Posted in Budget Transparency on Jun 12, 2019
ဘဏ္ဍာနှစ် တစ်ဝက်ကျော်လာပြီးတဲ့နောက် အစိုးရအဖွဲ့အစည်းတွေက နောက်ထပ်အသုံးစရိတ် (ဝါ) ဖြည့်စွက်ရန်ပုံငွေ တောင်းခံထားတာနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒီငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ အမှတ် (၈/၂၀၁၉) အရ အဖွဲ့အစည်းတွေရဲ့ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုဟာ ကျပ်ဘီလီယံပေါင်း ၂၆၃၅ ရှိပြီး ဒီပမာဏဟာ (၈) နှစ်တာအတွင်း အများဆုံး တောင်းခံမှု ဖြစ်ပါတယ်။
ဖြည့်စွက်ရန်ပုံငွေ တောင်းတဲ့ထဲမှာ ဝန်ကြီးဌာနတွေအပြင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းတွေရဲ့ တောင်းခံငွေတွေ ပါဝင်ပြီး မူလခွင့်ပြုထားငွေရဲ့ ၁၀ ရာခိုင်နှုန်းနဲ့အထက် တောင်းခံထားသူတွေလည်း ပါဝင်ကာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဆိုရင် မူလခွင့်ပြုငွေရဲ့ ၃၃ % ကျော်အထိ ထပ်တောင်းထားပါတယ်။
ပမာဏအရ ထပ်တိုးတောင်းခံမှု အများဆုံးဝန်ကြီးဌာနက လျှပ်စစ်နှင့် စွမ်းအင် (နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ) ဖြစ်ပြီး ကျပ်သန်းပေါင်း ၇၂၀ဝ၀၅ ကျော် တောင်းခံထားတာပါ။ ဒုတိယအများဆုံးကတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဖြစ်ပြီး ကျပ်သန်း ၃၁၄၄၀၅ သန်းကျော်၊ ကာကွယ်ရေးက ကျပ်သန်း ၂၉၃၀၈၁ သန်းကျော်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း) က ကျပ်သန်း ၂၃၉၀၄၅ သန်းကျော် တောင်းခံထားပါတယ်။
ကျပ်သန်းပေါင်း တစ်သိန်းကျော် တောင်းခံထားသူတွေကတော့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ - ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပ)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ)၊ လျှပ်စစ်နှင့် စွမ်းအင် (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ - ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပ)၊ ပညာရေးနဲ့ နြမ်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ဖြစ်ပါတယ်။ ပမာဏအများဆုံး တောင်းခံသူတွေကို ကြည့်မယ်ဆိုရင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းတွေ ဖြစ်နေတာကို တွေ့ရမှာပါ။
အခု ဘဏ္ဍာနှစ်အတွက် ထပ်တိုးတောင်းခံငွေအတွက် သုံးစွဲနိုင်တဲ့ ကာလဟာ (၄) လလောက်သာ ရှိတော့တဲ့အတွက် အကန့်အသတ်တစ်ခု ဖြစ်နေတယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ ဒါ့အပြင် တည်ဆဲ ဘဏ္ဍာရေးစည်းမျဉ်းအရ တည်ဆောက်ရေးနဲ့ ပစ္စည်းဝယ်ယူရေး လုပ်ငန်းစဉ်တွေမှာ ပြီးစီးမှုအလိုက်ကိုသာ ငွေပေးချေရတာကြောင့် သမ္မတရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ လိုနေကြောင်း သတိပေးထားပါတယ်။
ဖြည့်စွက်ရန်ပုံငွေကို မသုံးဘဲ ပြန်အပ်ရင် ဌာန၊ အဖွဲ့အစည်းရဲ့ ကြီးလေးတဲ့ ချို့ယွင်းချက်ဖြစ်တဲ့အပြင် ထပ်တိုးချထားတာကို မသုံးနိုင်ရင် နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးမရှိရုံသာမက အစိုးရအဖွဲ့က စွမ်းဆောင်ရည် မရှိဘူးလို့ ထင်မြင်ခံရတာကြောင့် အမှန်လိုအပ်ငွေကိုပဲ တောင်းခံဖို့ သမ္မတက ညွှန်ကြားထားတာပါ။
ငွေလဲနှုန်းကြောင့် တိုးလာတဲ့ ဘက်ဂျက်တောင်းခံငွေ
ထပ်တိုးဘက်ဂျက် တောင်းခံမှုမှာ ထူးခြားချက်တစ်ခုကတော့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကြောင့် ဖြည့်စွက်တောင်းခံမှုမှာ ငွေကျပ် ၆၅၁ ဘီလီယံကျော်အထိ ရှိနေတာပါ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာကို ၁၃၆၀ ကျပ်နဲ့သာ ထည့်သွင်းတွက်ချက်ခဲ့တာကြောင့် ဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေမှာတော့ ၁၅၅၀ ကျပ်နဲ့ ဖြစ်တာကြောင့် ငွေလဲနှုန်းအရ ထပ်တိုးငွေဟာ တိုးမြှင့်လာတာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း မြင့်တက်မှုမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပဋိပက္ခကြောင့် တရုတ်နဲ့ နီးစပ်တဲ့ မြန်မာငွေပါ တန်ဖိုးကျဆင်းခြင်းဖြစ်ပြီး ရေရှည်မှာ နိုင်ငံရဲ့ အခြေခံစီးပွားတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးနဲ့ ဇိမ်ခံပစ္စည်းသုံးစွဲမှု လျှော့ချရေးအပြင် နိုင်ငံခြားသုံးငွေ ယိုစီးမှုဖြစ်ပေါ်စေမယ့် အသုံးစရိတ်လျှော့ချရေး လုပ်ဆောင်နိုင်မှသာ ပြည်တွင်းငွေကြေး ခိုင်မာမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ဖြည့်စွက်ရန်ပုံငွေနဲ့ ခြောက်လပတ်စွမ်းဆောင်ရည်
အခု ဘဏ္ဍာနှစ်အတွက် နောက်တိုးဘက်ဂျက် တောင်းခံမှုတွေနဲ့ပတ်သတ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက တကယ်ကော လက်တွေ့အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်တွေကို ဆန်းစစ်တဲ့အခါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း (၁၀) ခုနဲ့ ဝန်ကြီးဌာန (၂၁) ခု၊ စည်ပင်သာယာကော်မတီ (၃) ရပ် (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကောင်စီ) ဆိုပြီး ခွဲခြားဆန်းစစ်ရမှာပါ။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်း (၁၀) ခုမှာဆိုရင် ခြောက်လအတွင်း လုပ်ဆောင်ရမယ့် လုပ်ငန်းအရေအတွက်ပေါင်း ၁၂၁၄၁ ရှိပေမယ့် လုံးလုံး ဆောင်ရွက်နိုင်ခြင်းမရှိတာဟာ ၆၁၄၂ ခု ရှိတာကြောင့် သတ်မှတ်ချက်ရဲ့ ထက်ဝက်ကိုသာ အကောင်အထည် ဖော်နိုင်တာ တွေ့ရပါတယ်။ စည်ပင်သာယာကော်မတီ (၃) ခုမှာတော့ လုပ်ငန်းအရေအတွက်ပေါင်း ၁၆၈၂ ခုရှိပြီး လုံးလုံး ဆောင်ရွက်နိုင်ခြင်း မရှိတာဟာ ၇၆၂ ခု ရှိနေပါတယ်။
(၆) လပတ်ကာလအတွင်း ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် လုပ်ငန်းပြီးစီးမှုကို ခွင့်ပြုထားတဲ့ သုံးစွဲငွေအပေါ် အမှန်တကယ် သုံးစွဲထားမှုနဲ့ တိုင်းတာတဲ့အခါ ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်တာဟာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖြစ်ပြီး ၅၀ % ပြည့်မီတာဟာ ပြည်ထဲရေးဝန်ကြီးဌာနတစ်ခုတည်း ရှိပါတယ်။ ဒီထဲမှာမှ ပညာရေးဝန်ကြီးဌာနရဲ့ အကောင်အထည်ဖော်နိုင်စွမ်းက ၉.၈၃ % နဲ့ အနည်းဆုံး ဖြစ်ပါတယ်။ အစီရင်ခံစာမှာ အမျိုးသားလွှတ်တော်ရုံး၊ တိုင်းရင်းသားလူမျိုးများရေးရာနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေ မပါဝင်ပါဘူး။
ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ စည်ပင်ကော်မတီတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဘဏ္ဍာနှစ် ပြောင်းလဲရခြင်းရဲ့ အဓိက ရည်ရွယ်ချက်နဲ့ အနှစ်သာရကို ပြည့်မီအောင် လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ပြည်သူ့ငွေစာရင်းကော်မတီက အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
အစီရင်ခံစာအရ ဝန်ကြီးဌာနနဲ့ စည်ပင်ကော်မတီတွေရဲ့ ပြုပြင်ပြီး ခန့်မှန်းငွေစာရင်းအပေါ် အမှန်သုံးစွဲနိုင်မှုဟာ စီမံကိန်းလုပ်ငန်း သတ်မှတ်ချက်အတိုင်း မပြီးမြောက်တဲ့အတွက် အထွေထွေပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံရတာတွေ ရှိပါတယ်။ အပ်နှံငွေဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အသားတင်အပ်နှံငွေ ကျပ် ၁၆၅၇.၂ ဘီလီယံအထိ ရှိခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ်မှာဆိုရင် ၂၂၆၇.၄၀၁ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ပြည်ထောင်စုက ခွဲဝေပေးထားတဲ့ အသုံးစရိတ်ကို သတ်မှတ်ကာလအတွင်း အကျိုးအရှိဆုံးနဲ့ အထိရောက်ဆုံး စီမံခန့်ခွဲရမှာဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တာဝန် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး လုပ်ငန်းစီမံကိန်းတွေကို အချိန်မီ အပြည့်အဝပြီးစီးဖို့ တာန်ယူ၊ တာဝန်ခံစနစ်နဲ့ လုပ်ဆောင်ဖို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တိုက်တွန်းထားပါတယ်။
ကော်မတီနဲ့ စိစစ်ရေးပူးပေါင်းအဖွဲ့ (၂၀)
ဖြည့်စွက်ခွင့်ပြုငွေ (ဝါ) နောက်တိုးဘက်ဂျက် ထပ်တောင်းတာနဲ့ ပတ်သက်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီနဲ့ စိစစ်ရေး ပူးပေါင်းအဖွဲ့ (၂၀) က အချက် (၂) ချက်အပေါ် အခြေခံပြီး စိစစ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအချက် (၂) ချက်ကတော့ (က) လာမည့်ဘဏ္ဍရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း (BE) ၌ ဆောင်ရွက်နိုင်သည်များကို BE မှသာ တောင်းခံရန်နဲ့ (ခ) ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်၍ ကျန်ရှိသည့် (၄) လခန့်အတွင်း အမှန်သုံးစွဲနိုင်မည့် ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲစီမံကိန်းများ၊ ယခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များကိုသာ ဦးစားပေးတောင်းခံရန် တို့ ဖြစ်ပါတယ်။
ထပ်တိုးငွေ တောင်းခံမှု စုစုပေါင်းဟာ ကျပ် ၂၆၃၅၁၉၆.၅၀၄ သန်းရှိကာ ကော်မတီနဲ့ စိစစ်ရေးပူးပေါင်းကော်မတီ (၂၀) က စိစစ်မှုတွေ လုပ်ပြီးနောက်မှာတော့ ကျပ်သန်း ၂၆၀၇၅၁၃.၇၁၆ ကို ခွင့်ပြုသင့်ကြောင်း ထောက်ခံထားပြီး ကျပ် ၂၇၆၈၂.၇၈၈ ကိုသာ ဖြတ်တောက်ထားပါတယ်။ ဒီဖြတ်တောက်မှုဟာ ထပ်တိုးတောင်းခံငွေစုစုပေါင်းရဲ့ ၁ % သာသာပဲ ရှိပါတယ်။
သို့သော် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနနဲ့ စည်ပင်ကော်မတီတွေဟာ မူလချထားတဲ့ ဘက်ဂျက်ပါ စီမံကိန်းတွေအပေါ် အကောင်အထည်ဖော်နိုင်စွမ်း နိမ့်ကျနေသလို သက်တမ်း (၄) လသာ သုံးခွင့်အချိန် ကျန်တော့တဲ့ နောက်တိုးဘက်ဂျက် ထပ်တောင်းမှုအပေါ် ၁% ကျော်သာ စိစစ်လျှော့ချခဲ့တာနဲ ပတ်သက်လို့ မေးခွန်းထုတ်သင့်ပါတယ်။
ထပ်တိုးဘက်ဂျက်ငွေ တောင်းခံမှုနဲ့ ပတ်သက်လို့ ငွေစာရင်းကော်မတီက သဘောထားမှတ်ချက် ပြုထားရာမှာ တည်ဆောက်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ယူကြပ်မတ် ကွပ်ကဲဆောင်ရွက်ရမှာ ဖြစ်ပေမယ့် လက်တွေ့မှာ သတ်မှတ်ချက်နဲ့အညီ မပြီးတဲ့အတွက် ခွင့်ပြုထားငွေကို ဘဏ္ဍာရေးနှစ် ကျော်လွန်သုံးစွဲခွင့်ပင် ပေးထားခဲ့ရတယ်လို့ ပါရှိပါတယ်။
နောက်တိုးဘက်ဂျက်ကကော အလုပ်ဖြစ်မှာလား
ဘဏ္ဍာနှစ်ဝက် (၆) လပတ် ကာလ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အားရလောက်စရာ မကောင်းတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ (၆) ပတ်ကာလအတွင်း တည်ဆောက်ရေးနဲ့ လုပ်ငန်းစီမံကိန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုံးလုံး မလုပ်ဆောင်နိုင်ထားသလို ဆောင်ရွက်ပြီးနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်းတွေရဲ့ အသုံးစရိတ်ကလည်း ခွင့်ပြုပေးထားငွေရဲ့ ၂၂.၆၆ % ပဲ ရှိနေပါသေးတယ်။
နောက်တိုးဘက်ဂျက် ထပ်တောင်းတာဟာ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိထိရောက်အောင် စနစ်တကျ စီမံခန့်ခွဲသုံးစွဲကြရန် လိုတယ်လို့ သမ္မတ ဦးဝင်းမြင့်က ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၉) အစည်းအဝေးမှာ လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။
အစီရင်ခံစာပါ အချက်အလက်တွေအရ မူလခွင့်ပြုထားငွေ အသုံးပြုမှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ဟာ အားရစရာ မကောင်းဖြစ်နေချိန်မှာ ဖြည့်စွက်ရန်ပုံငွေ ထပ်တောင်းတာဟာ ခွင့်ပြုခဲ့ရင်တောင် တကယ်ကော အလုပ်ဖြစ်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒါ့အပြင် ဖြည့်စွက်ငွေတောင်းခံမှုကို စိစစ်ခဲ့တဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာကလည်း ရှေ့နောက် မညီညွတ်မှုတွေ ရှိနေပြီး အစိုးရဌာနတွေရဲ့ စွမ်းဆောင်ရည် နိမ့်ကျတယ်လို့ ဆိုထားပေမယ့် ကော်မတီရဲ့ စိစစ်လျှော့ချမှုက မည်ကာမတ္တသာသာပဲ ဖြစ်နေတာပါ။
သို့သော် ခွဲဝေချထားပေးတဲ့ရန်ပုံငွေကို ပြည့်မီအောင် သုံးစွဲနိုင်မှု မရှိတာကြောင့် လျာထားချက်အတိုင်း လုပ်ငန်းဆောင်ရွက်မှု မပြီးစီးတော့ဘဲ နိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့လည်း ကော်မတီက အစီရင်ခံစာမှာ ဆိုထားပါတယ်။
နိုင်ငံ့ဖွံ့ဖြိုးရေးနဲ့ ပြည်သူ့တွေရဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေ ဖော်ဆောင်နိုင်ဖို့ အစိုးရက ဘက်ဂျက်စိစစ်ဖြတ်တောက်တာတွေကို သိပ်မလုပ်ဘဲ ခွင့်ပြုနေပေမယ့် အမှန်တကယ် မဖော်ဆောင်နိုင်လို့ ပြန်အပ်ရတာတွေ၊ ဘဏ္ဍာနှစ်ကျော်နေသည့်တိုင် စီမံကိန်းတွေကို ဆက်လုပ်ခွင့်ပြုနေတာတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်နေတာကို အစီရင်ခံစာပါ ကိန်းဂဏန်းတွေက သက်သေခံနေပါတယ်။
ဒါကြောင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေရဲ့ မူလခွင့်ပြုထားငွေနဲ့ ဖော်ဆောင်ရမယ့် လုပ်ငန်းစီမံကိန်းတွေနဲ့ နောက်တိုးဘက်ဂျက် တောင်းခံမှုမှာ ပါဝင်မယ့် လုပ်ငန်းစီမံကိန်းတွေ အချိန်မီ ပြီးမြောက်နိုင်အောင် စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဒီစွမ်းဆောင်ရည်ပေါ်ကနေ အစိုးရတစ်ခုလုံးကို လူထုက အမှတ်ပေး အကဲဖြတ်ကြမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အောင်ထွန်းလင်း ရေးသားသည်။
ကိုးကား - ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ် (၈/၂၀၁၉) - ပြည်သူ့ငွေစာရင်းကော်မတီ (ပြည်ထောင်စုလွှတ်တော်)