄၈၅၆၈.၀၂၃ သန်း ရှိပြီး သုံးပုံ တစ်ပုံကျော်ဖြစ်တဲ့ ကျပ်သန်း ၅၂၉၈၅.၅၇၆ ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ကော်မရှင်ရဲ့ အသုံးစရိတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၆၀၀၃၇.၆၇၇ သန်းရှိခဲ့ပြီး ရွေးကာက်ပွဲရှိတဲ့ ဒီနှစ်မှာတော့ အသုံးစရိတ်ကို လျှော့ချထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအတွက် အထူးရဲဝန်ထမ်း၊ မဲရုံနဲ့ ဆက်စပ်တဲ့ အလုပ်သမားတွေအတွက် ငွေကုန်ကြေးကျများမှာ၊ ရွေးကောက်ပွဲ မဲလာထည့်ကြဖို့ ပညာပေးသီချင်း ရိုက်ကူးတာတွေ ရှိလာတဲ့နှစ်မှာ အသုံးစရိတ် လျှော့ချထားတာဖြစ်ပါတယ်။

ဗဟိုအဖွဲ့အစည်းတွေထဲမျာ ဒုတိယ အသုံးအများဆုံး အဖွဲ့အစည်းကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖြစ်ပြီး စုစုပေါင်းရဲ့ သုံးပုံ တစ်ပုံဖြစ်တဲ့ ကျပ်သန်း ၄၄၉၂၃.၈၀၄ ကို အသုံးပြုမှာ ဖြစ်ပါတယ်။

တပ်ဘက်ဆိုင်ရာက ဦးဆောင်နေတဲ့ ဝန်ကြီးဌာနများ အသုံးစရိတ်

ဝန်ကြီးဌာန ၂၄ ခုအနက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဟာ နိုင်ငံ့အသုံးစရိတ် စုစုပေါင်းရဲ့ ၂၉.၃ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်းပေါင်း ၄,၉၈၅,၆၈၃.၅၉၇ ကို အသုံးစရိတ်အဖြစ် ထည့်ထားပြီး စုစုပေါင်းရဲ့ ၂၉.၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ သို့သော် ဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေဟာ စီမံကိန်းတွေအတွက် ကိုယ်တိုင်သုံးစွဲ အကောင်အထည်ဖော်ရတဲ့ ဝန်ကြီးဌာန မဟုတ်တဲ့အပြင် တိုင်းနှင့် ပြည်နယ်အလိုက် ထောက်ပံ့ငွေတွေကိုလည်း ဌာနအသုံးစရိတ်ထဲ ထည့်ထားတာကြောင့် ဝန်ကြီးဌာနအလိုက် စဉ်ကြည့်လိုက်ရင် သုံးစွဲမှု အများဆုံး ဝန်ကြီးဌာန ဖြစ်နေရတာပါ။

တပ်ဘက်ဆိုင်ရာအသုံးစရိတ် လျှော့ချဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် တိုးပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ပြောဆိုနေပေမယ့် ဒီနှစ်ဘတ်ဂျက်မှာ ကာကွယ်ရေးအသုံးစရိတ်ဟာ ဒုတိယအမြင့်ဆုံးအမြင့်ဆုံး ဖြစ်နေပါတယ်။ ဝန်ကြီးဌာန ၂၄ ခုရဲ့ အသုံးစရိတ် စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၁၇၀၄၁၉၂၆.၃၄ သန်းကျော် ရှိတဲ့အနက် ၃၄၁၄၁၅၆.၁၉၇ သန်းကျော်ဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းကို တပ်ဘက်ဆိုင်ရာက အသုံးပြုဖို့အတွက် လွှတ်တော်က ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေကြောင့် တပ်ဘက်အသုံးစရိတ် မြင့်တက်လာနေတာလားဆိုတာကိုတော့ မေးခွန်း ထုတ်ဖို့ လိုအပ်ပြီး ဒါကြောင့်ဆိုရင်တော့ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်ထိန်းကျောင်းနိုင်မှုကိုပါ မေးခွန်းထုတ်ရမှာပါ။ တစ်ဖက်မှာ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေချိန် လွှတ်တော်က စစ်ဘက်အသုံးစရိတ်ကို မြင့်မြင့်မားမား ခွင့်ပြုပေးလိုက်တာဟာ ရှေ့နောက်မဆီလျော်သလိုဖြစ်နေပါတယ်။

တပ်ဘက်အသုံးစရိတ် မြင့်မားလာတာနဲ့အတူ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ်တွေကိုလည်း အခုဘဏ္ဍာနှစ်မှာ တိုးမြှင့်ထားပါတယ်။ ပညာရေး အသုံးစရိတ်အတွက် ဝန်ကြီးဌာန စုစုပေါင်းအသုံးစရိတ်ရဲ့ ၁၆.၉ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၂၈၇၃၅၇၁.၁၂၄ ခွင့်ပြုထားပြီး ကာကွယ်ရေးအသုံးစရိတ်ပြီးရင် အများဆုံး ဖြစ်ပါတယ်။ စတုတ္ထအများဆုံးကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသုံးစရိတ်ဖြစ်ပြီး ကျပ်သန်းပေါင်း ၁၄၂၈၅၁၇.၁၂၇ သန်းနဲ့ စုစုပေါင်းရဲ့ ၈.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားရမှာ ကိုဗစ်ကူးစက်မြန်ရောဂါကြောင့် ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် တိုးမြှင်လာတာဟာ ကြိုဆိုရမှာဖြစ်ပေမယ့် ပညာရေးအသုံးစရိတ် တိုးမြှင့်ထားမှုဟာ တကယ်ပဲ ထိရောက်ပါ့မလားဆိုတာ စိုးရိမ်ရပါတယ်။

အဲဒီနောက်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၇ ရာခိုင်နှုန်းနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၅.၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ နိုင်ငံတဝန်း လျှပ်စစ်မီးလင်းရေးကို ဦးစားပေးနေတဲ့ လက်ရှိအစိုးရလက်ထက်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအတွက် အခုနှစ်အသုံးစရိတ်ကိုတော့ ၆၉၁၃၃၆.၀၄၆ သန်း ခွင့်ပြုထားပြီး စုစုပေါင်းရဲ့ ၄.၁ ရာခိုင်နှုန်း ရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တွေပါဝင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန အသုံးစရိတ်ဟာ ကျပ်သန်းပေါင်း ၅၃၂၆၄၃.၀၈၆ သန်းနဲ့ အဌမမြောက် အသုံးစရိတ်အများဆုံး ဝန်ကြီးဌာန ဖြစ်ပါတယ်။

ကျန်ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကတော့ ဝန်ကြီးဌာန စုစုပေါင်းအသုံးစရိတ်ရဲ့ တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိပြီး သမ္မတရုံးနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် ဒီနှစ်မှာ အသုံးစရိတ် တိတိကျကျ သတ်မှတ်ချပေးထားတာ မရှိပါဘူး။

အနုတ်လက္ခဏပြမယ့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ

ဝန်ကြီးဌာနလက်အောက် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း ငါးခု ရှိပြီး ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုသာလျှင် ရငွေနဲ့ အသုံးစရိတ်ကြားမှာ အပေါင်းလက္ခဏာ ပြနေပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက် စီးပွားရေးအဖွဲ့အစည်းဟာ ရှာဖွေနိုင်ငွေ ကျပ်သန်းပေါင်း ၁၇၄၁၃.၀၂၄ ရှိပြီး အသုံးစရိတ်ဟာ ၁၂၅၄၁.၆၄၉ ရှိတာကြောင့် ကျပ်သန်း ၄၈၇၁.၃၇၅ ပိုငွေပြမယ်လို အစိုးရက မျှော်မှန်းထားပါတယ်။

စီမံ/ဘဏ္ဍာ/စက်မှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လျှပ်စစ်/စွမ်းအင် ဌာန လက်အောက်က နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေကတော့ ရငွေ/ဝင်ငွေကွာဟချက်မှာ အနုတ်ပြနေပါတယ်။ ကွာဟမှုဟာ ကျပ်သန်းပေါင်း ၄၃၃ ကျော်ကနေ ကျပ်သန်းပေါင်း ၆၅၁၂၃၀၈ သန်းကျော်အထိ ရှိနေပြီး လျှပ်စစ်/စွမ်းအင်ကတော့ အများဆုံး ဖြစ်ပါတယ်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပက ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း သုံးခုမှာတော့ စွမ်းအင်နဲ့ ပတ်သတ်တဲ့လုပ်ငန်းနှစ်ခုကတော့ ဝင်ငွေ/အသုံးစရိတ်ကြား အမြတ်ပြနေပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကတော့ အနုတ်ပြနေပါတယ်။ ပို့/ဆက်ဝန်ကြီးဌာန လက်အောက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (ဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပ) ရဲ့ ဝင်ငွေငွေ/သုံးငွေ ကွာဟချက်ဟာ ကျပ်သန်းပေါင်း ၆၉၂၂၆.၂၂၁ ထိ ရှိပါတယ်။

စွမ်းအင်ကဏ္ဍလုပ်ငန်း နှစ်ခုဖြစ်တဲ့ ရန်ကုန်နဲ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ အပေါင်းလက္ခဏာ ပြနေပြီး ရန်ကုန်က ကျပ်သန်း ၅၄၁၆.၀၃၆ နဲ့ မန္တလေးက ၄၇၂.၆၂၇ သန်းထိ ပိုငွေပြမယ်လို့ အစိုးရက မှန်းဆထားပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော်

နိုင်ငံဘတ်ဂျက် ရေးဆွဲရာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ဒေသနဲ့ ပတ်သက်ပြီး ကောင်စီနဲ့ စည်ပင်သာယာရေး ကော်မတီဆိုပြီး ပါဝင်ပါတယ်။ နေပြည်တော်ကောင်စီအတွက် အသုံးစရိတ်ခွင့်ပြုထားမှုဟာ ကျပ်သန်းပေါင်း ၆၃၂၁၈.၅၃၂ သန်းအထိ ရှိပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ အသုံးစရိတ်ကတော့ ၄၆၈၆၁.၀၀၃ သန်း ရှိပါတယ်။

ကိုယ်ပိုင်ဝင်ငွေရလမ်းရှိတဲ့ စည်ပင်သာယာရေးကော်မတီဟာ ဝင်ငွေ ၄၈၈၈၉.၂၄၅ သန်း ရှိမယ်လို့ခန်းမှန်းထားတဲ့အတွက် အသုံးစရိတ်ထက်ပိုများတဲ့ ဝင်ငွေကို ပိုရှာနိုင်မယ်လို့ မှန်းဆထားပါတယ်။ ထူးခြားချက်ကတော့ နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်ဟာ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်း ၁၁ ခု အသုံးစရိတ် စုစုပေါင်းရဲ့ ထက်ဝက်ခန့် ရှိနေတာ ဖြစ်ပါတယ်။

အခွန်အကောက်နဲ့ အချိုးအစား

အစိုးရရဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ အခွန်နဲ့ ပတ်သက်ပြီး ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သူများသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်၊ အကောက်ခွန်နဲ့ နိုင်ငံပိုင်သယံဇာတများထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်ဆိုပြီး ခေါင်းစဉ်လေးရပ် ရှိပါတယ်။

ဒီခေါင်းစဉ်လေးခုအောက်ကနေ ကောက်ခံရရှိမယ်လို့ တွက်ချက်ထားတာကတော့ ကျပ်သန်းပေါင်း ၈၆၁၅၆၇၂.၆၄၅ သန်း ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်နှင့် ပြည်သူပြည်သူများ သုံးစွဲမှုအပေါ် ကောက်ခံတဲ့ အခွန်အကောက်ပါဝင်မှုဟာ စုစုပေါင်းရဲ့ ၅၁.၂ ရာခိုင်နှုန်း ကျော် ပါဝင်ပါတယ်။ ဒုတိယအများဆုံးကတော့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ် ကောက်ခံတဲ့ အခွန်အကာက်ဖြစ်ကာ ကျပ်သန်းပေါင်း ၂၇၅၄၁၈၉.၂၁၅ သန်းနဲ့ စုစုပေါင်းကောက်ခံမှုရဲ့ ၃၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အကောက်ခွန်ကတော့ ၆ ရာခိုင်နှုန်းနဲ့ နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခဲ့တဲ့ အခွန်အကောက်ဟာ ၁၀.၈ ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။

ကောက်ခံတဲ့ အခွန်တစ်ခုချင်းစီအလိုက် ဝင်ငွေလျာထားချက်မှာ ဝင်ငွေခွန်ကနေ ကျပ်သန်းပေါင်း ၂၇၅၄၁၈၉.၂၁၅ သန်းရရှိဖို့ အစိုးရက မျှော်လင့်ထားပြီး ကုန်သွယ်လုပ်ငန်းခွန်ကနေ ကျပ်သန်း ၂၂၀၁၉၅၄.၈၄၉ မှန်းထားပါတယ်။ ဒီအခွန်နှစ်ခုရဲ့ စုစုပေါင်းပမာဏဟာ အခွန်ကောက်ခံရမှုအားလုံးရဲ့ ၅၇.၆ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဝင်ငွေခွန်ကို အခွန်အကောက် စုစုပေါင်းပမာဏရဲ့ ၃၂ ရာခိုင်နှုန်းအထိ ရရှိဖို့ မျှော်လင့်ထားမှုဟာ လက်ရှိ ကိုဗစ်ကူးစက်မြန်ရောဂါကြောင့် စီးပွားရေးထိခိုက်ပြီး အလုပ်လက်မဲ့ဖြစ်မှုတွေ တိုးနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် တကယ်ပဲ ဖြစ်နိုင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။

အထူးကုန်စည်ခွန်ကနေ ကျပ်သန်း ၁၆၉၄၂၁၀.၈၄၉ သန်း ရရှိဖို့ အစိုးရက မှန်းထားပြီး ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်ကနေ ကျပ် ၅၄၄၂၅၁.၁ နဲ့ အကောက်ခွန်ကနေ ၅၂၀၀၀၀ သန်း ရရှိဖို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် မနှစ်ကစပြီး ပေါ်ထွက်လာတဲ့ ဥပဒေအသစ်အရ ကောက်ခံရတဲ့ ရတနာခွန်ကနေ ကျပ်သန်း ၉၉၈၇၅.၂၉၂ သန်းသာ ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ပြည်ထောင်စုရဲ့ ထောက်ပံ့မှုမှာ ရှမ်း က အများဆုံး

တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရဲ့ အသုံးစရိတ်လိုငွေကို ပြည်ထောင်စုက ထောက်ပံ့ရာမှာ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုအတွက် ကျပ်သန်းပေါင်း ၂၃၉၄၈၄၂.၂၀၂ ရှိပါတယ်။ ဒီထဲမှာ ရှမ်းပြည်နယ်ကို ထောက်ပံ့ရမှုဟာ ကျပ်သန်း ၂၈၃၀၄၅.၇၅၇ နဲ့ အများဆုံးဖြစ်ပြီး ထောက်ပံ့မှုစုစုပေါင်းရဲ့ ၁၁.၈ ရာခိုင်နှုန်း အထိ ဖြစ်ပါတယ်။ ဒုတိယထောက်ပံ့ပေးရမှု အများဆုံးကတော့ စစ်ကိုင်း (၉.၈ ရာခိုင်နှုန်း) ဖြစ်ပြီး မကွေး (၈.၆ ရာခိုင်နှုန်း)၊ ကချင် (၈.၂ ရာခိုင်နှုန်း) နဲ ရခိုင် (၈.၁ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။ ချင်း၊ တနင်္သာရီနဲ ပဲခူးကတော့ ၇ ရာခိုင်နှုန်းကျော်၊ ဧရာဝတီနဲ့ မန္တလေးက ၆ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ရန်ကုန်ကတော့ စုစုပေါင်းပမာဏရဲ့ ၅.၈ ရာခိုင်နှုန်း ရှိပြီး ကရင်နှင့် မွန်ကတော့ ၄ ရာခိုင်နှုန်းကျော်ရှိကာ အနည်းဆုံးကတော ကယားပြည်နယ် (၃.၄ ရာခိုင်နှုန်း) ကျော် ဖြစ်ပါတယ်။

အရေးပေါ်ရန်ပုံငွေ

အရေးပေါ်ရန်ပုံငွေနဲ့ ပတ်သက်လို့ တိကျတဲ့ လမ်းညွှန်ချက်တွေကို ဘတ်ဂျက်ဥပဒေမှာ ထည့်သွင်းထားပါတယ်။ "အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက်သာလျှင် ဆောင်ရွက်ခွင့် ရှိသည်" လို့ ဥပဒေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အရေးပေါ်ရန်ပုံငွေ စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၁၅၀,၀၀၀ သန်း ရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် ခွဲဝေပေးထားပါတယ်။ ကိုးရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကျပ်သန်း ၁၄၀၀၀ ကိုတော့ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုကို ကျပ်သန်း ၁၀၀၀ စီနဲ့ ခွဲဝေပေးပြီး ကျန် တစ်ရာခိုင်နှုန်းကိုတော့ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်း ၁၁ ခုအတွက် လျာထားပါတယ်။

ဝန်ထမ်းနောင်ရေး ရန်ပုံငွေ

အခု ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်ထဲမှာ ထူးခြားမှုတစ်ခုအနေနဲ့ ပါဝင် လာတာကတော့ "ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ငွေစာရင်း" ဆိုတာ ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း ၁၀၀,၀၀၀ လျာထားချက် ပါဝင်လာတာဟာ "ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကြမ်း" ဥပဒေကြောင့်ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ၂၀၂၀ ဇူလိုင်လကမှ လွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပြီး ဒီနေ့အထိ ဥပဒေအဖြစ် အတည်ပြုပြဌာန်းနိုင်ခြင်းမရှိသေးပါဘူး။ ဘတ်ဂျက်ဥပဒေကိုတော့ ၂၈ သြဂုတ်မှာ ဥပဒေအဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဥပဒေအတည်မဖြစ်သေးပေမယ့် အသုံးစရိတ်အဖြစ် ထည့်သွင်းထားတာကြောင့် ဘဏ္ဍာနှစ်မကုန်မီ ဥပဒေပြဌာန်းနိုင်ခြင်းမရှိခဲ့ရင် သို့မဟုတ် အပြောင်းအလဲဖြစ်ခဲ့ရင်တော့ ဒီအသုံးစရိတ်အပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။

စောင့်ကြည့်ရမယ့် အစိုးရအကူးအပြောင်း ဘတ်ဂျက်

အစိုးရတွေဟာ နိုင်ငံသားပြည်သူတွေက တင်မြှောက်ထားတာဖြစ်လို့ ကိုယ်စားပြုမှုအရ သူတို့ အာမခံထားတဲ့ နိုင်ငံရေးကတိကဝတ်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ “နိုင်ငံရေးအရ” ချဉ်းကပ်စဉ်းစား ရေးဆွဲကြရပါတယ်။ ဒါ့အပြင် လက်တွေ့ အစိုးရရဲ့ ဗျူရိုကရေစီယန္တရားမှာ လက်ခံထားပြီးသား လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအပ်စပ်ဖို့၊ လက်တွေ့နဲ့ မကင်းကွာဖို့အတွက်ကို သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်တဲ့ ပြည်သူ့ဝန်ထမ်းတွေက “နည်းနာပိုင်းအရ” ချဉ်းကပ်ပုံဖော် ရေးဆွဲကြရပါတယ်။ ဘယ်အပိုင်းမှာ နိုင်ငံတော်ဘဏ္ဍာ ဘယ်လောက်သုံးမယ်ဆိုတာကတော့ နိုင်ငံရေးရာထူးရှိထားသူ ရွေးကောက်ခံ နိုင်ငံရေးသမားတွေကသာ အဆုံးအဖြတ်ပေးကြရတာ ဖြစ်ပါတယ်။  လက်ရှိ အနိုင်ရပါတီ NLD အစိုးရက ရေးဆွဲထားတဲ့ ဘတ်ဂျက်ဟာ အစိုးရအကူးအပြောင်းကာလတွင်း ဖြစ်တာမို့ ထူးခြားချက်တွေ ရှိနေပါတယ်။ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ အသုံးစရိတ်တိုးလာသလို တစ်ဖက်မှာလည်း တပ်ဘက်ဆိုင်ရာ အသုံးစရိတ်တွေဟာ တခြားဝန်ကြီးဌာနတွေထက် မြင့်မားနေတာဟာ ဘာကြောင့်လဲဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။

အောင်ထွန်းလင်း ရေးသားသည်။